နေသွင်ညိဏ်း - အမေရိကန်ပြည်ထောင်စု၏ ၄၆ ယောက်မြောက်သမ္မတ
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၁
အမေရိကန်၏ ၄၆ ယောက်မြောက်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင်ဟာ သမ္မတ အိုဘားမား လက်ထက်မှာ ဒုတိယသမ္မတအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နိုင်ငံရေးလောကထဲကို မရောက်ခင်မှာ ရှေ့နေတစ်ယောက် ဖြစ်ခဲ့တယ်။ အသက် ၃၀ မှာ အမေရိကန် အထက် လွှတ်တော်ရဲ့ အမတ်ဖြစ်လာပြီး အထက်လွှတ်တော် သမိုင်းမှာ အသက်အငယ်ဆုံး အမတ်တွေထဲက တစ်ယောက် ( ပဥ္စမမြောက်) ဖြစ်ခဲ့တယ်။ ဘိုင်ဒင်ဟာ အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းမှာ ရှိတဲ့ ဒါလက်ဝယ် ပြည်နယ်ငယ်လေးရဲ့ သက်တမ်းအကြာဆုံး ဆီနိတ်အမတ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ၂၀၁၉ မှာ လူဦးရေ တစ်သန်းတောင် မပြည့်သေးပါ။
သူ့ရဲ့ ၂၀၀၈ ခုနှစ်က သမ္မလောင်း ဖြစ်ဖို့ စည်းရုံးရေး အများအာရုံစိုက်တာ မခံရပေမယ့် ဒီမိုကရက်တစ် ပါတီ သမ္မလောင်း ဘာရတ် အိုဘားမားက သူ့ကို ဒုတိယသမ္မလောင်းအဖြစ် ရွေးချယ်ခဲ့လို့ သမ္မတ အိုဘားမားရဲ့ သက်တမ်း နှစ်ဆက်လုံးမှာ သူဟာလည်း ဒုတိယသမ္မ ဖြစ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်၊ အိုဘားမားအစိုးရ သက်တမ်း ကုန်ခါနီးမှာ သမ္မတ၏ လွတ်မြောက်ရေး ဆု ချီးမြှင့်ခဲ့ရပါတယ်။ နောက်ထပ် နှစ်နှစ်အကြာမှာတော့ ဘိုင်ဒင်က အမေရိကန် သမ္မတ ဖြစ်ဖို့ စည်းရုံးမှုတွေကို စတင်ခဲ့ပြီး ၄၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရပါတယ်။
အစောပိုင်းဘဝ
ဘိုင်ဒင်ဟာ ၁၉၄၂၊ နိုဝင်ဘာ ၂၀ မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခြေခံလူတန်းစားတွေများတဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်ထဲက စခရွန်တန် ဆိုတဲ့ မြို့လေးမှာ ကြီးပြင်းခဲ့ပါတယ်။ သူ့ဖခင် ဂျိုးဇက် ဘိုင်ဒင် (အကြီး) ကလည်း သံရည်ကြိုဖိုက သန့်ရှင်းရေးသမား၊ ကားအဟောင်း ဝယ်ရောင်းလုပ်သူ ဘဝနဲ့ မိသားစုကို ပင်ပန်းဆင်းရဲခံကာ ရှာဖွေကျွေးမွေးခဲ့တယ်။ ၂၀၀၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဘိုင်ဒင်ရဲ့ မိခင်က ကက်သလင်း ဖင်းဂန်းက အသက် ၉၂ အရွယ် (၂၀၁၀) မှာ ကွယ်လွန်တာ ဖြစ်လို့ ဘိုင်ဒင် ဒုတိယ သမ္မတ ဖြစ်တာကို မြင်ခဲ့ရပါတယ်။
