Breaking News

ကိုအောင်မှိုင်း - ကြီးမြတ်ခြင်းတန်ဘိုး



ကိုအောင်မှိုင်း - ကြီးမြတ်ခြင်းတန်ဘိုး

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၁


ရူခင်းတခုရဲ့
အဝေးမြင် အနီးမြင်က
ဘယ်တူနိုင်ပါ့မလဲ။

သမိုင်းတခုရဲ့
အဝေးမြင် အနီးမြင်က
ဘယ်တူနိုင်ပါ့မလဲ။

ရူခင်းတခုနဲ့
သမိုင်းတခု ထပ်တူပြုတဲ့
အဝေးမြင် အနီးမြင်ကလဲ
ဘယ်တူနိုင်ပါ့မလဲ။

ရှေးခေတ်
ကမ္ဘာ့အံ့ဖွယ်ထဲက
ဂီဇာ မဟာပိရမစ်ကြီးနဲ့
အလယ်ခေတ်
ကမ္ဘာ့အံ့ဖွယ်ထဲက
တာ့ဂျ်မဟာရ်ကို
ထပ်တူပြုလို့ မရနိုင်ဘူး။

အလယ်ခေတ်
ကမ္ဘာ့အံ့ဖွယ်ထဲက
ရောမ ကိုလော့စီယမ်နဲ့
ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ဖြစ်တဲ့
ဂိုးဒင်းဂိတ် တံတားကို
ထပ်တူပြုလို့ မရနိုင်ဘူး။

ဧရာဝတီလဲ
သူ့သမိုင်းနဲ့ သူဘဲ။
အမေဇုံလဲ
သူ့သမိုင်းနဲ့ သူဘဲ။
မဟာရံတံတိုင်းကြီးလဲ
သူ့သမိုင်းနဲ့ သူဘဲပေါ့။

ထပ်တူပြုလို့ မရပေမဲ့
တန်ဘိုးဖြတ် မရတာက
တူနေကြတဲ့ တန်ဘိုးတွေပါ။

အဓမ္မဟာ
ကြာလေ မှုန်ဝါးလာပေမဲ့
ဓမ္မကတော့
ကြာလေ ထင်ရှားလာတယ်။

ကြီးမြတ်မှုတန်ဘိုးကို
သစ္စာနယ်ပယ်ကလွဲပြီး
ဘယ်မှာ ရှာရမှာလဲ။

ငါ့ သစ္စာတရားကတော့
အညတရတွေက လွဲပြီး
ဘယ်မှာရှိတော့မှာလဲ။

ကိုအောင်မှိုင်း
ဇန်နဝါရီလ ၂၆ရက် ၂၀၂၁ခုနှစ်