ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၂)
ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၂)
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၂
မြန်မာပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းမှာ ဒီချုံခိုတိုက်ပွဲဟာ အပြောင်မြောက်ဆုံးဖြစ်တဲ့အတွက် ဒီတိုက်ပွဲကို ဦးဆောင်ခဲ့ကြတဲ့ နှစ်ဖက် တပ်မှူးတွေရဲ့ အရည်အချင်းတွေ၊ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ နောက်ခံ အခြေအနေတွေနဲ့ စစ်မြေပြင်ရဲ့ အခြေအနေတွေကိုပါ အသေးစိတ် ထည့်သွင်းတင်ပြဖို့ လိုအပ်လာပါတယ်။
ဒီနာမည်ကျော် ချုံခိုတိုက်ပွဲကို ဦးစီးကွပ်ကဲ ဆောင်ရွက်ခဲ့သူကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အမှတ် (၂) တပ်မဟာမှ တပ်မဟာမှူး ရဲဘော်ကြည်မြင့် (ယခု ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA မိုင်းလားအဖွဲ့ရဲ့ အတွင်းရေးမှူး) ဖြစ်ပါတယ်။
ရဲဘော်ကြည်မြင့်ဟာ မန္တလေးမြို့မှာ မွေးဖွားခဲ့တဲ့ တရုတ်လူမျိုး ဖြစ်ပြီး ၁၉၆၇ ခုနှစ် တရုတ်-ဗမာ အရေးအခင်းအပြီးမှာ တောခိုကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။ ရဲဘော်ကြည်မြင့်ဟာ မိုးမိတ်တိုက်ပွဲလို နာမည်ကြီးတိုက်ပွဲပေါင်းများစွာကို ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ဝါရင့်တပ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။
အဲဒီချုံခိုတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့တပ်မှူး အမှတ် (၉၉၁) ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး သူရကျော်ကျော်ချိုကလည်း ခေသူ မဟုတ်ပါဘူး။
သူကလည်း တရုတ်သွေးစပ်ပြီး ပညာတတ် အသိုင်းအဝိုင်းက ပေါက်ဖွားလာခဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးချိုဟာ လန်ဒန်နဲ့ အီဒင်ဘာရာတက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့ပြီး ဗြိတိသျှကိုလိုနီခေတ်မှာ မျက်နှာဖြူတွေသာ တာဝန်ထမ်းဆောင်ရလေ့ရှိတဲ့ ရန်ကုန်အစိုးရအထက်တန်းကျောင်းအုပ်ရာထူးကို ပထမဆုံး ရရှိခဲ့သူ ဖြစ်တဲ့အပြင် လွတ်လပ်ရေးရရှိချိန်မှာလည်း ပထမဆုံး ပညာမင်းကြီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ဒုဗိုလ်မှူးကြီး သူရကျော်ကျော်ချိုကလည်း တက္ကသိုလ်ကျောင်းသားဘဝမှာ အင်္ဂလိပ်စာ ဝိဇ္ဇာဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
တက္ကသိုလ် အရန်တပ်ရင်းမှာ စစ်ပညာကို စတင်သင်ယူခဲ့ပြီး အဲဒီခေတ်က မဟာဘွဲ့ရရှိသူတွေ၊ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေလို ပညာတတ်တွေအတွက် အထူးဖွင့်လှစ်ပေးခဲ့တဲ့ YOC ခေါ် Young Officer Course ခြောက်လ သင်တန်းကို တက်ရောက်ကာ ပြန်ထမ်းဝင် တပ်မတော်အရာရှိ ဖြစ်လာသူ ဖြစ်ပါတယ်။
YOC အရာရှိတွေကို လိုအပ်ချက်အရ ရွေးချယ်ခေါ်ယူ ခန့်အပ်တာ ဖြစ်လို့ တိုက်ခိုက်ရေးတပ်တွေမှာ တာဝန်ပေးလေ့မရှိဘဲ လိုအပ်တဲ့ဌာနတွေမှာသာ ပညာသည်အရာရှိတွေ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ကြရပါတယ်။
သင်တန်းဆင်းခါစ ဗိုလ်ကျော်ကျော်ချိုဟာ မေမြို့စစ်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ ဆရာအဖြစ် တာဝန်ထမ်းဆောင်ရပြီး နောက်ပိုင်းမှာ စစ်ပွဲသမိုင်းဌာနကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် DSA အပတ်စဥ် (၁၁) ကျောင်းဆင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် အပတ်စဥ် (၉)၊ (၁၀)၊ (၁၁)၊ ကျောင်းဆင်းအရာရှိတွေအားလုံး သူ့တပည့် ဖြစ်ခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။
စာသင်ရတာကို ငြီးငွေ့ပြီး စစ်တိုက်တာကိုမှ ခုံမင်တဲ့ ဗိုလ်ကျော်ကျော်ချိုရဲ့ တောင်းဆိုချက်ကြောင့် နောက်ဆုံးမှာ မုတ္တမအခြေစိုက် ခမရ (၁၀၂)ကို ပြောင်းရွှေ့ကာ ခြေလျင်တပ်မှူးတာဝန်တွေကို ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။