ဘိုင်ဒင်က သူ့မိဘတွေအကြောင်းပြောတိုင်းမှာ အလုပ်ကြိုးစားပြီး ဇွဲနဘဲ ကြီးတဲ့ စိတ်ဓာတ်ကို အမြဲပြောလေ့ရှိတယ်။ သူ့အဖေက မကြာခဏပြောလေ့ရှိတဲ့ “ င့ါသား၊ ယောင်္ကျားဆိုတာ ဘယ်နှစ်ကြိမ် လဲကျလဲကျ ကိစ္စမရှိဘူး။ လဲကျတိုင်းမှာ ဘယ်လောက် မြန်မြန် ပြန်ထနိုင်သလဲ ဆိုတာက အဓိကပဲ” ဆိုတဲ့စကားကို မကြာခဏ ကိုးကားလေ့ရှိတယ်။ ဘိုင်ဒင် ငယ်ငယ်က ရပ်ကွက်ထဲက သူ့ထက် ကြီးတဲ့ ကလေးတွေက အနိုင်ကျင့်ခံရပြီး ဝမ်းနည်းပြီး ပြန်လာတဲ့အခါ သူ့မိခင်က “ သူတို့ကို နှာခေါင်းသွေးထွက်အောင် ခံချလေ၊ ဒါမှ နောက်နေ့ကျရင် လမ်းမပေါ် ထွက်လို့ရမှာပေါ့” လို့ ပြောလေ့ ရှိတယ်။
စခရွန်တန် မြို့က စိန့်ပေါ မူလတန်းကျောင်းမှာပဲ ကျောင်းစအပ်ခဲ့ပါတယ်။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့အတိုင်း ၁၉၅၅ ခုနှစ်၊ ဘိုင်ဒင် အသက် ၁၃ နှစ်သားအရွယ်မှာတော့ သူတို့ မိသားစုတွေ ဒါလက်ဝယ် ပြည်နယ်ထဲက မေဖီးလ်မြို့လေးဆီကို ပြောင်းကြတယ်။ အဲဒီအချိန်က အနီးနားက ဒူပွန့် ဓာတုကုမ္ပဏီကို အကြောင်းပြုလို့ မေဖီးလ်မြို့လေးမှာ လူလတ်တန်းစားတွေ အလျင်အမြန် တိုးပွားနေတဲ့ အချိန်။
ကလေးဘဝမှာ ဂျိုးဘိုင်ဒင်ဟာ စကားထစ်တာကြောင့် ရွယ်တူ ကလေးတွေကြားမှာ အလှောင်ခံခဲ့ရတယ်။ ဘိုင်ဒင်လေးက မခံချင်စိတ်နဲ့ ကဗျာ အရှည်ကြီးတွေကို အလွတ်ကျက်ပြီး မှန်ရှေ့မှာ ပြန်ရွတ်ပြီး စကားမထစ်အောင် တစ်ယောက်တည်း လေ့ကျင့်ရင်းနဲ့ စကားထစ်တာလည်း ပျောက်သွားတော့တယ်။
ဘိုင်ဒင်ဟာ စိန့် ဟယ်လန်နာ ကျောင်းမှာ ထူးချွန် ကျောင်းသားတွေပဲ တက်ခွင့်ရတဲ့ အက်ချမာ အကယ်ဒမီ ဥပစာတန်း ကို တက်ခွင့်ရတဲ့ ကျောင်းသား ဖြစ်လာတယ်။ မိဘတွေက ကျောင်းစရိတ် မတတ်နိုင်တဲ့အတွက် ကျောင်း ပြတင်းတံခါးတွေကို သန့်ရှင်းရတဲ့ အလုပ်၊ ပန်းခြံမှာ ပေါင်းမြက်တွေကို ရှင်းလင်းရတဲ့ အလုပ်တွေ လုပ်ခဲ့ရပေမယ့် ဇွဲကောင်းကောင်းနဲ့ ကျောင်းဆက်တက်ဖို့ ကြိုးစားခဲ့တယ်။ ဘိုင်ဒင်က “ ကျနော့်ဘဝမှာ အပြင်းပြဆုံး ဆန္ဒ” လို့ ပြောပါတယ်။ အက်ချမာ အကယ်ဒမီ ကျောင်းသားဘဝမှာလည်း ဘိုင်ဒင်က လူကောင်သေးပေမယ့် ကျောင်းစာရော၊ အားကစားမှာပါ ထူးချွန်တယ်။ ၁၉၆၁ ခုနှစ်မှာ အက်ချမာ အကယ်ဒမီ အောင်တယ်။
