Breaking News

မျိုးသန့်ထွန်း (စစ်ကိုင်း) - " ဝန်ကြီးချုပ်ဘဝမှ ထွက်တဲ့နေ့"



မျိုးသန့်ထွန်း (စစ်ကိုင်း) - " ဝန်ကြီးချုပ်ဘဝမှ ထွက်တဲ့နေ့" 

(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၁

အမှန်မှာ ဒီခေါင်းစဉ်ကို ၁၉၅၈ခုနှစ်က ထုတ်ဝေတဲ့ ဟံသာဝတီနေ့စဥ်သတင်းမှာ ပါရှိသော "ဝန်ကြီးချုပ်ဘဝမှထွက်တဲ့နေ့ ပြောင်းမည့်အိမ်ကို ဦးနုကိုယ်တိုင်လိုက်ပြ၏" ဆိုတဲ့ ခေါင်းစီးအထဲက "ဝန်ကြီးချုပ် ဘဝမှထွက်တဲ့နေ့" လို့ယူထားပါတယ်။ 

ဦးနု(၁၉၀၇-၁၉၉၅)ဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးရပြီး ပထမဦးဆုံး ဒီမိုကရေစီ ဝန်ကြီးချုပ်တစ်ဦဖြစ်ပါတယ်။တစ်ချိန်က ဦးနု ရဲ့ သမိုင်းဝင်၊ကမ္ဘာကျော်စကားတစ်ခုရှိပါတယ်။အဲဒါက "ကျနော်ကို သူခိုးလို့ကြေညာပါ ဆိုတဲ့ဦးနုရဲ့သမိုင်းဝင် စကားဟာ ယနေ့တိုင် ဂျာနယ်စာစောင်များနဲ့ လူမှုကွန်ယက်မှာ ဂုဏ်ယူဝံ့ကြွားစွာ နေရာယူလို့နေပါတယ်။ ဒါဟာလည်း ခေတ်ပေါ် ဝန်ကြီးချုပ်တွေကို မီးမောင်းထိုးပြလိုက်တယ်လို့ထင်ပါတယ်။ 

ထိုတန်ဖိုးရှိ ဦးနု-စကားမှာက.... ""ကျွန်တော်ဝန်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို စစ်ဆေးပါ။ ဝန်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်တစ်ပြား ပိုရှိနေတာတွေ့တယ် ဆိုရင်ကျွန်တော့်ကို "သူခိုး"လို့ကြေညာပါ။ ကျွန်တော် ခံပါ့မယ်။"လို့ဆိုပါတယ်။ 

 ဒါဟာဝန်ကြီးချုပ်(ဟောင်း) ဦးနုရဲ့ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့စကားတစ်ခွန်းဖြစ်ပါတယ် ။ထိုစကားကို နောင်တစ်ခေတ် နိုင်ငံခေါင်းဆောင်ဖြစ်မည့်သူများ စံနမှုနာယူထိုက် မှတ်သားထိုက်ပါပေတယ်။ 

အခုပြောမှာက ဝန်ကြီးချုပ်ဘဝက ဦးနု အိမ်အကြောင်းပါ။ စာရေးသူမှာ ကြာခဲ့ပါပြီး စာကြည့်တိုက်တစ်ခုမှာ သတင်းစာအဟောင်းတစ်စောင်ကို ဖတ်မိပါတယ်။ ထိုသတင်းစာရဲ့နေ့စွဲကို အတိကျပြောရရင် ဟံသာဝတီသတင်းစာ- တွဲ(၁၂) No.321၊ ၁၀ အောက်တိုဘာလ ၁၉၅၈ခုနှစ်ထုတ်ဝေခဲ့ပါတယ်။ ဟံသာဝတီသတင်းစာဟာ ၁၈၈၉ခုနှစ်ကတည်က နေ့စဥ်ထုတ်ဝေခဲ့တယ်လို့သိရပါတယ်။ ထိုအချိန်က ဒီမိုကရေစီခေတ်လည်းဖြစ်ပါတယ်။သတင်းစာ လွတ်လပ်ခွင့် ဟာ ဘယ်လောက်အရေးပါခဲ့သလဲဆိုတာကိုဖော်ပြနေပါတယ်။

