Breaking News

အောင်ဝေး - တစ္ဆေပေါင်မုန့်



အောင်ဝေး - တစ္ဆေပေါင်မုန့်

(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၁

" xxx လူ့ဘဝက သိပ်တိုတယ် xxx"
ဟန်ထွန်းသီချင်းလေး
အတူဆိုရအောင်။
၀င်ခဲ့ပါ
မေရီအင်တွိုင်းနက်
တံခါးကို ဖွင့်ထားပါတယ်။
၀င်ခဲ့
မေရီအင်တွိုင်းနက်ရေ
၀င်ခဲ့။
ဒီညမှာ
ခင်ဗျားလာမယ်သိလို့
တံခါးကို ကြိုဖွင့်ထား။
ဒီည
ခင်ဗျားလာရင်
နားဆင်ဖို့
ဟန်ထွန်းသီချင်းလေး ကျနော်ဖွင့်ထား။
၀င်လှည့်ပါ
မေရီအင်တွိုင်းနက်တစ္ဆေ။

" xxx လူ့ဘဝက သိပ်တိုတယ် xxx".
ဟန်ထွန်းသီချင်းလေး
အတူဆိုကြမယ်။
အမေရိက က
ကြိုဆိုပါတယ်။
မစ်ရှီဂန်က
ကြီဆိုပါတယ်။
၀င်ခဲ့ပါ
မေရီအင်တွိုင်းနက်တစ္ဆေရေ။
ခင်ဗျားက
၁၈-ရာစုက တစ္ဆေ။
အတိအကျပြောရရင်
၁၇၈၉-ပြင်သစ်တော်လှန်ရေးက
တစ္ဆေ။
ကျနော်က
ဟောဒီ ၂၁-ရာစုသစ်
မစ်ရှီဂန်မဲဇာမှာ
မသေဘဲနဲ့
တစ္ဆေ လာဖြစ်နေရတဲ့ကောင်။
ကျနော်ဟာ
ပြည်ပြေးတစ္ဆေပါ
မာရီအင်တိုွင်းနက်။
ဘယ်လိုပြောရမလဲ
ခင်ဗျားနားလည်အောင်ဆိုရင်။
၁၈၇၁-ပါရီကွန်မြွန်းကိုပဲ
ကိုးကားရတော့မယ်။

" xxx ထလော့
အငတ်ဘေးကျရောက်သူတွေ
ထလော့ xxx"
ကွန်မြွန်းလမ်းတွေဆီ
လှမ်းခြေချီ
အလုပ်သမားတွေ သီဆိုတဲ့သီချင်း။
ဒီသီချင်း
" အင်တာနေရှင်နယ် "
ရေးတဲ့သူ အလုပ်သမား၊ ကဗျာဆရာ
ယူဂျင်းပေါ်တီယာ။
ကွန်မြွန်းသံ ငြိမ်းတော့
သူ
အင်္ဂလန်ကို တိမ်းရ။
သူ
အမေရိကကိုရှောင်ရ။
သူ
သေတော့မှ
ပြင်သစ်မြေမှာ
ပြန် ခေါင်းချရတဲ့ဘဝလေ။

ကျနော်က
၂၀၀၇-ရွှေဝါရောင်တော်လှန်ရေးသိမ်းတော့
လွတ်မြောက်နယ်မြေကို တိမ်းရ။
လွတ်မြောက်နယ်မြေမှာ
မအေးချမ်းတော့
အမေရိက ကို မြန်းရ။
ပြည်ပြေးဆိုတာ
ဒါကိုခေါ်တာပါ
မေရီအင်တွိုင်းနက်။