ကောလိပ်၊ အိမ်ထောင်၊ ဥပဒေကျောင်းသား
ဒီနောက်မှာတော့ ဒါလက်ဝယ် တက္ကသိုလ်မှာ ဒေသကောလိပ် ဆက်တက်ပါတယ်။ သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံ အထူးပြုယူပြီး ဘောလုံးလည်း ဆက်ကစားတယ်။ ကောလိပ် ပထမနှစ်နှစ်မှာ ပညာရေးထက် ဘောလုံး၊ ရည်စားနဲ့ အပျော်အပါးတွေနဲ့ အချိန်ကုန်ခဲ့တာများတယ်လို့ ဘိုင်ဒင်က ဝန်ခံဖူးပါတယ်။ ၁၉၆၁ ခုနှစ်မှာ ဂျွန်အက်ဖ် ကနေဒီ သမ္မတ ရာထူး လက်ခံတဲ့ အချိန်လောက်မှာပဲ သူဟာ နိုင်ငံရေးကို စိတ်ဝင်စားခဲ့နေပါပြီ၊
ကောလိပ်ကျောင်းသားဘဝ နွေရာသီကျောင်းအားလပ်ရက် ခရီးစဉ်တစ်ခုမှာ ဆီးရက်ကူး ယူနီဗာစတီကျောင်းသူ နေလီယာ ဟန့်တားကို တွေ့ပြီး၊ မြင်မြင်ချင်းပဲ ချစ်မိသွားတယ်လို့ ဘိုင်ဒင်က ဆိုပါတယ်။ အချစ်ကို တွေ့ပြီးတဲ့နောက်မှာ ဆီးရက်ကူး တက္ကသိုလ်မှာ ဥပဒေကျောင်း တက်ခွင့်ရဖို့အတွက် ပညာကို ပိုပြီး ကြိုးစားခဲ့တယ်။ ၁၉၆၅ မှာ ဒါလက်ဝယ် တက္ကသိုလ် ဥပဒေတန်းကို တက်ရောက်ဖို့ ဝင်ခွင့်ရသွားပါတယ်။ နောက်တစ်နှစ် ၁၉၆၆ မှာပဲ ဘိုင်ဒင်နဲ့ ဟန့်တား တို့ လက်ထပ်လိုက်ကြတယ်။
နိုင်ငံရေးသမားဘဝ
၁၉၆၈ ခုနှစ်မှာ ဥပဒေကျောင်းကနေ ဘွဲ့ရပါတယ်။ ဒါလက်ဝယ်ပြည်နယ်ထဲက ဝီမင်တန် မြို့ကို ပြောင်းရွှေ့ပြီး ရှေ့နေဘဝကို စတင်ခဲ့တယ်။ တချိန်တည်းမှာပဲ ဒီမိုကရက်တစ် ပါတီထဲလည်း တက်တက်ကြွကြွ ပါဝင်နေပြီး၊ ၁၉၇၀ မှာ နယူးကက်စ်တယ် ဒေသကောင်စီမှာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတယ်။ ကောင်စီဝင်အဖြစ် တာဝန်ယူနေစဉ် ၁၉၇၁ ခုနှစ်မှာ ဘိုင်ဒင်က ဥပဒေ လုပ်ငန်း တစ်ခုကို ထူထောင်ပါတယ်။
အလုပ်တွေ မအားမလပ်ကြားမှာပဲ ဘိုင်ဒင်တို့ ဇနီးမောင်နှံမှာ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ရင်သွေး သုံးယောက် ထွန်းကားခဲ့တယ်။ ဂျိုးဇက် ဘိုင်ဒင် (တတိယမြောက်) ကို ၁၉၆၉ မှာ မွေးပြီး ဟန့်တာ ဘိုင်ဒင်ကို (၁၉၇၀)၊ နိုမီ ဘိုင်ဒင်ကို (၁၉၇၁) မှာ မွေးပါတယ်။ အဖြစ်အပျက်တွေက မျှော်လင့်ထားတာထက် ပိုပြီး မြန်တယ်လို့ ဘိုင်ဒင်က သူ့ဘဝအကြောင်းကို ပြန်ပြောဖူးတယ်။