၁၉၅၈ခုနှစ်ထုတ်ဟံသာဝတီသတင်းစာပါ အကြောင်းအရာအချိုကို မှုရင်းစာသားအတိုင်ဖော်ပြခွင့်ပြုစေချင်ပ့တယ်။ ဒါမှ စာရေးသူ လုပ်ကြံဖန်တီးအပြီးရေးသားထားတာလုံးဝ လုံးဝမပါကြောင်းပြချင် လိုပါ။ ဒီလိုပါ ထိုသတင်းစာမှာ ပါဝင်အကြောင်းအရာဟာ ဝန်ကြီးချုပ်ဦးနုရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းကို ဖော်ပြထားပါတယ်။ 

အချိန်က ၉ အောက်တိုဘာလ ၁၉၅၈ခုနှစ် နေ့၊မနက် ၁၀နာရီလောက် မှာ ဝင်ဒါမီယာရှိ ဝန်ကြီးချုပ်ဘဝနေအိမ်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ရှင်းလင်းတဲ့အကြောင်းက ထို ဟံသာဝတီ နေ့စဥ်သတင်းစာရဲ့ ရှေ့ဆုံးမှာ "ဝန်ကြီးချုပ်ဘဝမှ ထွက်တဲ့နေ့ ပြောင်းမည့်အိမ်ကို ဦးနုကိုယ်တိုင် လိုက်ပြ၏" ဆိုတဲ့ခေါင်းစီးနဲ့ဖော်ပြထားပါတယ်။ 

အဲဒီအချိန်က ဝန်ကြီးချုပ်ဦးနု ဟာ ဝန်ကြီးချုပ် ဘဝနဲ့ ဝင်ဒါမီယာ (ယခု ဦးသန့်ပြတိုက်နဲ့မျက်စောင်းထိုးကအိမ်) နေအိမ်မှာ နေထိုင်ပါတယ်။ ဦးနုဟာ ဝန်ကြီးချုပ်နေအိမ်မှာသတင်းစာဆရာများ ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ၎င်းသတင်းစာအဟောင်းမှာ ပါရှိတဲ့အကြောင်းရင်းကို ဖော်ပြချင်ပါတယ်။ ဒီလိုပါတဲ့ ... မကြာမီက သတင်းစာတစ်စောင် မှာ "ကုလား ဆရာဝန်တစ်ဦးရဲ့ နှစ်ထပ်တိုက် ကို မိမိ(ဦးနု) နေထိုင်မည့်အိမ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ထိုဖော်ပြချက်ဟာ မှားယွင်းနေကြောင်း၊မဟုတ်ကြောင်း ဖြေရှင်းချက်ပေးသော်လည်း အမှန်ကို ထည့်သွင်းဖေါ်ပြခြင်းကို မတွေ့ရသေးကြောင်း။ နိုင်ငံရေးသမားတွေ မဟုတ်သည့်အလုပ်လုပ်တာတွေ့ရင် သတ္တိရှိရှိချကြပါ။ မိမိလက်ခံပါကြောင်း...လုပ်ကြံပြီးထည်ရင်မကောင်းကြောင်း ဦးနုက ဆိုပါတယ် ။ 

ဒီအပြင် ဝန်ကြီးချုပ်က ယခု မိမိနေထိုင်မည့်အိမ်မှာ မိမိ ညီမ(ဝမ်းခွဲ)မခင်စု(စာရေးဆရာမ ခင်နှင်းယု)ရဲ့ နေအိမ်ဖြစ်ပါတယ်။ဦးနုမှာ " ယနေ့အထိ ကျွန်တော်ပိုင် အိမ်မရှိပါကြောင်း"။ ဒါပေမယ့် မမြရီရဲ့မိဘများထံက ရရှိသောငွေနဲ့ဝယ်ထားသော မြေကလေးတော့ရှိပါတယ်တဲ့။ ထိုမြေကွက်ကို ဘယ်နှစ်ခုနှစ်လောက်က ဝယ်ခဲ့တယ်။အကျယ်ဘယ်လောက်ရှိတယ်။ မည်သူပိုင်တယ် စာချုပ်ကို သတင်းထောက်များကို ပြသပေးမည် ဆိုတဲ့အကြောင်းများကို ဦးနု ကရှင်းလင်းပြောပြပါတယ်။ တကယ်လည်း သတင်းထောက်များကို ပြသခဲ့ပါတယ်။ 