၀င်လာလှည့်ပါ
ပြည်ပြေးတစ္ဆေတစ်ကောင်က
ကြိုဆိုပါတယ်
မေရီအင်တွိုင်းနက်တစ္ဆေရေ။
မစ်ရှီဂန်မှာ
ဥပဒေထုတ်ထားတော့
ကိုဗစ်စည်းကမ်းနဲ့အညီ
ခင်ဗျားလာရင်
Mask တပ်လာပါ။
Mask up, Michigan ပေါ ့
ကျနော်က
ကိုဗစ်အကျဉ်းသား
ဓားကို ဓားအိမ်ထဲ ထည့်ထားရတယ်။
Stay-at-home ပေါ ့
ကျနော်က
ကိုဗစ်အကျဉ်းသား
နှလုံးသားကို အိမ်ထဲ ပိတ်လှောင်ထားရတယ်။
တစ်ခုတော့ရှိတယ်
ခင်ဗျားလာရင်
ခင်ဗျားရဲ့ ကိတ်မုန့်တွေ
ယူမလာခဲ့ပါနဲ့။
တောင်းပန်ပါတယ်
မေရီအင်တွိုင်းနက်ရယ်။
" ပေါင်မုန့်မရှိရင်၊ ကိတ်မုန့်စားပါလား " *
ပြင်သစ်တော်လှန်ရေးကြီးထဲက
ခင်ဗျားရဲံ စကားတစ်ခွန်း
လူတွေ ပြောကြလွန်းလို့
လေထဲမှာ မွန်းနေပြီ။
ခင်ဗျားရဲ့လင်
လူဝီ(၁၆)ဘုရင်။
ရှင်ဘုရင်နဲ့ညားတော့
မိဖုရား
ခင်ဗျားလည်း
ဂီလိုတင်းဓားစက်အောက်
နှစ်ယောက်အတူ
ရောက်ရတာပဲ မဟုတ်လား။
၀မ်းနည်းပါတယ်
မေရီအင်တွိုင်းနက်။
ခင်းဗျားလင်ကို ပြောလိုက်ပါ
ဓားစက်အောက်ကို ၀င်သွားတာ
ခင်းဗျားတို့ ဦးခေါင်းတွေ
မဟုတ်ဘူးလို့။
ဓားစက်အောက်ကို ၀င်သွားတာ
လယ်သမားတွေရဲ့
မျက်ရည်နဲ့လုပ်ထားတဲ့
ကျိန်စာတွေ။
ဓားစက်အောက်ကို ၀င်သွားတာ
လယ်သမားတွေစိုက်တဲ့
ဂျုံခင်းတွေရဲ့
သွေးနံ့သင်းနေတဲ့
ကျိန်စာတွေ။
မေရီအင်တွိုင်းနက်ရယ်
ခင်ဗျားရဲ့ ကိတ်မုန့်တွေကိုတော့
၁၈-ရာစုမှာ ထားခဲ့တော့။

" xxx ကိတ်မုန့်က သိပ်ချိုတယ် xxx "
ဘယ်လိုလဲ
ဟန်ထွန်းလို ဆိုချင်သေးလား။
ဟ ဟ ပဲ ရမယ်
မေရီအင်တွိုင်းနက်။
ကိုဗစ်အကျဉ်းသားဘဝမှာ
ကိုဗစ်နှင်းဆီပန်းများလည်း
မပွင့်လန်းနိုင်။
ကိုဗစ်အကျဉ်းသားညမှာ
ကိုဗစ်ငွေလရောင်လည်း
မလင်းမြနိုင်။
ကိုဗစ်အကျဉ်းတောင်ဆိုတာ
ခင်ဗျားတို့ ပါရီက
ဘာစတီးအကျဉ်းထောင်ထက်
ဆိုးသပေါ ့။
ကိုဗစ်အကျဉ်းထောင်ဆိုတာ
ပိုလန်က
အော့ဇဝစ်အကျဉ်းထောင်ထက်
ဆိုးသပေါ ့။
ကိုဗစ်အကျဉ်းထောင်ဆိုတာ
မြန်မာပြည်က
အင်းစိန်အကျဉ်းထောင်ထက်
ဆိုးသပေါ ့။
မေရီအင်တွိုင်းနက်
စပိန်တုပ်ကွေးလည်း
ခင်ဗျား မခံစားရ။
မေရီအင်တွိုင်းနက်
ကိုရိုနာဗိုင်းရပ်စ်လည်း
ခင်ဗျား မခံစားရ။
ခင်ဗျားဟာ
မနာလိုစရာပဲ။
ကျနော်တို့အဖြစ်က
ကိုဗစ်ကပ်ကြီးထဲ
ယောင်တီးယောင်နနဲ့
လူဖြစ်ရတဲ့အလွဲ။
နေ့ သေမလား
ည သေမလား
အသက်ကို အရက်ပြန်နဲ့ ပွတ်နေရတယ်။