၁၉၇၂ ခုနှစ်မှာ ဒါလက်ဝယ် ပြည်နယ် ဒီမိုကရက်တစ် ပါတီက အသက် ၂၉ နှစ်ပဲ ရှိသေးတဲ့ ဘိုင်ဒင်ကို အထက် လွှတ်တော်နေရာအတွက် ဝင်ပြိုင်ဖို့ တာဝန်ပေးခဲ့တယ်။ သူ့ပြိုင်ဖက်က အဲဒီအချိန်က ရီပက်ဘလစ်ကုန် ပါတီက လူကြိုက်လည်းများ၊ အထက်လွှတ်တော်အမတ်လည်း ဖြစ်နေဆဲ ဂျေကာလက်ဘော့စ်။ ဘယ်လိုမှ မနိုင်လောက်ဘူးလို့ တော်တော်များများက ထင်ကြေးပေးမယ့် ဘိုင်ဒင်က စည်းရုံးရေးကို မနားမနေ လုပ်တယ်။ မောင်နှမတွေ၊ နှစ်ဘက် မိဘတွေပါမကျန်အောင် ဘိုင်ဒင်ရဲ့ စည်းရုံးရေးမှာ အားပေးကူညီခဲ့ကြတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ မဲပေးသူများတဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒင်ဟာ လက်ရှိ အမတ်ကို အနိုင်ရပြီး အမေရိကန် သမိုင်းမှာ ပဥ္စမမြောက် အသက်အငယ်ဆုံး ဆီနိတ် အမတ် ဖြစ်လာတယ်။
ကံဆိုးမိုးမှောင်ကျခြင်း
ဘိုင်ဒင်ရဲ့ အိပ်မက်တွေ မထင်မှတ်ဘဲ တကယ် ဖြစ်လာတဲ့ တချိန်တည်းမှာပဲ ကံကြမ္မာဆိုးလည်း တန်းတန်း မတ်မတ် ရောက်လာတော့တယ်။ ၁၉၇၂ ခရစ္စမတ်မတိုင်ခင် တစ်ပတ်အလိုမှာပဲ ဘိုင်ဒင်ရဲ့ ဇနီးနဲ့ ကလေး သုံးယောက်ဟာ ခရစ္စမတ် သစ်ပင် သွားဝယ်တဲ့ လမ်းမှာ ဆိုးရွားတဲ့ ကားမတော်တဆဖြစ်တယ်။ သူ့ဇနီးနဲ့ သမီးတို့ ပွဲချင်းပြီး သေဆုံးသွားပြီး သားနှစ်ယောက်စလုံး ဒဏ်ရာရသွားတယ်။ ဒီအဖြစ်အပျက်ကို ဘယ်လိုမှ ဖြေမဆည်နိုင်တာကြောင့် သေကြောင်းကြံဖို့တောင် စဉ်းစားဖူးတယ်လို့ ဘိုင်ဒင်က ပြောဖူးတယ်။
ဒါပေမယ့် မိသားစုတွေက ဝိုင်းဖျောင်းဖျတာကြောင့် ဘိုင်ဒင်ဟာ ဆီနိတ်အမတ် ဖြစ်လာပါတယ်။ ဆီနိတ် အမတ်အသစ်တွေ ဝါရှင်တန်မှာ ကျမ်းကျိန်နေတဲ့ အချိန်မှာ ဘိုင်ဒင်က ဆေးရုံးပေါ်မှာပဲ သားနှစ်ယောက်ကို လူနာစောင့်ရင်း ကျမ်းကျိန်ခဲ့ရတယ်။ သားနှစ်ယောက်ကို အချိန်များများ ပေးနိုင်အောင်လို့ ဝီမင်တန် မြို့မှာပဲ ဆက်နေပြီး ဝါရှင်တန်ကို နေ့စဉ် ရထားစီးပြီး လွှတ်တော် တက်ပါတယ်။ ဒီလိုနဲ့ နေ့စဉ် ရထားစီးပြီး လွှတ်တော်တက်တာဟာ ဘိုင်ဒင်ရဲ့ ဆီနိတ်အမတ်ဘဝတလျောက်လုံး ဖြစ်သွားတော့တယ်။
ဆီနိတ်အမတ်ဘဝ
