Breaking News

မြဇင်ယော် - အလုပ်လက်မဲ့တယောက်၏နေ့စွဲများ

အလုပ်လက်မဲ့တယောက်၏နေ့စွဲများ
မြဇင်ယော်
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၁

အလုပ်မရှိတာကြာလာတော့ လူဟာ စိတ်ချောက်ချားလာတယ်။ ဟိုဟာလေးပဲ ထလုပ်ရမလိုလို၊ ဒီဟာလေးပဲ ထလုပ်ရမလိုလို။ တကယ်တော့ ဘာမှ လုပ်စရာမရှိ။ စိတ်လေတာသက်သာအောင်ဆိုပြီး အကိုလေးဆိုင်ကိုသွားတယ်။ ဆိုင်ဆိုတော့ ရောင်းသူဝယ်သူလေးနဲ့ စိုစိုပြေပြေလေး ဖြစ်နေမှာပဲလို့ မျှော်လင့်ခဲ့တာ။ တကယ့်တကယ်ကျတော့ ဝယ်သူမလာတဲ့ဆိုင်ဟာ ဘယ်လောက်တောင်တိတ်ဆိတ်နေသလဲဆိုရင် တရားထိုင်ဖို့တောင် ကောင်းလာတယ်။ ဘဏ် ၃ ဘဏ်နဲ့နီးနီးကပ်ကပ်ရှိနေတဲ့ဆိုင်ဟာ ခြောက်ကပ်နေချက်တော့ ဆိတ်ငြိမ်မှုနဲ့ ဆန္ဒပြနေသလားအောက်မေ့ရတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ဘဏ်တွေရှေ့က လူအုပ်ကြီးတွေက လှောင်နေသလိုလို။

ဘဏ်တွေမှာ နှစ်သစ်ကူးရုံးပိတ်ရက်တွေ များလာတော့ ငွေထုတ်ချင်တဲ့လူတွေဟာ ပြုံတိုးလာကြရော။ ဘဏ်ထဲဝင်ချင်တိုင်းဝင်လို့မရပါဘူး။ မှတ်ပုံတင်ထပ်၊ တုံကင်နံပတ်ပြားယူ အလှည့်ကျလို့ နာမည်ခေါ်မှ ဝင်ရတာပါ။ တချို့ကလည်း ထိုင်မစောင့်ဘဲ ပြန်ထွက်သွားတယ်။ မြို့ပေါ်မှာ ပြန်နားစရာနေရာမရှိတဲ့ ရွာကလူတွေကျတော့ ဘဏ်ရှေ့မှာ ငုတ်တုတ်၊ ထိုင်စရာမရှိတဲ့လူတွေက မတ်တပ်။ ဘဏ်ရှေ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေက နှစ်တန်းစာလောက် တန်းထားတယ်။ ကားတွေ လူတွေ ဆိုင်ကယ်တွေ ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ထွေးနေချက်တော့ ကြည့်ရင်းကြည့်ရင် မူးနောက်လာခဲ့ရတယ်။

အခုလို ဘဏ်ပိတ်ရက်ကျပြန်တော့လည်း အကိုလေးဆိုင်ရှိရာ သူရိယလမ်းလေးဟာ အသံတိတ်နေပြန်တယ်။ အရင်ရက်တွေက ဆူညံပွက်လောရိုက်နေတာ သူ မဟုတ်ခဲ့သလိုလို။ လှုပ်ရှားနေကြတာဆိုလို့ လေတိုက်လို့ လွင့်လာတဲ့ ဗာဒံရွက်တွေပဲတွေ့ရတယ်။ နောက်ပြီး လေတိုက်တိုင်းလွင့်လာတဲ့ဖုန်မှုန့်တွေဟာလည်း ပျင်းတိပျင်းရွဲနဲ့ ဆိုင်မျက်နှာပြင်ပေါ်ကို လာခိုကြတယ်။ အဝတ်နဲ့သုတ်၊ တမြက်စည်းနဲ့လှည်းထုတ်လည်း အပြင်ထွက်ရမှာ ပျင်းရိနေတဲ့အတိုင်းပဲ၊ ဆိုင်မျက်နှာပြင်ကိုပဲ ပြန်လာကပ်ကြတယ်။

