Breaking News

နေသွင်ညိဏ်း - ကျောင်းဆရာမဂုဏ်ကို တန်ဖိုးထားတဲ့ သမ္မတကတော်


ကျောင်းဆရာမဂုဏ်ကို တန်ဖိုးထားတဲ့ သမ္မတကတော်
နေသွင်ညိဏ်း
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၁

ကျောင်းဆရာမဂုဏ်ကို တန်ဖိုးထားတဲ့ သမ္မတကတော်
သမ္မတကတော် ဒေါက်တာ ဂျေးလ်ဘိုင်ဒင်က သမ္မတ ဂျိုးဘိုင်ဒင်ထက် ၁၀ နှစ်နီးပါးငယ်တယ်။ သူတို့နှစ်ယောက် အချစ်ဦးတွေ မဟုတ်ကြပေမယ့် စိတ်တူကိုယ်တူစုံတွဲဖြစ်ပါတယ်။
ဒေါက်တာ ဘိုင်ဒင်က နယူးဂျာစီပြည်နယ် ဟမ်မင်တန် ဇာတိဖြစ်ပြီး ညီအစ်မ ၅ ယောက်မှာ အကြီးဆုံးသမီးဖြစ်ပါတယ်။ ဖခင် ဒေါ်နယ်က ငွေစုငွေချေး လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါတယ်။ ၁၉၆၇ မှာ အထက်တန်းအောင်ပြီး ဂျူနီယာကော့လိပ်တက်ခဲ့ပါတယ်။
၁၉၇၀ ဖေဖော်ဝါရီမှာ ပထမ အိမ်ထောင်ဖြစ်တဲ့ ဘီးစတင်ဗင်ဆင်နဲ့ လက်ထပ်ခဲ့ပြီး နောက်တော့ လမ်းခွဲခဲ့ကြတယ်။ ဂျိုးဘိုင်ဒင်ကလည်း ကံဆိုးမိုးမှောင်ကျပြီး နှလုံးကြေကွဲနေချိန်ပါ။ ၁၉၇၂ ခုနှစ်မှာ ဆီနိတ်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့  ဂျိုးဘိုင်ဒင်ဟာ ဇနီး နိုင်လီယာနဲ့ အသက် ၁ နှစ်အရွယ် သမီး နိုမီတို့ကို ဆုံးရှုံးခဲ့ရတယ်။ ကားမတော်တဆမှုထဲမှာ သားနှစ်ယောက် သေကံမရောက်ခဲ့တာကိုပဲ အဆိုးထဲက အကောင်းလို့ ဆိုရပါမယ်။
၁၉၇၅ ခုနှစ်မှာ ဂျိုးရဲ့ ညီတစ်ယောက်က မိတ်ဆက်ပေးရာက ကောလိပ်ကျောင်းသူ ဂျေးလ်နဲ့ အထက်လွှတ်တော် အမတ်၊ ကလေးနှစ်ယောက်အဖေ မုဆိုးဖို တို့ ရေစက်ဆုံဖို့ ဖြစ်လာတယ်။ သူတို့နှစ်ယောက် ရုပ်ရှင်ရုံမှာ ပထမဆုံး ချိန်းတွေ့ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ချက်ချင်းဆိုသလိုပဲ သဘောကျခဲ့ကြတယ်လို့ ဂျေးလ်က Vague မဂ္ဂဇင်းကို ပြောဖူးတယ်။
ဒါပေမယ့် တကယ် လက်ထပ်ခွင့်ရဖို့ ဂျိုးက ငါးကြိမ် ခွင့်တောင်းခဲ့ရတယ်။  ဂျိုးရဲ့ ကလေး နှစ်ယောက်ကိုလည်း အမှန်တကယ်ချစ်သွားတော့မှ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဂျေးလ်က ပြန်ပြောပြတယ်။ “ကလေးတွေက သူတို့ မိခင်ကို ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် နောက်ထပ် မိခင်တစ်ယောက် ထပ်ပြီး ဆုံးရှုံးတာမျိုးမဖြစ်စေချင်ပါဘူး။ ကျမ ရာနှုန်းပြည့် သေချာချင်တယ်လေ” လို့ ဆိုတယ်။ ၁၉၇၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ လက်ထက်ခဲ့ကြတယ်။
၁၉၈၁ ခုနှစ်မှာ ဂျေးလ်နဲ့ ဂျိုးတို့ သမီးဦးလေး အက်စလေကို မွေးတယ်။ ဘိုင်ဒင် လင်မယားမှာ ကလေး သုံးယောက် ဖြစ်လာတယ်။ အထက်လွှတ်တော် အမတ် ဂျိုးဘိုင်ဒင်တစ်ယောက် နေ့စဉ် ရထားစီးပြီး လွှတ်တော် တက်ရတဲ့ အဓိကအကြောင်းကတော့ ဇနီးရယ်၊ ကလေးသုံးယောက်ကို အချိန်ပိုပေးဖို့ပါပဲ၊ အခုချိန်မှာတော့ ဘိုင်ဒင် ဇနီးမောင်နှံမှာ မြေး ၅ ယောက်လည်း ရှိနေပါပြီ၊