၁၉၇၃ ကနေ ၂၀၀၉ ခုနှစ်အထိ ဆီနိတ် အမတ်ဘဝမှာ ဘိုင်ဒင်ဟာ လူသိများ ထင်ရှားသူ ဖြစ်လာပါတယ်။ အထက်လွှတ်တော်ရဲ့ နိုင်ငံခြားရေး ဝါဒကို ပုံဖော်သူတွေထဲမှာ လူရိုသေရှင်ရိုသေ အမတ်တစ်ယောက်ဖြစ်လာခဲ့ပြီး၊ နိုင်ငံခြား ဆက်ဆံရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ နိုင်ငံခြားရေးနဲ့ပတ်သက်လို့ သူ့ရဲ့ ရပ်တည်ချက်တွေကို ကြည့်ရင် ဆိုဗီယက်ပြည်ထောင်စုကို လက်နက်လျော့ချရေး၊ ဘောလကန်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းချမ်းကိစ္စ၊ နေတိုး စစ်မဟာမိတ်အဖွဲ့ထဲမှာ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံတွေကို ထည့်သွင်းရေး၊ ပထမ ပင်လယ်ကွေ့စစ်ပွဲကို ဆန့်ကျင်ခြင်း တို့ကို တွေ့ရပါတယ်။ နောက်ပိုင်း နှစ်တွေမှာလည်း ဘိုင်ဒင်ဟာ ဒါဖာ ဒေသမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အမေရိကန်က အရေးယူ ဆောင်ရွက်ရေး တောင်းဆိုတာ၊ ဂျော့ဒဗလျူဘုရှ် လက်ထက် အီရတ် စစ်ကို ကိုင်တွယ်ပုံကို ဝေဖန်သူ စသဖြင့် တွေ့ရပါတယ်။ ဒါတင်မက ဘိုင်ဒင်ဟာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေကို တင်းကြပ်လွန်းတယ်ဆိုပြီး အမြဲတမ်း ဝေဖန်လေ့ရှိတယ်။ အထက်လွှတ်တော် ဥပဒေရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။
သမ္မတ ရည်မှန်းချက်
၁၉၈၇ မှာ ဘိုင်ဒင်ဟာ ဒီမိုကရက်တစ် အမတ်တွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်လာပြီး၊ သမ္မတလောင်းဖြစ်ရေးအတွက် ဝင်ပြိုင်ပေမယ့် ပါတီတွင်း ပြိုင်ပွဲမှာပဲ ရှုံးနိမ့်သွားတယ်။ ထိုစဉ်က သူ့ပြောတဲ့ မိန့်ခွန်းဟာ တခြား လူဆီက ကူးချတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တယ်။ စည်းရုံးရေးကာလမှာ အခက်အခဲတွေ ကြုံပြီး၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဦးနှောက်သွေးကြောဖောင်း ရောဂါကို ဆရာဝန်တွေက တွေ့ရပြီး ၁၉၈၈ မှာ ပါတီတွင်း ပြိုင်ပွဲကနေ ထွက်လိုက်တယ်။ ခွဲစိတ်ကုသမှုကို ခက်ခက်ခဲခဲ ခံယူခဲ့ပြီးတဲ့နောက် ခုနစ်လ အကြာမှာတော့ လွယ်လွယ် အရှုံးမပေးတတ်တဲ့ ဘိုင်ဒင်ဟာ လွှတ်တော်ဆီ ပြန်ရောက်လာခဲ့တယ်။
ဒုတိယ သမ္မတဘဝ
ပထမအကြိမ် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့် နှစ်ပေါင်း ၂၀ အကြာ ၂၀၀၇ ခုနှစ်မှာ ဘိုင်ဒင်က သမ္မတလောင်း ဖြစ်ခွင့်ရဖို့ ကြိုးစားပြန်တယ်။ အထက်လွှတ်တော်မှာ အတွေ့အကြုံများ ခဲ့တာ မှန်ပေမယ့်လည်း ဟယ်လာရီ ကလင်တန်နဲ့ ဘာရတ် အိုဘားမားတို့ရဲ့ အရှိန်ကြောင့် ဘိုင်ဒင်အပေါ် လူအာရုံစိုက်မှု မရဘဲ ပြိုင်ပွဲက ထွက်ခဲ့ရပြန်တယ်။
