Breaking News

မောင်စွမ်းရည် - ခင်ခင်ထူးရဲ့ ‘မအိမ်ကံ’ ဝတ္ထု




မောင်စွမ်းရည် - ခင်ခင်ထူးရဲ့ ‘မအိမ်ကံ’ ဝတ္ထု

(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၁

ကျွန်တော့်လက်ထဲကို ရောက်လာတဲ့ ‘မအိမ်ကံ’ ဝတ္ထုက ၂၀၁၃ တတိယအကြိမ်ထုတ် ဖြစ်ပါတယ်။ ပထမ၊ ဒုတိယအကြိမ်တွေ ဘယ်တုန်းက ထုတ်ခဲ့တယ်ဆိုတာ မပါရှိပါ။ ပ၊ ဒု အကြိမ်ထုတ်များရဲ့ ခုနှစ်နဲ့ စာအုပ် အရေအတွက်တို့ကိုလည်း ဖော်ပြရပါတယ်။ ဒါမှလည်း စာအုပ်ရဲ့ သမိုင်းကြောင်းကိုပါ ချင့်တွက် သုံးသပ်လို့ ရပါမယ်။ ထုတ်ဝေတဲ့ စာအုပ်အရေအတွက်ကတော့ စစ်အစိုးရခေတ်တလျှောက် အုပ်ရေ ၅၀၀ ချည်း ဖော်ပြကြတာ များပါတယ်။ ဒါလည်း အမြဲတမ်း အမှန်ရယ်လို့ ဟုတ်ပုံမရပါ။ စစ်အာဏာရှင်ခေတ် တလျှောက်လုံး လိမ်ညာလာရတဲ့ အစဉ်အလာဖြစ်ပုံရပါတယ်။

ထုတ်ဝေသူ အမည်က ခင်ခင်ထူး (စာရေးဆရာ)ရဲ့ ထုတ်ဝေခွင့်မှတ်ပုံတင် ‘ဥဒယကျေးရွာ’ စာအုပ်တိုက် (ကိုယ်ရေး ကိုယ်ထုတ်) အမည်နဲ့ ဖြန့်ချိသူ ‘ဓူဝံစာပေတိုက်’ အမည် ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ တကယ်တော့ စာရေးဆရာ ‘ဥဒယကျေးရွာ စာပေတိုက်’က ဘာမှလုပ်ခဲ့ရပုံ မရပါ။ ‘ဓူဝံစာပေတိုက်’ကပဲ ပုံနှိပ် ထုတ်ဝေ ဖြန့်ချိတာပဲ ဖြစ်ပုံရပါတယ်။ ဒါလည်း စစ်အစိုးရလက်ထက်က မဟုတ်မဟတ် အစဉ်အလာတွေ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က လုံးဝ လွတ်လာပြီဆိုရင် ထုတ်ဝေခွင့် မှတ်ပုံတင်အတုတွေ၊ အစစ်တွေ၊ အငှားအရမ်း ဆိုတာတွေ ဖော်ပြတာမျိုး ရပ်လိုက်ကြဖို့ သင့်ပြီ ထင်ပါတယ်။ (ဒီအကျင့်ဓလေ့ ရပ်သွားပြီလား မသိပါ။) ကျွန်တော့်အနေနဲ့ကတော့ စာအုပ်သမိုင်းကို အမှန်အတိုင်း သိဖို့(အသိပေးဖို့) လိုအပ်မယ် ယူဆလို့ ခုလို ပြောရတာ ဖြစ်ပါတယ်။ ကဲ… ထုတ်ဝေရေးကိစ္စ ခဏဘေးဖယ်ခဲ့ပါစို့။ စာအုပ်အကြောင်းပဲ ပြောကြပါစို့။

ခင်ခင်ထူးက ၂၀၁၀ ပြည့်နှစ်ရေး အမှာစာမှာ သူဟာ ဝတ္ထုစာအုပ်ပေါင်း ၂၀ ထုတ်ဝေခဲ့ပြီလို့ ဖော်ပြထားပါတယ်။ မအိမ်ကံ ဝတ္ထုကြီးက စတုတ္ထမြောက် လုံးချင်းဝတ္ထုရှည်လို့ ဖော်ပြထားပါတယ်။ ဝတ္ထု ဝေဖန်သူဟာ စာရေးဆရာရဲ့ ဝတ္ထုတွေကို အားလုံး ဖတ်ဖူးထားရင် ပိုပြီးကောင်းပါမယ်။ ကျွန်တော်ကတော့ အဝေးရောက် ဝေဖန်သူ ဖြစ်နေတဲ့အတွက် ခင်ခင်ထူး ဝတ္ထုတေွကို အနည်းအကျဉ်းပဲ ဖတ်ဖူးပါတယ်။ ဒီဝတ္ထုကိုတောင် တတိယအကြိမ်ကျမှ ဖတ်ခွင့်ရပါတယ်။ တတိယအကြိမ် ထုတ်တာ ၂၀၁၃ ခုနှစ်က ဖြစ်ပေမဲ့ ခု စာအုပ်ဝေဖန်စာ ရေးတော့ ၂၀၂၀ ရောက်နေပါပြီ။ ၁၀ နှစ်နီးပါး အချိန်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အထူးစိတ်ဝင်စားမိတဲ့အချက် တချို့ ပါရှိနေလို့ မအောင့်နိုင်ဘဲ ထရေးလိုက်မိတာ ဖြစ်ပါတယ်။

