Breaking News

လှကျော်ဇော - တရုတ်နဲ့ ဥရောပသမဂွ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သဘောတူညီချက်



လှကျော်ဇော - တရုတ်နဲ့ ဥရောပသမဂွ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ သဘောတူညီချက်

(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၁

ခင်ဗျားတို့တတွေ ထရမ့်ကိုကျေးဇူးတင်သင့်တယ်။ထရမ့်ကြောင့် ကျွန်တော်တို့ရဲ့အစဉ်အလာမိတ်ဆွေတွေ ခင်ဗျားတို့ဘက် ရောက်ကုန်တာ။ အမေရိကန်ပါမောက္ခတဦးက (C.G.T.N) ဆွေးနွေးပွဲအစီအစဉ်တခုမှာ ဆွေးနွေးဘက်တရုတ် ပညာရှင်တွေကိုပြောလိုက်တဲ့စကားပါ။

ပြောလည်းပြောစရာပါပဲ။

ဒီဇင်ဘာ(၃၀)ရက်နေ့က အွန်လိုင်းကလုပ်ကြတဲ့အစည်းအဝေးမှာ - တရုတ်သမ္မတရှီကျင့်ဖင်၊ ဂျာမနီ၀န်ကြီးချုပ်အင်ဂျလာမာကယ်၊ ပြင်သစ်သမ္မတမက်ခရိုမ်၊ ဥရောပသမဂ္ဂခေါင်းဆောင်(၂)ဦးတို့ ပါ၀င်ကြပြီး (၇)နှစ်ကျော် အပြင်းအထန်းဆွေးနွေးညှိုနှိုင်းခဲ့ရတဲ့ တရုတ်-ဥရောပသမဂွ နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖက်ပေါင်းစုံသဘောတူညီချက်ကို (Bilateral Comprehensive Agreement on Investment.CAI) အဆုံးသတ်ချုပ်ဆိုလိုက်ပါတယ်။

ဒီသဘောတူညီချက်အရ နှစ်ဖက်စလုံးကကုမ္ပဏီများအနေနဲ့ တခြားတဖက်ရဲ့ စျေးကွက်တွင်း ပိုမို၀င်ရောက်ခွင့်ရနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကိုလည်း ပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီကနေတဆင့် ကိုဗစ်အလွန် ကမ္ဘာစီးပွားရေးကြီး အလျင်အမြန် ပြန်လည် နာလန်ထူရေးအတွက် တွန်းအားပေးနိုင်လိမ့်မယ် လို့ နှစ်ဖက်လုံးက ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်ဟာ နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်တွေရရှိတယ်(win-win) လို့လည်းဆိုကြပါတယ်။

တရုတ်အတွက် မိမိတို့စျေးကွက်ထဲ နိုင်ငံခြားကုမွဏီတွေ ၀င်ရောက်လာမှုက မိမိတို့နိုင်ငံရဲ့ရည်မှန်းချက်ဖြစ်တဲ့ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင် အရှိန်မြင့်နိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင်မိမိတို့နိုင်ငံသားများနေထိုင်မှုဘ၀အတွက်လည်း အဆင့်မြှင့်ပေးနိုင်မယ် လို့ဆိုပါတယ်။

နိုင်ငံရေးအရလည်း တရုတ်အတွက် အမြတ်ထွက်ပါတယ်။

တရုတ်အနေနဲ့ မိမိတို့နိုင်ငံရဲ့ဖွံ့ဖြိုးမှုဆိုင်ရာအခွင့်အလမ်းတွေကိုရော၊ တိုးတက်လာနေတဲ့ မိမိတို့ပြည်တွင်းစျေးကွက်ကိုရော ကျန်ကမ္ဘာကြီးနဲ့ခွဲဝေယူဖို့ စိတ်ဆန္ဒရှိကြောင်းကိုလည်း ဖော်ပြလိုက်တာပါတဲ့။

ဥရောပသမဂ္ဂနေနဲ့ကလည်း တရုတ်စျေးကွက်ကြီးကို တိုးချဲ့၀င်ရောက်လိုက်နိုင်လို့ မိမိတို့ဆီကအဆင့်မြင့် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေ အများအပြားထုတ်ရောင်းလိုက်နိုင်ရုံမက မိမိတို့ဆီက ရင်းနှီးမြှုပ်နှံမှု (အထူးသဖြင့် ၀န်ဆောင်လုပ်ငန်းများ) တွေလည်း လွတ်လွတ်ကျွတ်ကျွတ် အလွယ်တကူ၀င်ရောက်သွားနိုင်တော့မှာပါ။ ဒါ့အပြင် (တရုတ်က အလွန်သတိကြီးစွာပိတ်ထားခဲ့တဲ့) ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိုလည်း ဖွင့်ပေးခဲ့ပါတယ်။