လအတန်ကြာတဲ့အခါမှာ အိုဘားမားက ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ဖြစ်လာပြီး ဘိုင်ဒင်ကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဘိုင်ဒင်ဟာ အခြေခံ အလုပ်သမားထုရဲ့ ထောက်ခံမှု ရရှိထားသူ ဖြစ်တဲ့အတွက် အိုဘားမားရဲ့ စည်းရုံးရေးကို များစွာ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ ဘာရတ် အိုဘားမားနဲ့ ဂျိုးဘိုင်ဒင် အတွဲက အရီဇိုးနား ဆီနိတ်တာ ဂျွန်မက်ကိန်းနဲ့ အလက်စကာ အုပ်ချုပ်ရေးမှူး ဆာရာပဲလင်း တို့ အတွဲကို အနိုင်ရပါတယ်။ ၂၀၀၉ ဇန်နဝါရီမှာ အိုဘားမားက အမေရိကန်ရဲ့ ၄၄ ယောက်မြောက် သမ္မတအဖြစ် ကျမ်းကျိန်တဲ့အခါ ဘိုင်ဒင်ကလည်း ၄၂ ယောက်မြောက် ဒုတိယသမ္မတ ဖြစ်လာတယ်။
ဒုသမ္မတ ဘိုင်ဒင်ဟာ သမ္မတ အိုဘားမားကို နောက်ကွယ်က အကြံပေးသူနဲ့ အနေများပေမယ့် အီရန်နဲ့ အာဖဂန်နစ္စတန် အရေးနဲ့ပတ်သက်လာရင်တော့ ရှေ့တန်းက ပါလေ့ရှိတယ်။ ၂၀၁၂ ခုနှစ်မှာ အိုဘားမား ဘိုင်ဒင် အတွဲက ရီပက်ဘလစ်ကန် ပြိုင်ဖက် မန်ဆာချူးဆက် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်းနေးနဲ့ ဝစ်ကွန်ဆင် အောက်လွှတ်တော်အမတ် ပေါ ရန်း တို့ကို အနိုင်ရပါတယ်။ သမ္မတ အိုမားဘားက ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်ပြီး ဘိုင်ဒင်လည်း ဒုတိယသမ္မတ အဖြစ် ဆက်လက်ထမ်းဆောင်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ ဘိုင်ဒင်က လွှတ်တော်တွင်း အခွန်ကိစ္စ အငြင်းအခုံ၊ အစိုးရအသုံးစရိတ် လျော့ချခြင်း ကိစ္စတွေမှာ သူ့ရဲ့ ဆီနိတ်အမတ်ဘဝ အဆက်အသွယ်၊ အတွေ့အကြုံ၊ သိက္ခာကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။ ကျောင်းတွေမှာ သေနတ်ပစ်မှုတွေ ဖြစ်တဲ့ အဖြစ်အပျက်တွေနောက်ပိုင်း လက်နက် ထိန်းချုပ်ရေး လှုပ်ရှားမှုတွေမှာလည်း ဘိုင်ဒင်ဟာ ထင်ရှားတဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။
အိမ်ဖြူတော်ဆီပြန်လာ