ဒီဘက်ပိုင်းမှာ ကျွန်တော် အထူးစိတ်ဝင်စားမိတဲ့ စာအုပ်နှစ်အုပ် (ဝတ္ထုစာအုပ်ကြီး နှစ်အုပ်) ရှိပါတယ်။ ခင်ခင်ထူးရဲ့ ‘မအိမ်ကံ’နဲ့ ညီပုလေးရဲ့ ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်တစက်’။ အဲဒီနှစ်အုပ်ဟာ ဒေသတခုစီရဲ့ လူနေမှုဘဝ၊ အပြောအဆို၊ အနေအထိုင် စတာတွေကို အထူးလေ့လာပြီး ရေးထားတဲ့ ဘဝသရုပ်ဖော် ဝတ္ထုတွေ ဖြစ်ကြလို့ပါပဲ။ တအုပ်က အမျိုးသားစာပေဆု ရတယ်။ တအုပ်က ဘာဖြစ်လို့ မရမှန်း မသိ။ ‘မအိမ်ကံ’ ဝတ္ထုလည်း ဆုရမယ် ထင်တာ။ (အကဲဖြတ်အဖွဲ့မှာ အညာသား ပညာရှင် မပါလို့လား မသိ။) အရသာသိပုံ မပေါ်ပါ။

‘မအိမ်ကံ’ ဝတ္ထုမှာက သူတို့ရွာရဲ့ ဓလေ့စရိုက်နဲ့ အပြောအဆိုတို့ကို အဓိကထားပြီး သရုပ်ဖော်တဲ့ ဝတ္ထုပါ။ အတိအကျပြောရရင် စာဖတ်သူ ကျွန်တော်က မအိမ်ကံ လိုပဲ မြင်းခြံ ကျေးလက်တောရွာဘက်က မြေပိုင်ရှင် သူကြီးမျိုး မိသားစု (ဘုရင်ခံ ဒါဘာပွဲ နှစ်လုံးပြူး၊ ငွေဓားလွယ်ဆုရ) အသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာခဲ့ပြီး ကျွန်တော်တို့ အနီးအနားက ရွာတွေမှာလည်း ဒီခေတ် ဒီအခါက ဒီလိုဇာတ်လမ်းတွေ ဖြစ်ခဲ့တာကို ကြားသိ ကြုံတွေ့ခဲ့ရဖူးလို့ မအိမ်ကံကို စာနာ နားလည်နိုင်တယ်လို့ ထင်ပါတယ်။

မအိမ်ကံက သူတို့ကျေးရွာအုပ်စုရဲ့ မြေပိုင်ရှင် သူကြီးသမီးပါ။ သူတို့ဒေသမှာ ကြွယ်ပိုးကြွယ်ဝ မိသားစု ဖြစ်တဲ့ အပြင် ရပ်ရွာပတ်ဝန်းကျင်မှာ အချောအလှဆုံး ဖြစ်နေတဲ့အတွက် ရွာအလှူမှာ ကွမ်းတောင်ကိုင် ဖြစ်ထိုက်သူ စာရင်း ထိပ်ဆုံးရောက်ခဲ့သူ ဖြစ်ပေမဲ့ မိဘက ငယ်လင်ငယ်မယား မဖြစ်တဲ့အတွက် မအိမ်ကံ အထူးမျှော်လင့်ထားခဲ့တဲ့ ကွမ်းတောင်ကိုင်ဆုလာယ်က လက်လွတ်ဆုံးရှုံးခဲ့ရရှာပါတယ်။ ကွမ်းတောင်ကိုင် ဖြစ်ဖို့က ရုပ်လှရမယ်၊ ရည်းစားတောင် မရှိတဲ့ အပျိုစင် ဖြစ်ရမယ်၊ အကျင့်စာရိတ္တမှာလည်း အစွန်းအထင်း လုံးဝမရှိရဘူး၊ မိဘက အတန်အသင့် ချမ်းသာကြွယ်ဝရမယ့်အပြင် ငယ်လင်ငယ်မယားလည်း ဖြစ်ရမယ်တဲ့။ မအိမ်ကံမှာက အမေက သူ့အဖေ သူကြီးမင်းရဲ့ ဒုတိယအိမ်ထောင်ဖက် ဖြစ်လို့ သူ့ရည်မှန်းချက် လွဲခဲ့ရတယ်။ ဒီအချက်ကို မအိမ်ကံ ကြိုတင်မသိခဲ့လို့ ပိုပြီး စိတ်ထိခိုက်ခဲ့ရရှာပါတယ်။