ကိုယ်ပိုင်အရည်အချင်းရှိသူ
ဒေါက်တာဘိုင်ဒင်အတွက်အိမ်ဖြူတော်စံ ကတော်ဘဝက အစိမ်းသက်သက်မဟုတ်ပါဘူး။ အစဉ်အလာတွေကိုလည်း မသိဘဲ မနေပါဘူး။ ဒုတိယ သမ္မတ ကတော် ဖြစ်ခဲ့လို့ တစ်နေ့မှာ သမ္မတ ကတော် ဖြစ်ခဲ့ရင်ဆိုပြီး ပြင်ဆင်ပြီးသားလည်းဖြစ်ပါလိမ့်မယ်။ 
ဒါပေမယ့် ဒေါက်တာ ဘိုင်ဒင်ဟာ ခင်ပွန်းသည်ရဲ့ လောင်းရိပ်အောက်မှာပဲ ကျေနပ်သွားမယ့် အမျိုးသမီးတော့ မဟုတ်ပြန်ပါဘူး။ဒုတိယသမ္မတကတော် ဘဝမှကတည်းက တပ်မိသားစုတွေကို ကူညီထောက်ပံ့တဲ့ အလုပ်ကိုလုပ်ပါတယ်။ သားတစ်ယောက်ဖြစ်တဲ့ Beau Biden က စစ်မှုထမ်းခဲ့လို့ တပ်မိသားစုတွေရဲ့ ဘဝနဲ့ ခံစားချက်ကို ဒေါက်တာဘိုင်ဒင်က နှလုံးသားနဲ့ နားလည်ပါတယ်။ 
ဒါကြောင့် ၂၀၁၁ လောက်ကတည်းက သမ္မတ ကတော် မီရှယ်လ်နဲ့ လက်တွဲပြီး စစ်ပြန်တွေ၊ စစ်သည်တွေရဲ့ ဇနီးတွေအတွက် အလုပ်အကိုင်ရရှိရေး စည်းရုံးလှုံ့ဆော်မှုတွေကို လုပ်ခဲ့ပါတယ်။ 
တပ်မိသားစု ကလေးငယ်တွေ အတွက် စာအုပ်တစ်အုပ်ကိုလည်း ၂၀၁၃ ခုနှစ်မှာရေးသားခဲ့သေးတယ်။ သားဖြစ်သူ အီရတ် စစ်မြေပြင်မှာ တာဝန်ထမ်းဖို့ သွားနေတဲ့အချိန်မှာ မြေးမလေး နာတလီရဲ့ ဘဝကို စာနာစိတ်နဲ့ ရေးသားခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။
ဒေါက်တာ ဘိုင်ဒင်ဟာ ခင်ပွန်းနဲ့ အတူ ကင်ဆာရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်လာတာလည်း ၁၉၉၃ ခုနှစ်ကတည်းကလို့ ပြောရပါမယ်။  ဒယ်လဝဲမှာ ဘိုင်ဒင် ရင်သားကင်ဆာဆိုင်ရာ ဖောင်ဒေးရှင်တစ်ခုကို ထူထောင်ခဲ့ကြပါတယ်။ ငယ်ရွယ်သူ အမျိုးသမီးတွေကို ကင်ဆာရောဂါနဲ့ပတ်သက်တဲ့ ပညာပေးဖို့ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကျတော့ သား ဖြစ်သူ ဦးနှောက်ကင်ဆာ ခံစားရခဲ့ပြိး နှစ်နှစ်အကြာ အသက် ၄၆ နှစ်မှာ ကွယ်လွန်သွားတော့ ကင်ဆာရောဂါတိုက်ဖျက်ရေးအပေါ် သံဓိဌာန် ပိုခိုင်မာခဲ့ကြတယ်။
အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားကို ကင်ဆာရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်လာအောင် အဓိက စည်းရုံးသူက ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် ဖြစ်ပါတယ်။ အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ပြီး နောက်ပိုင်းမှာလည်း ဘိုင်ဒင်ဇနီးမောင်နှံဟာ ဘိုင်ဒင် ကင်ဆာ အင်နီရှေးတစ်ရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ကင်ဆာနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ဆက်လုပ်နေခဲ့ပါတယ်။
ကျောင်းဆရာမဘဝကို တန်ဖိုးထားသူ
ဒါပေမယ့် ဒေါက်တာ ဘိုင်ဒင်အတွက် တကယ် တန်ဖိုးထားတဲ့ အလုပ်က ကျောင်းဆရာမ အလုပ်လို့ ပြောရပါမယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ပညာရေး အတွက်ပဲအများဆုံး မြှုပ်နှံထားတာ တွေ့ရပါတယ်။
