Breaking News

အမေရိကန်သမ္မတအသစ် အာဏာလွှဲပြောင်းဖို့ ဝါရှင်တန်ဒီစီမှာ ရှေ့တန်းစစ်မျက်နှာလို ပြင်ဆင်နေ



အမေရိကန်သမ္မတအသစ် အာဏာလွှဲပြောင်းဖို့ ဝါရှင်တန်ဒီစီမှာ ရှေ့တန်းစစ်မျက်နှာလို ပြင်ဆင်နေ

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၁

နိဝင်ဘာလဆန်း အမေရိကန်အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ဂျိူးဘိုင်ဒင်နဲ့ ကင်မလာဟဲရစ်တို့ က သမတနဲ့ ဒုသမတအဖြစ် အသီးသီး ရွေးကောက်တင်မြှောက်ခံရပါတယ်။ အောက်လွှတ်တော်မှာလည်း ဒီမိုကရက်ပါတီဝင်တွေ အများစုအနိုင်ရကြပါတယ်။ အထက်လွှတ်တော်ရွေးကောက်ပွဲမှာတော့ ဇန်နဝါရီလဆန်းမှာ ကျင်းပရတဲ့ အရေးပေါ်ရွေးကောက်ပွဲရလဒ်ကြောင့် ဒီမိုကရက်တွေပဲ မဲအသာစီးရခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မဲပေးသူအများဆုံး၊ အငြင်းပွားမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ကိုဗစ်၁၉ ကာလမှာ မဲပေးရတာမို့ အဓိက စာတိုက်ကနေ ကြိုတင်မဲပေးသူ ဦးရေကလည်း ပုံမှန်တိုက်ရိုက်မဲပေးသူနီးပါးလောက် ရှိခဲ့ပါတယ်။ လက်ရှိအာဏာရ ရီပတ်ဘလစ်ကန်ပါတီနဲ့ သမတ ထရန့်တို့က ၎င်းတို့ ရွေးကောက်ပွဲ ရှုံးနိမ့်ရတာကို ဝန်မခံဘဲ မဲလိမ်တယ် မဲခိုးတယ်ဆိုပြီး တန်ပြန်စွပ်စွဲတာအပြင် တရားစွဲဆိုတာ၊ လူစုလူဝေးနဲ့ ကန့်ကွက်တာတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့ကြပါတယ်။ 

နိဝင်ဘာ လဆန်း ရွေးကောက်ပွဲအဆုံးအဖြတ်ပြီးနောက် အရေးပေါ်ရွေးကောက်ပွဲနဲ့ အဆုံးအဖြတ်ကို လိုအပ်ပါက ဇန်နဝါရီလဆန်းမှာ လုပ်ပြီးတာနဲ့ လွှတ်တော် ၂ ရပ်ကနေ သမတအသစ်နဲ့ အမတ်အသစ်များကို နောက်အစိုးရသက်တမ်း လွှတ်တော်သက်တမ်းအသစ်အဖြစ် ဇန်နဝါရီ ၆ ရက်မှာ တရားဝင်အသိမှတ်ပြုပေးဖို့ ဖြစ်ပါတယ်။ သို့သော် ရွေးကောက်ပွဲရှုံး သမတ ထရန့်နဲ့ ရီပတ်ဘလစ်ကန် အမတ်များနဲ့ အပေါင်းအပါတွေက အဲသည်နေ့မှာ လွှတ်တော်ကို တက် သိမ်းပိုက်ပြီး ဒီမိုကရေစီအစိုးရစနစ်ကို ဖျက်ဆီးဖို့ စုစည်း လှုံဆော်ပြီး လူစုလူဝေးကြီးနဲ့ မင်းမဲ့စရိုက် ကျင့်ခဲ့ကြပါတယ်။ အဲသည် လွှတ်တော်အကြမ်းဖက် အရေးအခင်းမှာ အကြမ်းဖက်သူ ၄ ဦးနဲ့ လွှတ်တော် ပုလိပ် ၁ ဦး သေဆုံးခဲ့ရပြီး အရေးပေါ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အခြေအနေကိုပြန်လည် ထိန်းသိမ်းခဲ့ရပါတယ်။ အဲသည်နောက် လွှတ်တော်က သမတအသစ်ကို အောင်မြင်္ငစွာ အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အမေရိကန်သမိုင်းမှာ မကြုံစဖူး အလွန်အရုပ်ဆိုး အကျည်းတန်လှတဲ့ ရွေးကောက်ပွဲ၊ လွှတ်တော်၊ ဒီမိုကရေစီစနစ်ကို အကြမ်းဖက်မှု စိန်ခေါ်မှုအဖြစ် မှတ်တမ်းတင်ကျန်ရစ်မှာ ဖြစ်တဲ့အပြင် ဇန်နဝါရီ ၂၀ ရက် သမတအသစ်အဖြစ် ကျမ်းကျိန်ပွဲအခမ်းအနားကိုလည်း ထရန့် ကို ထောက်ခံတဲ့ လူဖြူအစွန်းရောက် အကြမ်းဖက်သမားတွေရန်ကို ကာကွယ်ဖို့ တွန်းလှန်နိုင်ဖို့အတွက် အမေရိကန်စစ်သား ၂သောင်းခွဲကို ဝါရှင်တန်ဒီစီ နေပြည်တော်မှာ လွှတ်တော်အတွင်းကနေ လမ်းမများပေါ်အထိ ချထားရပါတယ်။ လမ်းများ ပန်းခြံများ နဲ့ အများဆိုင်စုဝေးရာ နေရာတွေအားလုံးကို အတားအဆီး အရန်အတားများ ထူထပ်စွာ ချထားပြီး အားလုံးကို စောင့်ကြပ်စစ်ဆေးလျက်ရှိပါတယ်။