ဥရောပသမဂွအနေနဲ့ နိုင်ငံရေးအရအမြတ်ထွက်မှုကတော့ အမေရိကန်ရဲ့ အနိုင်ကျင့်မှုကို မခံတော့ဘူး ဆိုတဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုပြသလိုက်တာပါပဲ။ အမေရိကန်က အမျိုးမျိုးအနိုင်ကျင့်ရုံမက တရုတ်နဲ့ သူတို့အမေရိကန်အကြား တဖက်ကိုပဲရွေးရမယ် လို့ အကျပ်ကိုင်လာမှုကို ဥရောပသမဂွအနေနဲ့ မိမိတို့အကျိုးစီးပွားပေါ်ရပ်တည်ပြီး အာခံပြလိုက်တာပါပဲ။

ဒီလိုနည်းနဲ့ တရုတ်တွေဟာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေကို ဖဲ့ယူလိုက်နိုင်ပါတယ်။

နို၀င်ဘာ (၁၅) ရက်နေ့ကလည်း တရုတ်ဟာ အာဆက်(R-CEP) ဆိုတဲ့ အာစီယမ်(၁၀နိုင်ငံ)နဲ့ အာရှ (၅နိုင်ငံ) ပေါင်း (၁၅) နိုင်ငံတွင်း လွတ်လပ်တဲ့ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်းအနောက်တိုင်းသတင်းစာများက တရုတ်က တိတ်တဆိတ် အာဏာသိမ်းလိုက်တယ်လို့ အလန့်တကြားသတင်းရေးခဲ့ဖူးပါတယ်။

တကယ်လည်း အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်တို့၊ တောင်ကိုးရီးယားတို့၊သြစတျေးလျတို့၊နယူးဇီလန်တို့အဲဒီအထဲပါသွားကုန်တာကိုး။ ဒါလည်း ထရမ့်ကအစောပိုင်း အိုဘာမာအစိုးရကစီစဉ်ခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာကျော်ဖြတ် မိတ်ဖက်ဆက်ဆံရေးသဘောတူစာချုပ် (TPP) ကနုတ်ထွက်လိုက်လို့ တရုတ်အနေနဲ့ရလာတဲ့အခွင့်အရေးကိုဆုပ်ကိုင်လိုက်နိုင်လိုက်တာပါ။(ဒီအကြောင်းဆောင်းပါးတစောင်ရေးဖူးပါတယ်။)

တကယ်တော့ နိုင်ငံတကာ့စနစ်ကြီးတခုလုံး ပိုမို မျှတတဲ့ တရားတဲ့ အခြေအနေကြီးတရပ်ဆီသို့ တဖြည်းဖြည်းပြောင်းလဲလာနေပြီး နိုင်ငံကြီးသေးမဟူ ပြောရေးဆိုခွင့်ရှိတဲ့ ဗဟုစုံ၀ါဒ (Multilateralism) ကအပေါ်စီးရလာနေပြီး ထရမ့်ကိုယ်စားပြုတဲ့ အမေရိကန်ရဲ့ တဦးတည်းဗိုလ်ကျကြီးစိုးတဲ့ဝါဒ (Hagemony) တဖြည်းဖြည်းကျဆင်းလာနေပြီး လက်ရှိခေတ်ကာလနဲ့လည်း မကိုက်ညီတော့ဘူး ဆိုတာကိုဖော်ပြလာနေတာပါ။

တရုတ်နဲ့ ဥရောပသမဂ္ဂကတော့ လက်တွေ့ကျတဲ့ စေ့စပ်ဆွေးနွေးမှုများကနေ နယ်ပယ်စုံ (စီးပွားရေး၊ကုန်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာစတဲ့) မှာ ထွက်ပေါ်လာနိုင်တဲ့ကွဲလွဲချက်များကို လက်တွေ့ကျတဲ့စေ့စပ်ဆွေးနွေးမှုများကနေ ထိရောက်စွာဖြေရှင်းနိုင်တဲ့ ယန္တရားနည်းလမ်းသစ်များကို တီထွင်ဖန်တီးမှုရှိစွာနဲ့ လုပ်ဆောင်လာကြတော့မှာ ဖြစ်ပါတယ်။

လှကျော်ဇော
၂၄-၁-၂၀၂