မအိမ်ကံက အလွန်စိတ်ကြီးတယ်။ လာဘ်ဦးလာဘ်ဖျား လွဲခဲ့ရလို့ စိတ်ထိခိုက်မှု အလွန်ကြီးတယ်။ ဒါပေမဲ့ ကျေးတောသူတဦးအနေနဲ့ ရခဲတဲ့ ပညာတတ်၊ ကျောင်းဆရာ မြို့သားတဦးနဲ့ လက်ထပ်ခဲ့ရလို့ ဂုဏ်တက်ပြီး ကွမ်းတောင်ကိုင် မရတာကို ဖြေသာနိုင်ခဲ့တယ်။ ဒီမြို့သားက မြို့သားပညာသင်ရတဲ့ သူ့အစ်ကို နိုင်ငံရေးသမားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ရွာမှာ သူတို့နိုင်ငံရေးအသင်းအဖွဲ့က တည်ထောင်ပေးတဲ့ မူလတန်း ကျောင်းလေးမှာ ကျောင်းဆရာလုပ်ဖို့ ရောက်ရှိလာသူ ဖြစ်ပါတယ်။ မူလတန်းကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လေတော့ မအိမ်ကံလည်း ဆရာကြီးကတော်ဘွဲ့ အမည်ကျော်ခဲ့ရလို့ ကွမ်းတောင်ကိုင် မဖြစ်ပေမဲ့ ဖြေသာခဲ့ပါတယ်။ မအိမ်ကံမှာ သူ့ခင်ပွန်း ကျောင်းဆရာနဲ့ သမီးနှစ်ယောက် ထွန်းကားခဲ့တယ်။ အဖေကလည်း ယောက်ျားချော ချောသူ ဖြစ်လို့ သမီးနှစ်ယောက်ကလည်း အဖေချော၊ အမေချောတွေက မွေးဖွားသူတွေအဖြစ်နဲ့ အချောအလှ နာမည်ရခဲ့ပြီး မအိမ်ကံအဖို့ ဒုတိယအကြိမ် အားပြန်တက်ခဲ့ရပြန် ပါတယ်။ သမီးကြီး မအိမ်မြိုင်ကို ကွမ်းတောင်ကိုင်ဖြစ်ဖို့ အရူးအမူး စိတ်ကူးယဉ်ခဲ့ပြန်ပါတယ်။ သမီး မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်ရက်နီးမှပဲ သူ့သူငယ်ချင်း ကောင်လေးနဲ့ ထွက်ပြေးသတဲ့။ မအိမ်မြိုင် အဖေကလည်း ကွန်မြူနစ်အဖြစ်နဲ့ တောခိုပြီး တောထဲမှာ ကျဆုံးသတဲ့။ ဒီမှာတင် မအိမ်ကံမှာ မျှော်လင့်ချက်တွေ ဆုံးသွားပြီး ဘဝဇာတ်သိမ်းသွားပုံအကြောင်းပါ။

စာမျက်နှာ ၅၈၀ ကျော် ၆၀၀ နီးပါး ရှည်ပါတယ်။ အညာကျေးလက် ကွမ်းတောင်ကိုင်ဓလေ့စရိုက်နဲ့ အညာကျေးတောသူတို့ရဲ့ ကိုယ်ကျင့်သိက္ခာ အလေးထားပုံကို အထူးသရုပ်ဖော်ထားရာမှာ အညာသူ အညာသားတို့ရဲ့ စကားအပြောအဆို အသုံးအနှုန်းကို စံနမူနာတင်လောက်အောင် ရှေ့တန်းတင် ရေးသားထားတဲ့ ဝတ္ထုကြီး ဖြစ်ပါတယ်။ တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဇာ၊ ပါရဂူတန်း ကျောင်းသားတို့ ကျမ်းပြု၊ စာတမ်းပြုအပ်တဲ့ စာအရေးအသား ဖြစ်တယ်လို့ ယူဆပါတယ်။