ခြေလျင်ဆင်းပြီး မကြာခင်မှာပဲ ကရင်ပြည်နယ် ရွှေကြည်-နောင်ကတုတ် ဂွင်မှာ KNU တပ်မဟာ (၁)နဲ့ တိုက်ပွဲတွေအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်မြေပြင်အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ ခမရ (၁၀၂) မှာ ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီးအဆင့်နဲ့ “ကွန်လုံ” ရက်လေးဆယ် တိုက်ပွဲစဥ်အတွင်း မြင်ဇူရှမ်းအောက်ရွာမှာ ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေနဲ့ ထိတွေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ သူရဘွဲ့ကို ရရှိခဲ့ပါတယ်။
နောက်ထပ် တိုက်ပွဲတစ်ခုမှာလည်း သူရဲကောင်းမှတ်တမ်းဝင် ဆုတံဆိပ်တစ်ခု ထပ်မံချီးမြှင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဗိုလ်ကြီး သူရကျော်ကျော်ချိုဟာ နောက်တန်းကို ပြန်နားချိန်မှာတောင် နောက်တစ်ကြိမ် ဝင်ရမယ့် စစ်ဆင်ရေးအတွက် မြေအခြေအနေ၊ ကားလမ်း၊ လူသွားလမ်း၊ ကျေးရွာတွေ၊ အချက်အချာကျ တဲ့တောင်ကုန်းတွေ၊ မြစ်ချောင်းတွေနဲ့ မိမိရဲ့ဘေးနားက တပ်အခင်းအကျင်းတွေ၊ ရန်သူ့စုဖွဲ့မှု၊ ရန်သူ့ ခေါင်းဆောင်၊ ရန်သူ့အင်အား၊ စစ်ကူ၊ ပစ်ကူ စတာတွေကို မြေပုံဖြန့်ပြီး အမြဲလေ့လာ တွက်ချက်နေတတ်တယ်လို့ ဆိုပါတယ်။
စစ်ရေးစွမ်းရည် ထက်မြက်ထူးချွန်တဲ့အတွက် လေး၊ ငါး နှစ်အတွင်းမှာပဲ ခြေမြန်တပ်မ (၆၆) လက်အောက်ခံ ခလရ (၇၅) မှာ ယာယီတပ်ခွဲမှူး ဗိုလ်မှူး၊ ခလရ (၈၀) မှာ ဒုတပ်ရင်းမှူး၊ ၁၉၈၁ ခုနှစ်မှာ ခလရ(၇၈) ယာယီတပ်ရင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှာ စစ်ဦးစီးမှူး(ပထမတန်း)၊ နောက်ဆုံး တပ်မ(၉၉) လက်အောက်ခံ နည်းဗျူဟာ(၉၉၁)မှာ ယာယီ နည်းဗျူဟာမှူး စတဲ့ရာထူး တာဝန်တွေကို ထမ်းဆောင်ခဲ့ရသူ ဖြစ်ပါတယ်။
ကွန်လုံမှာ ရှေ့တန်းနည်းဗျူဟာရုံးဖွင့်ပြီး စစ်ဆင်ရေးဝင်နေတဲ့ သူရ ကျော်ကျော်ချိုရဲ့ နဗဟ (၉၉၁) လက်အောက်ခံ တပ်ရင်းသုံးရင်းနဲ့ ရဲဘော်ကြည်မြင့် ဦးဆောင်တဲ့ ဗကပ တပ်မဟာ(၂)မှတပ်ရင်း(၁)၊ တပ်ရင်း(၃)၊ အထူးတပ်ရင်း၊ တပ်မဟာကင်းတပ်ခွဲ၊ အမြောက်တပ်ခွဲ၊ ဗကပ တပ်မ (၄၈)မှ တပ်ရင်း (၅၀၁)နဲ့ KIA တပ်မဟာ(၄)မှူး ဗိုလ်မှူးဆိုင်းဖုန်း ဦးစီးတပ်ရင်းတပ်ဖွဲ့တွေက ထုတ်နုတ်အင်အားတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဗကပရဲ့ တပ်ပေါင်းစုစစ်ကြောင်းတွေဟာ ကွန်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နန့်ဖတ်ကာနဲ့ မူဆယ်မြောက်ခြမ်းဒေသတွေမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ၊ ရင်ဆိုင်တိုက်ပွဲကြီးတွေ ဖြစ်လေ့ရှိတာကြောင့် နှစ်ဖက်တပ်မှူးကြီးတွေဟာ တစ်ယောက်အရည်အချင်းကို တစ်ယောက်က ကောင်းကောင်းသိရှိကြပြီး တစ်ဦးနဲ့တစ်ဦး ခြေလှမ်းအမှားကို စောင့်ကာ အပိုင်တိုက်ခိုက်ဖို့ ပြင် ဆင်စောင့်ဆိုင်းနေကြတဲ့ကာလ ဖြစ်ပါတယ်။
(မှတ်ချက်။ ။ အမှတ်(၂)တပ်မဟာက တပ်မဟာမှူး ရဲဘော်ကြည်မြင့်ဟာ ၁၉၈၉ခုနှစ် မုန်းကိုးဒေသမှာ ဖွင့်လှစ်တဲ့ ဒီမိုကရေစီပြည်ချစ်တပ်မတော် DPA ပထမပါတ် စစ်ရေးနိုင်ငံရေးသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။)
ကနေ့ မြန်မာပြည်အရပ်ရပ်မှာ တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်း PDF LDF အပါအဝင် ပကဖများ၊ EROs များအပါအဝင် တော်လှန်ရေးရဲဘော်များ တပ်မှူးများအတွက် ရည်ရွယ်ပါတယ်။ ရဲဘော်စိုးမိုးနိုင်ရဲ့ ချူံခိုတိုက်ပွဲများ ဆောင်းပါးဟာ ရန်သူအကောင်ကြီးကြီးတွေကို ချေမှုန်းနိုင်ခဲ့တဲ့ လက်တွေ့ ဖြစ်ပါတယ်။ မိမိလက်ရှိအနေအထားနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကိုအောင်မှိုင်း
(မြန်မာ့ပြည်တွင်းစစ်သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ )
စိုးမိုးနိုင်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar