Breaking News

ကျော်ဇံလှ(ကလေးဝ) - နွေဦးတေး

Photo Credit- Lonely Planet
နွေဦးတေး
ကျော်ဇံလှ(ကလေးဝ)
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၁

ဇော်ဝင်းထွဋ်အသံနဲ့တူတဲ့ဥသြငှက်က သစ်ရွက်တွေကြွေနေတဲ့ သစ်ပင်ပေါ်မှာ အသံစမ်းလို့။ ထန်းပင်ပေါ်က ဦးကြီးချစ်ဦးက  ပြာလဲ့လဲ့ပင်လယ်ပြင်နဲ့တူတဲ့ သူ့မိသားစုဝမ်းစာကို  ဗိုလ်အောင်ဒင်နဲ့ညှိရင်း သီချင်းဆိုတယ်။  လှေခါးထောင်မယ်မကြံသေးဘူး ထန်းလျက်ပေးယူထားတဲ့ကြွေးရှင်က ထန်းပင်အောက်ရောက်နေပြီ။ တမာရွက်တွေက ကြွေနေလိုက်တာ မြေကြီးဟာ နင်းရက်စရာမရှိအောင် ခါးတယ်။ တချက်တချက် ဝှေ့လာတဲ့လေပြေက ထန်းသမားသောကကို ကိုယ်ချင်းမစာဘူး။ ထန်းလျက်ဖို(ထညက်ဖို) ဘေးက ထဘီရင်ရှားနဲ့ကလေးမဟာ ဦးကြီးချစ်ဦးသမီး အကြီးမပေါ့။

မီးခိုးတွေကြောင့်လား  သောကအပူကြောင့်လား ဝေခွဲမရတဲ့မျက်ရည်ပူတွေဟာ ထညက်(ထန်းလျက်)ပူအိုးထဲ ကျတယ်။
ထန်းရည်ချိုချိုကို မျက်ရည်ပူပူနဲ့ ရောကြိုထားတဲ့ (ထညက်)ထန်းလျက်ခဲတွေဟာ ချိုကောချိုနိုင်ပါရဲ့လား၊ ပြစ်ချွဲချွဲ (ထန်းလျက်)ထညက်ရေကို ဘဝပူပူနဲ့ လုံးရတယ်။ ဦးကြီး ချစ်ဦးက ထန်းပင်တွေ တစ်ပင်ပြီးတစ်ပင် တက်တယ် ဆင်းတယ်။

သမီးကြီးက (ထန်းလျက်)ထညက်ဖိုထဲကမထွက်ရဘူ၊း အကြွေးရှင်က ဗျိုင်းတကောင်လို အစာကောက်တယ်။ ဘဝတွေဟာ ဖလင်ကော်ပြားကို အမြန်ရစ်ပြနေသလိုပါပဲ။ ဒါကို အရီးခင်မက တမလွန်ကကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်နေတယ်။ လွမ်းဖွယ်ပ။

ဗိုလ်အောင်ဒင်ထောင်ကျသွားတော့  ဦးကြီးချစ်ဦးလည်း တောက်တစ်ချက်ပြင်းပြင်းခေါက်ပြီး ထန်းပင်ပေါ်ကဆင်းလိုက်တယ်။ (ထန်းလျက်)ထညက် ပေးယူထားတဲ့ကြွေးရှင်ကပြန်သွားပြီ။ သမီး အကြီးမက (ထန်းလျက်) ထညက် အိုးထဲက ပိုလျှံနေတဲ့မျက်ရည်တွေကို သူ့ထဘီအထက်ဆင်နဲ့ သုတ်လိုက်တယ်။  နက်ဖန်မနက် ထညက်ချက်ဖို့ ထန်းပလပ်တွေ ကောက်ရဦးမယ်။

ဦးကြီးချစ်ဦးက နက်ဖန်ထန်းဆက်တက်ဖို့ တောအရက်ကလေး နဲ့ အားဖြည့်ရဦးမယ်။ ဇာတ်လမ်းကိုဆက်မယ်ကြံတော့  ဗိုလ်အောင်ဒင်ကို ရာမက နှိပ်စက်တဲ့အခန်းရောက်နေပြီ။  သူ သည်နွေဦးတေးကိုဆက်ဆိုဖို့မဆိုဖို့ အရက်သောက်ရင်း စဉ်းစားနေပေလိမ့်။ ။