ခက်ဆစ်ချို(ရန်ကုန်) - လောကဓံ
ခက်ဆစ်ချို(ရန်ကုန်)
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၁
ဘဝကို ကြယ်ကြွေတွေလို ခြုံကြည့်ခဲ့
တစ်ချောင်းတည်းသော ခြေထောက်ဟာလည်း
လောကဓံကို ခြေစုံကန် ရင်ဆိုင်ရတာပါပဲ
ကံတရားဆိုတာ
ဘယ်အထိထိုးစိုက်နေတဲ့
ဆင်းရဲခြင်းမျိုးလဲ
အဖေဘယ်မှာလဲ
အဖေဘယ်မှာလဲ
အဖေဘယ်မှာလဲ
မေးခွန်းဟာ
အမှောင်ထဲမှာ
စိုရွှဲတောက်ပနာကျင်လျက်
အမေ စျေးရောင်းကောင်းရဲ့လား
လောကဓံဓားချက်တွေအောက်မှာ
အမေ့ဇရာဟာ မီးစာကုန်ဆီခန်းလု
ကျောင်းတက်ချင်လိုက်တာ
အမေရယ်
ဆန္ဒကို ဘဝက ကြိုးပေးသတ်ခဲ့ပါတယ် ။
ဘာပဲဖြစ်ဖြစ်
သမီးတို့ ကံကောင်းပါတယ် အမေ
ဘဝဆိုတာ
အိပ်ရာပေါ်လှဲချလိုက်ရုံနဲ့
ကြယ်တွေလတွေကို
မြင်နေရတာမျိုးမဟုတ်လား ။ ။