အနေအထိုင်၊ ဓလေ့စရိုက်ကို ဖော်ပြရာမှာ အဘက်ဘက်က ပြည့်စုံတယ်လို့ ဆိုနိုင်လောက်ပေမဲ့ တောရွာတွေမှာ မြို့သူမြို့သား ဧည့်သည်လာရင် အထူးပြဿနာက ‘အိမ်သာ’ ပါ။ တောရွာတွေမှာ အများစုက အိမ်သာ မထားတဲ့ ‘တောထိုင်’တဲ့ အလေ့ရှိပါတယ်။ သူကြီးအိမ်မှာတော့ မြို့အုပ်၊ အရေးပိုင်၊ ပညာအုပ် စသည် လာရင် တည်းခိုအသုံးပြုစရာ အိမ်သာ၊ ရေချိုးခန်းမှစလို့ ထားရှိရပါတယ်။ အဲဒါ ‘မအိမ်ကံ’ ဝတ္ထုမှာ မပါလာခဲ့ပါဘူး။ (ဒါကလည်း ကျွန်တော် သူကြီးသားအဖြစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာဖြစ်လို့ သတိပြုမိတာကြောင့် ရေးလိုက်တာပါ။) နောက်တခုက တောသား မြို့ရောက် ခေါက်ဆွဲသောက်တဲ့။ ‘တောသား မြို့သွား ဘိုကေထားကြ’ တဲ့အကြောင်းနဲ့ တောသူ ရောက်ရင် ဓာတ်ပုံဆိုင်ဝင်ပြီး ရှေးနန်းတွင်း မင်းသမီးအဝ်အစားနဲ့ ဖြစ်စေ၊ ရုပ်ရှင်မင်းသမီး အဝတ်အစားနဲ့ ဖြစ်စေ ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံရိုက်တဲ့ ဓလေ့ပါပဲ။ အဲဒါကလည်း အညာကျေးလက်တောရွာတွေမှာ အတော်အရေးပါတဲ့ ကိစ္စတွေပါ။ အလှူမင်္ဂလာတွေမှာ ဓာတ်ပုံဆရာ ခေါ်ရတာလည်း အထူးအရေးပါပါတယ်။ ခုခေတ်မှာတော့ ဗွီဒီယိုရိုက်တာ၊ အသံချဲ့စက် ငှားတာတွေပါ။ အပိုကိစ္စတွေ အထူးများလာခဲ့ပါပြီ။

အညာကျေးလက် အလှူမင်္ဂလာဆောင်တွေ အကြောင်းဟာ တခမ်းတနား စိတ်ဝင်စားစရာတွေပါ။ စာထဲ ပေထဲမှာတော့ အတော်အတန် တွေ့ရပါတယ်။ မကြာခင်ကပဲ ဘုန်းကြီး ဦးသုမင်္ဂလ(စစ်ကိုင်း) ရဲ့ အက်ဆေး စာအုပ်တွေမှာ အညာရှင်ပြုပွဲအကြောင်း ဖတ်လိုက်ရလို့ ပျောက်ပျက်လာပြီဖြစ်တဲ့ အညာဓလေ့တွေကို ဗွီဒီယို ရိုက်ထားသင့်တယ်လို့ ထင်မိပါတယ်။

ခင်ခင်ထူးရဲ့ ဝတ္ထုတွေကတော့ အညာဓလေ့စံနမူနာပြ ဝတ္ထုတွေမို့ အထူးစိတ်ဝင်စားမိပါတယ်။

မောင်ထင်ရဲ့ ‘ငဘ’ဝတ္ထုလို စာအုပ်မျိုးပါပဲ။ ‘ငဘ’ ဝတ္ထုက မြစ်ဝကျွန်းပေါ် လယ်သမားဘဝပါ။ မင်းအောင်ရဲ့ ‘မိုးအောက်မြေပြင်’ ကလည်း အညာဓလေ့ ဝတ္ထုပါပဲ။ ‘မအိမ်ကံ’ ဝတ္ထုကတော့ အညာဓလေ့ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ခြုံငုံမိတဲ့အပြင် အထူးသဖြင့် ‘ဘာသာစကား’ ရှုထောင့်က အလေးထားအပ်တဲ့ ဝတ္ထုကြီးတပုဒ်လို့ ထင်မြင်ခံစားမိပါကြောင်း။

မောင်စွမ်းရည်

၂၀၂၀ နိုဝင်ဘာ ၁၈