လက်ရှိသမတ ထရန့်ကို အစိုးရမဏ္ဍိုင်တခုကနေ လွှတ်တော်နဲ့ ဥပဒေမဏ္ဍိုင်တို့ကို ပုန်ကန် အကြမ်းဖက်ရန် လှုံဆော်မှုနဲ့ လွှတ်တော်က ပြစ်တင်ရှုပ်ချ အရေးယူဖို့ အောက်လွှတ်တော်က အဆိုတင်သွင်းထားပါတယ်။ အထက်လွှတ်တော်ဆီကို ခုထိ မတင်ရသေးသော်လည်း နောင်အစိုးရအသစ်နဲ့ လွှတ်တော်အသစ်ကနေ ကြားနာစစ်ဆေး ဆုံးဖြတ်ဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရာထူးကနေ သက်တမ်းပြည့်လို့ အနားယူ ဆင်းပေးရမယ့် သမတတဦးအနေနဲ့ ပြည်သူတို့၏ ထောက်ခံမှု ယုံကြည်မှု အနည်းဆုံးအဖြစ် အနိမ့်ဆုံးအဖြစ် သွားရမှာ ဖြစ်ပါတယ်။ သမတကို ထောက်ခံပြီး လွှတ်တော်ကို အကြမ်းဖက်တဲ့ လူဖြူအကြမ်းဖက်သမားတွေကို ဆက်လက်ဖမ်းဆီးအရေးယူမှုတွေ ထောက်လှမ်းရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေပြီး သမတကျမ်းကျိန်ပွဲကို အနှောက်အယှက်ပေးမည့်ရန်ကိုလည်း ကြိုတင် ထောက်လှမ်း နှီမ်နင်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဝါရှင်တန်ဒီစီဟာ သမတအသစ် ကျမ်းကျိန်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ သက်ဆိုင်ရာဌာနများက အထူးအရေးယူဆောင်ရွက်နေတဲ့ မြင်ကွင်းဟာ ရှေ့တန်းစစ်မျက်နှာတခု စစ်ဆင်ရေးမျက်နှာစာတခုနဲ့ တူနေပါတော့တယ်။ လက်ရှိ အီရတ်၊ အာဖဂန်၊ ဆီးရီးယားမှာ ရှိနေတဲ့ အမေရိကန်စစ်အင်အားထက် ဝါရှင်တန်မှာ ချထားတဲ့ စစ်တပ်က ပိုများတယ်လို့ ဆိုကြပါတယ်။ အမေရိကန်တပြည်လုံးက ပြည်နယ်အစိုးရရုံးတော် လွှတ်တော်တွေမှာလည်း ထရန့်ထောက်ခံသူ လူဖြူအစွန်းရောက်တွေက လက်နက်ကိုင်ပြီး ဆန္ဒပြကြဖို့ ဆော်ဩနေကြတာ သတင်းထွက်နေလို့ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထားတာကို တွေ့ရပါတယ်။ သည်တနင်္ဂနွေနေ့ မှာ အင်အားပြမယ်လို့ လက်ယာစွန်း လူဖြူအစွန်းရောက် လက်နက်ကိုင်တွေက ကြိမ်းထားသော်လည်း ပြည်နယ် ၄ ခုက လွှတ်တော်ရုံးအချို့မှာ လူဦးရေ ၁၀ ဦးမျှ သာ ပေါ်လာတယ်လို့ သတင်းဌာနတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီ နေတဲ့ မြန်မာအမျိုးသမီးတဦးကတော့ ဒီစီက စစ်သားများ ၊ လမ်းပိတ်ဆို့မှုများ၊ မျက်နှာဖုံးမတပ်ထားတဲ့ ဧည်တစိမ်းများ၊ အခြားပြည်နယ်မှတ်ပုံတင်နဲ့ မော်တော်ကားများကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားပြီး မိတ်ဆွေများအချင်းချင်း မျှဝေထားတာကို တွေ့ရပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အေးချမ်းစွာနဲ့ သမတအသစ် ကျမ်းကျိန်အခမ်းအနား ကျင်းပနိုင်ခြင်း ရှိမရှိကို တကမ္ဘာလုံးက ရုပ်သံ အင်တာနက်များကနေ တိုက်ရိုက် စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။