ထိုနောက် ဦးနု ကဆက်ပြောပြတာကို သတင်းစာက ဖော်ပြရာမှာ.."၎င်းနောက် ဦးအုံးခင် (မိုးကြိုးဦးအုန်းခင်၊ ဗမာခေတ်) ကတော့ စာအုပ်တအုပ်ရေး ပေးလျှင် အိမ်တလုံး ဆောက်ပေးမည်ဟုပြောပါသည်။ (ရယ်စရာစကားလို့ထင်ပါတယ်) ဟုပြောပြပြီး သတင်းထောက်များကို ဂွတ္တလစ်လမ်းခွဲ (ယခုဆရာစံလမ်းကို ဂွတ္တလစ် လမ်းလို့ယခင်က ခေါ်) ပြည်ထောင်စုရိပ်သာလမ်းရှိ ဒေါ်ခင်စုနေအိမ် တထပ်တိုက်ကလေးနှင့် ဒေါ်မြရီပိုင် ခြံမြေကလေးကို လိုက်လံပြသ၏" လို့ မှုရင်းသတ်ပုံအတိုင်း ဖော်ပြထားပါတယ်။ 

ဒေါ်ခင်စု ဆိုတာ ဦးနုရဲ့ညီအစ်မ ဝမ်းခွဲ စာရေးဆရာမဒေါ်ခင်နှင်းယုဖြစ်ပါတယ်။ပြောရရင် ဒေါ်ခင်နှင်းယုဟာ ဦးနုကို အစ်ကိုအရင်းထက် ချစ်ခင်လေးစာကြည်ညိုပါတယ်။ စာဖတ်သူများ ကို ဆရာမခင်နှင်းယု ရေးတဲ့ "ကျွန်မ၏ချစ်သူ" စာအုပ်ကို ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ 

ဆက်လက်၍ ထိုသတင်းစာပါ အကြောင်းအရာများကို ဖေါက်သယ်ချပြရရင်... ဦးနုကိုယ်တိုင် သတင်းထောက်များကို လိုက်လံပြသတဲ့ဓါတ် ပုံနှင့်တကွ.. "၎င်းခြံကလေးထဲမှာ၌ တဲကလေးတလုံးရှိပြီး ၎င်းတဲကလေးပေါ်မှာတော့ ကျွန်တော် စာအေးအေးဆေးဆေး ရေးနိုင်မှာ ပါဘဲဟု ဝမ်းသာအားရပြောပဲပြီးနောက် ဒါ ကျွန်တော်နေမဲ့နေရာပါဘဲ ဓါတ်ပုံရိုက်ကြပါဟုပြောပြီးဓါတ်ပုံရိုက်ခံ၏" လို့ မှုရင်းသတင်းစာက စာသားများကို ဖော်ပြပါတယ်။ 

ဒီအကြောင်းကို အန်တီသန်း(ဦးနု-သမီးငယ်ဒေါ်သန်းသန်းနု)ကို ပြောပြတော့ "တဲ"တော့ မဟုတ်ပါဘူး ဟိုတုန်းက Bed Sheets ( ဖော်မြူလာအပြားတွေလိုပဲ) တွေနဲ့ မြေစိုက်ခပ်ကြီးကြီး ဆောက်ထားတာပါ။ ဖေဖေ့ ဘုရားစင်ထုတော်တွေက အများကြီးရှိနေ တော့ ခပ်ကြီးကြီးဆောက်မှ ပိုအဆင်ပြေမှာမဟုတ်ပါလား လို့ ပြောပြပါတယ်။