ဒယ်လဝဲ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အခါ (၁၉၇၅) မှာ​ ဂျေးလ်က ပုဂ္ဂလိက ကျောင်းတွေနဲ့ စိတ္တဇ ဆေးရုံတစ်ရုံမှာ အင်္ဂလိပ်စာ ဆရာမအလုပ်ကို စလုပ်ပါတယ်။ ဂျေးလ်ဟာ မိသားစု တာဝန်တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ မဟာဘွဲ့နှစ်ခုကိုလည်း ယူနိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဝက်စ်ချက်စတာ ယူနီဗာစတီ၊ ၁၉၈၇ ခုနှစ်မှာ ဗေးလန်နိုဗာ ယူနီဗာစတီတို့ကနေ မဟာဘွဲ့တွေ ရခဲ့ပါတယ်။
ဒယ်လဝဲ အစိုးရကျောင်းမှာ အင်္ဂလိပ်စာ ဆရာမ၊ နောက်တော့ ဒယ်လဝဲ နည်းပညာနှင့် ကွန်မြူနတီ ကောလိပ်မှာ အင်္ဂလိပ်စာပဲ ဆက်သင်ပါတယ်။ အင်္ဂလိပ်စာ ဆရာမဘဝက ၁၅ နှစ်ကြာသွားပါတယ်။ ၂၀၀၆ ခုနှစ်မှာ နောက်ထပ် ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဒယ်လဝဲ တက္ကသိုလ်က ပညာရေးပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
ဒေါက်တာ ဘိုင်ဒင်ဟာ ပညာရေး ရည်မှန်းချက်ကို ကျားကုတ်ကျားခဲ ကြိုးစားခဲ့သလို တန်ဖိုးလည်း ထားပါတယ်။ ဂျိုးဘိုင်ဒင် ဒုတိယ သမ္မတ ဖြစ်တဲ့အချိန်အထိလည်း ဒေါက်တာဘိုင်ဒင်က မြောက်ဗာဂျီးနီးယား ကွန်မြူနတီ ကော့လိပ်မှာ ပါမောက္ခအဖြစ် အချိန်ပြည့် စာသင်နေခဲ့ပါတယ်။ 
အမေရိကန် ပြည်ထောင်စု သမိုင်းမှာ ဒုတိယသမ္မတ ကတော်ဘဝနဲ့ပဲ လစာယူတဲ့ အချိန်ပြည့်အ လုပ်ကို လုပ်တဲ့ ပထမဆုံး အမျိုးသမီးဖြစ်နိုင်လောက်တယ်လို့ လော့အိန်ဂျလိတိုင်းမ်က ရေးပါတယ်။
အခု ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာပေမယ့် ဒေါက်တာဘိုင်ဒင်က သူအင်မတန် မြတ်နိုးတန်ဖိုးထားတဲ့ စာသင်တဲ့ အလုပ်ကို စွန့်လွှတ်ဖို့ အစီအစဉ် မရှိပါဘူး။ CBS Sunday Morning နဲ့ အင်တာဗျူးမှာ “အိမ်ဖြူတော်ရောက်သွားရင်လည်း စာသင်တာကတော့ ဆက်လုပ်မယ်။ ကျောင်းဆရာမအလုပ်က အရေးကြီးတယ်လေ။ စာသင်တဲ့အလုပ်ကို လူတွေကို တန်ဖိုးထားစေချင်တယ်။ အရေးပါတယ် ဆိုတာကို နားလည်စေချင်တယ်။ ဂုဏ်ရှိစေချင်တယ်”လို့ ပြောပါတယ်။
အမေရိကန် သမ္မတကတော်အဆက်ဆက်ဟာ ဘယ်လောက်ပဲ ပညာတတ်တတ်၊ အိမ်ဖြူတော် ရောက်တာနဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို စွန့်လွှတ်ပြီး သမ္မတရဲ့ ပါရမီ ဖြည့်ဖက်ဘဝနဲ့ပဲ ကျေနပ်လိုက်ကြတာများပါတယ်။ အမေရိကန် သမ္မတ ကတော် ဆိုတဲ့ ဂုဏ်ကလည်း သမ္မတရဲ့ ကိုယ်ပွား၊ အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြုတာပါပဲ။ 
ဒါပေမယ့် ဂျိုးဘိုင်ဒင်ရဲ့ ချစ်လှစွာသော ဇနီး ဒေါက်တာ ဂျေးလ်ဘိုင်ဒင်ကတော့ သမ္မတ ကတော် ဖြစ်သွားလို့ သူမြတ်နိုးတဲ့ ကျောင်းဆရာမဘဝကို ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ သေချာပြောနေပါတယ်။

နေသွင်ညိဏ်း
+ စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှယူပါသည်။