လက်ရှိ ဘိုင်ဒင်ရဲ့ ဇနီးက ၁၉၇၇ ခုနှစ်ကတည်းက လက်ထပ်ထားသူဖြစ်ပါတယ်။ သူတို့မှာ အက်စလေ ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ၂၀၁၅ မှာ ဘိုင်ဒင်ရဲ့ သားတစ်ယောက် ဦးနှောက်ကင်ဆာနဲ့ ကွယ်လွန်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ ဘိုင်ဒင်ဟာ အကြီးအကျယ် စိတ်ထိခိုက်ပြီး နိုင်ငံရေးကနေ နားတော့ဖို့ စဉ်းစားခဲ့သေးတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သမ္မတ အိုဘားမားက ဒုတိယသမ္မတ ဘိုင်ဒင်ကို သမ္မတ၏ လွတ်မြောက်ခြင်း ဆုတံဆိပ်ချီးမြှင့်တဲ့အခမ်းအနားမှာ အမေရိကန်သမိုင်းမှာ အတော်ဆုံး ဒုတိယ သမ္မတလို့ ချီးကျူးခဲ့တယ်။ အမေရိကားမှာ အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုကို မမျှော်လင့်ဘဲ ချီးမြှင့်ခံရတဲ့ ဘိုင်ဒင်ဟာ ဆုပေးပွဲအခမ်းအနားမှာ မျက်ရည်ကျခဲ့တယ်။
တာဝန် သက်တမ်း ပြီးဆုံးသွားတဲ့အခါမှာ ဘိုင်ဒင်ဟာ နှုတ်ဆိတ်မနေနိုင်ဘဲ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်တယ်။ ၂၀၁၇ အောက်တိုဘာမှာ ဘိုင်ဒင်က ထရမ့်ကို အုပ်ချုပ်ရေး အကြောင်း နကန်း တစ်လုံးမှ နားမလည်တဲ့ လူလို့ ဝေဖန်ခဲ့တယ်။ ၂၀၁၉ ဧပြီလ ၂၅ မှာ အားလုံး မျှော်လင့်ပြီးသား သတင်းကို ဘိုင်ဒင်က တရားဝင် ကြေညာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်ဖို့အတွက် ဒီမိုကရက်ပါတီတွင်း သမ္မတလောင်း ပြိုင်ပွဲထဲ သူဝင်လာတယ်။ ၂၀၂၀ ဩဂုတ်လမှာ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မလောင်း ဖြစ်လာပြီး၊ အိန္ဒိယ နွယ်ဖွား ကာမာလာ ဟဲရစ်ကို ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပြီး၊ နောက်ထပ် လေးရက်အကြာ နိုဝင်ဘာ ၇ ရက်နေ့မှာ သူ့ ဇာတိ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရတဲ့ ဘိုင်ဒင်က ပြိုင်ဘက် လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကို အနိုင်ရပြီး၊ အမေရိကန်ရဲ့ ၄၆ ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခံရပြီလို့ ကြေညာပါတယ်။ နိုင်ငံရေး ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ပြီးနောက် ဂျိုး ဘိုင်ဒင်ဟာ မဲအရေအတွက် ၈၁ သန်းကျော် (ဒေါ်နယ်ထရမ့် ၇၄ သန်းကျော်) ရရှိပြီး အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး (၇၈ နှစ်) သမ္မတ ဖြစ်လာပါတယ်။
နေသွင်ညိဏ်း
= စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။