ဤသတင်းစာမှာ ဖော်ပြချက်ကမပြီသေးပါဘူး။ "ညီမအိမ်တွင်"လို့ ဖော်ပြရာမှာ "ဝန်ကြီချုပ်ဦးနုက ၎င်းကမ္မဋ္ဌာန်းတဲကလေးပေါ်၌နေပြီး (ဦးနုဇနီး) ဒေါ်မြရီတို့ကို ၎င်းရှေ့၌ တဲအိမ်ဆောက်နေစေမည်ဟု ကြားရ၏။ ၎င်းကို ဒေါ်ခင်စုကမသင့်တော်သဖြင့် ၎င်းတိုက်(ဒေါ်ခင်စုအိမ်) မှာနေရန် ပြော၍ နေလိုက်ရသည်ဟု သိရ၏။ ဝန်ကြီးချုပ်ဦးနုသည် ၎င်းနေထိုင်သည့်နေရာတိုင်းတွင် ဘုရားဆောင်ကို အထူးသဖြင့်ဂရုစိုက်ခါ သီးသန့်ဆောက်လုပ်ပူဇော်ပါ၏။ ယခုလည်း ဘုရားဆောင်ကို ဆောက်လုပ်နေသည်ကို တွေ့ခဲ့ရ၏"လို့ သတင်းစာမှာရေးသားထားပါတယ်။

နောက်တစ်ခါ "နှုတ်ဆက်ပွဲ"ဆိုတဲ့" ဝန်ကြီးချုပ်ဦးနုဟာ ဝန်ကြီးချုပ်ဘဝက နေထိုင်သော နေအိမ်မှမပြောင်းရွေ့မှီနှုတ်ဆက်သောအနေဖြင့် သတင်းစာဆရာများနှင့် အောက်တိုဘာလ၂၅ရက်နေ့တွင် ထပ်တွေ့ဆုံမည်ဟု ဆိုပါတယ်။ နောက်ဆုံးအရေးကြီးတဲ့အရာတစ်ခုကိုဖော်ပြရရင်.. ဝန်ကြီးချုပ်ဦးနု အိမ်သစ်ပြောင်း(တဲအိမ် ကြီး ) ရွေ့သည့်အခါတွင် နိုင်ငံခြား (နိုင်ငံခြားတိုင်းပြည်များက ပေးသော လက်ဆောင်များ) လက်ဆောင်ပစွည်းများကို ဗိုလ်နေဝင်းအား လွှဲပေးမည်ဟု ဆို၏"လို့ ရေးသားထားပါတယ်။

ဤအရာကိုကြည့်ခြင်းဖြင့် စာပေနှင့် ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးနုဟာ အာဏာ၊ ရာထူးနှင့် ပစ္စည်းများကို မက်မောခြင်း တွယ်တာခြင်း အလျင်းမရှိ၊ စွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း အတွေးတော ရလိုက်ပါတယ်။

"အခုခေတ်ဝန်ကြီးချုပ်တွေနဲ့ ကွာပါ့ကွာ ဆီနှင့်ရေလိုပဲ"လို့ မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ 

နောက်ထပ်အတွေးတစ်ခုရလိုက်တာက လူကြီးတစ်ယောက်က  ပြောဖူးပါတယ်။ သူပြောတာက "ခေါင်းဆောင်ကောင်းတို့မည်သည် တိုင်းပြည်အုပ်ချုပ်ရာ၌ သက်တမ်းတိုကြ၍ မကောင်းတဲ့ခေါင်းဆောင်တို့မည်သည်......." တဲ့ ... ဟုတ်/ မဟုတ်ဆိုတာ စာဖတ်သူများ အတွေးတောဆင်ခြင်နိုင်ဖို့ ပေးလိုက်ပါတယ်။ 

စာဖတ်သူများအား အစဥ်ချစ်ခင်လေးစားလျက်ပါ။

မျိုးသန့်ထွန်း (စစ်ကိုင်း) 
(၁၁-၁-၂၀၂၁)