အရင်က ဆူညံနေတတ်တဲ့ ဆိုင်ရှေ့က ဆိုက်ကားဂိတ်ဟာလည်း ငေးမောလို့။ ဆိုက်ကားသမားကြီးတွေကလည်း ထိုင်ရက်နဲ့ငိုက်မြည်းကြလို့။ အရင်ကလို ခရီးသည်တွေက စျေးဆစ်ရင် ပြန်ပြီး ရန်တွေ့တဲ့အသံလည်း မကြားရ။ သူ့အလှည့် ကိုယ့်အလှည့်ငြင်းခုန်ရင်း ဆိုက်ကားသမားအချင်းချင်း ရန်ဖြစ်သံလည်းမကြာရ။ အရင်ကဆို သူ့ဆိုက်ကားပေါ်သူ၊ ကိုယ့်ဆိုက်ကားပေါ်ကိုယ်၊ ကိုယ်စီကိုယ်င ထိုင်နေကြရင်း ပွက်ပွက်လှုပ်နေအောင် ငြင်းခုန်ရာကနေ ရုတ်တရက် တိတ်ဆိတ်သွားကြရင် ကြည့်လိုက်ပါ။ ဂဏန်းသင်္ချာတွက်နေကြတာ။ အခု အဲ့ဒီ လူစုလေးကိုလည်း မမြင်ရတော့။

ဆိုင်ရှေ့တည့်တည့်က ထမင်းဆိုင်လေးဟာ အရင်က ချက်ကြပြုတ်ကြ ကြော်ကြလှော်ကြ မနားရဘူး။ အခုတော့ ဧည့်သည်ထိုင်စရာမရှိလို့ ခဏလေးပါနော် လို့ ပြောတဲ့အသံလည်းမကြားရ။ ထမင်းပြတ်သွားလို့ စောင့်ပေးပါဦး နပ်ပါတော့မယ် လို့ ပြောတဲ့အသံလည်း မကြားရတာကြာခဲ့ပြီ။ ဖုန်းပွတ်နေတဲ့ဆိုင်ရှင်နဲ့ ပျင်းလို့လာထိုင်နေကြတဲ့ လူတယောက်စနှစ်ယောက်စကိုပဲ တွေ့ရတော့တယ်။ တခါတခါ ဆိုင်ရှင်က သူ့ကလေးကို ဆူပူထိန်းကျောင်းနေတာပဲ ကြားရတော့တယ်။ ထမင်းဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ဇယ်တောက်ခုံက လူတွေအုတ်ကျွက်အုတ်ကျွက် မမြင်ရတော့တဲ့အပြင် ခုံကလေးပါ မမြင်ရတော့။

အကိုလေးဆိုင်နဲ့မျက်စောင်းထိုး ကွမ်းယာဆိုင်ကလေးမှာလည်း ကွမ်းယာသည်ကောင်မလေးအချင်းချင်း စကားစမြည်ပြောနေတာပဲ တွေ့ရတယ်။ ဝေးမှတခါ ဝယ်သူလာရင် ပျာယာခတ်နေအောင် ကွမ်းယာနေကြတော့တာပဲ။ အရင်တုန်းက ဝယ်သူတွေအများကြီးကျလာလည်း အေးအေးဆေးဆေးယာကြတာ။ အခုတော့ ဝယ်သူပါးလွန်းလို့ စကားလေးပြောလိုက် ဗျာဒံရွက်ခြောက်လေးတွေ လှဲလိုက်၊ တခါတလေ တရွက်ချင်းလိုက်ကောက်လိုက်နဲ့ အလုပ်ရှာနေကြတော့တယ်။

ကွမ်းယာဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ရေခဲဆိုင်ရှိတယ်။ ရေခဲလည်းရောင်းတယ်။ ဆောင်းကုန်ခါနီးလောက်ဆို ကြံရည်တို့ အအေးတို့လည်း ရောင်းတယ်။ အရင်ကဆို ကြံကြိတ်စက်သံကြီးက ဆူညံနေရတဲ့အထဲ စက်သံကို အုပ်အောင်သူတို့အချင်းချင်း အော်ပြောနေကြတဲ့အသံတွေက နားငြီးလိုက်တာလေ။ ဒီကြားထဲ ကလေးတွေကိုများအော်ငေါက်လိုက်ပြီဆို၊ လင်မယားချင်းများ ရန်ဖြစ်လိုက်ကြပြီဆို ထွက်တောင်ပြေးချင်တယ်။ အခုတော့ သူတို့ဆိုင်ကလေးလည်း တိတ်ဆိတ်လို့။ ကြံကျိတ်စက်ကြီးလည်း ချောင်ထဲကပ်လို့။

အကိုလေးဆိုင်အနောက်ဘက်မှာ အရင်က သွားဆေးခန်းလေးဖွင့်ထားတာ။ ဆေးခန်းထိုင်တဲ့ဆရာဝန်က နယ်ပြောင်းသွားတော့ ပိတ်ထားတာကြာပြီ။ အခု COVID ကာလမှာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လေးဖြစ်သွားတယ်။ မဆိုးဘူးဘဲ ဆိုင်လေးရှိတော့ လူလူသူသူလေးတွေ မြင်ရဦးမှာပဲလို့ အောက်မေ့မယ်မကြံရသေးဘူး။ ဆိုင်ရှေ့မှာ ဦးလေးကြီးက ငုတ်တုတ်တုတ်ကလေးထိုင်လို့။ လမ်းသွားလမ်းလာတွေကိုငေးလို့။ ဘေးဘီက ဆိုင်တွေကို လိုက်ကြည့်ပြီး စူးစမ်းလို့။

အကိုလေးဆိုင်အရှေ့ဘက်မှာ ဆေးဆိုင်နဲ့ အဲကွန်း ရေခဲသေတ္တာပြင်တဲ့ဆိုင် နှစ်ဆိုင် တွဲရက်ရှိတယ်။ ဆေးဆိုင်က စျေးရောင်းတဲ့အကိုကြီးက လမ်းလေးခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်၊ ဆိုင်နီးနားချင်းတွေနဲ့ စကားစမြည်လေးပြောလိုက်၊ ဆိုင်ရှေ့ရေဖြန်းလိုက်နဲ့ တိတ်ဆိတ်မှုကို အံတုနေရတယ်။ အဲကွန်းအပြင်ဆိုင်ကတော့ အပြင်ကကြည့်ရင် ဆိုင်မှာ လူမရှိတဲ့အတိုင်းပဲ။ ဆိုင်ဝမှာ ရေခဲသေတ္တာအပျက်တွေ ပုံထားတာပဲ တွေ့ရတယ်။

အဲကွန်းရေခဲသေတ္တာပြင်ဆိုင်ရဲ့ မြောက်ဘက်မှာ အဝတ်အစားတွေရောင်းတဲ့ဆိုင်ရှိတယ်။ ဆိုင်ကြီးလို့ ပြောလို့ရတယ်။ အဝတ်အစားတွေအပြင် အိတ်တွေ ခေါင်းအုံးမွေ့ယာတွေလည်း ရောင်းတယ်။ ဆိုင်ကြီးပီပီ ဘာရောင်းရသလားမမေးနဲ့။ တလတလ အခန်းငှားခ မဖာမိလို့ အခန်းတောင် ပြန်အပ်တော့မလိုလို ကြားမိပါရဲ့။ သိပ်တော့မသေချာသေးဘူး။ သေချာသွားတာကတော့ အိမ်ဆောက်ပစ္စည်းဆိုင်နားလေးက ဖုန်းအပိုပစ္စည်းရောင်းတဲ့ဆိုင်လေးပဲ။ တွေဝေဆုတ်ဆိုင်းခြင်းမရှိဘဲ ပြတ်ပြတ်သားသားနဲ့ အခန်းပြန်အပ်သွားတာ ကြာပါပြီ။ ဒီအခြေအနေမှာ ဆိုင်ခန်းငှားခမှန်မှန်ပေးပြီး တောင့်ခံထားနိုင်တဲ့ဆိုင်က အကောင်ပဲ။

အကိုလေးဆိုင်ရှေ့ဆိုလည်း အရင်ကဆို ရွာက စျေးလိုက်တဲ့ကားလေး ဂိတ်ထိုးတယ်။ ရွာကလူတွေ စျေးဝယ်ပြီး ပစ္စည်းတွေကို ဆိုင်ထဲဝင်ထားကြ၊ တချို့တလေ ဝယ်ပြီးခြမ်းပြီးတဲ့လူတွေကလည်း ကားမထွက်သေးခင် ဆိုင်ထဲဝင်ထိုင်ကြ၊ ဆိုင်ရှေ့က တန်းလျားလေးမှာထိုင်ကြနဲ့။ တခါတလေ ထိုင်စရာနေရာတောင်မရှိဘူး။ အခုတော့လည်း လူသူမရှိတဲ့တောကြီးထဲရောက်နေတဲ့အတိုင်းပါပဲ။ ပျင်းစရာကောင်းလို့ဆိုပြီး ဆိုင်မှာမနေချင်တော့လို့ အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့လည်း ယောင်ချာချာနိုင်လာပြန်ရော။ အိမ်မှာနေတာနဲ့စာရင် ဆိုင်မှာနေတာက နည်းနည်းလေးပိုကောင်းပါတယ်ဆိုပြီး ဆိုင်ကိုပဲ ပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်ရင် ဆိုင်သွားချင်၊ ဆိုင်မှာရောက်နေရင် အိမ်ပြန်ချင်။ ဒီလို ဆိုင်နဲ့အိမ် ကူးချည်သန်းချည် နဲ့ ရက်သတ္တပတ် တွေများလာပြီ။ နောက်ထပ် ဘယ်လောက်များများ ဒီပုံစံနဲ့ နေရဦးမှာပါလိမ့်။  ။

မြဇင်ယော်