ကိုဗစ်ဟာ စစ်ပဲ
ကိုဗစ်ဟာ
အသံတိတ်မီးလျှံပဲ။
ပြင်သစ်က
နော်တာဒိမ်းဘုရားကျောင်းကြီး
မီးစွဲတာထက် ဆိုးတယ်။
၁၇၈၉-တော်လှန်ရေးတုန်းက
လယ်သမားတွေက
ပေါင်မုန့်တောင်းကြတယ်။
၁၈၇၁-ကွန်မြွန်းကျတော့
အလုပ်သမားတွေက
ပေါင်မုန့်တောင်းကြပြန်တယ်။
ကဲ- ပေါင်မုန့် ဘယ်မှာလဲ
မေရီအင်တွိုင်းနက်
ဘယ်မှာလဲ ပေါင်မုန့်။
ဆင်းရဲတွင်းနက်နက်ထဲမှာ
နှင်းဆီအိပ်မက်
မမက်ဘူး။

ပြင်သစ်မှာ
မိုနေးရဲ့
အင်ပရက်ရှင်းနေထွက်ချိန်။(၁၈၇၂)
ဟော်လန်မှာ
ဒုက္ခနဲ့မှောင်နေတဲ့
အခန်းကျဉ်းလေးထဲ
ဗန်ဂိုးရဲ့
အာလူးစားသူများ။ (၁၈၈၅)
စားရမဲ့
သောက်ရမဲ့
ငတ်ပြီးသေတာထက်။
ကိုဗစ်ကပ်ကြီးထဲ
Mask ကြီးတပ်ပြီး သေရတာ
ဆိုးလှသပေါ ့။

ဒီညမှာ
တံခါးဖွင့်ထားတယ်
ခင်ဗျား ၀င်လာခဲ့ပါ
မေရီအင်တွိုင်းနက်တစ္ဆေ။
ဒီညမှာ
ခင်ဗျားကို ဖိတ်ခေါ်ဖို့
သမိုင်းနဲ့ခေတ်ပြိုင်က
ခွင့်ပြုထားပါတယ်။
သမိုင်းနဲ့ခေတ်ပြိုင်က
အလိုမတူရင်
သစ်ရွက်တောင်မလှုပ်ဘူး
မဟုတ်လား။
ကိုဗစ်ခေတ်ကြီးမှာ
အချစ်နဲ့
တောင်းခံရင်တော့
သစ်ရွက်က
ငါးဖြစ်စေ။
သစ်ရွက်က
ပေါင်မုန့်ဖြစ်စေ။
သစ်ရွက်က
ချိုးငှက်ဖြစ်စေ။
ကိုဗစ်စစ်ကြီးမှာ
ကိုယ်ချင်းစာတရားသာ
လက်နက်။
သစ်ရွက်က
လက်နက်ဖြစ်စေ။
ကိုဗစ်ကပ်ဆိုးကြောင့်
လူတွေအပေါ်
ဓားမိုး မရွာစေချင်ဘူး
မေရီအင်တွိုင်းနက်ရယ်။
ကိုဗစ်အလွမ်းတွေ
ပန်းလို မဝေစေချင်ဘူး
မေရီအင်တွိုင်းနက်ရယ်။
ကိုဗစ်ကြီး ပြီးသွားရင်
ချစ်သူတွေ
ပျော်ရွှင်နေတာပဲ
မြင်ချင်ပါတယ်။
ကိုဗစ်ကြီး စဲသွားရင်
ချစ်သူတွေ
အဆင်ပြေနေတာပဲ
တွေ့ချင်ပါတယ်။

ဘဝမှာ
မပျော်ရွှင်တဲ့အခါ။
ဘဝမှာ
အဆင်မပြေတဲ့အခါ။
အမေရိကန်သမ္မတကတော်
မီလင်နာထရန့်ကလည်း
အိမ်ပဲ ပြန်ချင်တယ် တဲ့။
မြန်မာကဗျာဆရာ
မောင်အောင်ပွင့်ကလည်း
တောပဲ ပြန်ချင်ပါတယ် တဲ့။
ကျနော်လည်း
အိမ်ပြန်ချင်တာပေါ ့
မေရီအင်တွိုင်းနက်ရယ်။
၀ံပုလွေအူသံတွေ
မကြားပါရစေနဲ့
မေရီအင်တွိုင်းနက်ရယ်။
" ဘီယာဘူးခွံ၊ နှင်းတောကျွံနစ် " တဲ့
ချစ်တဲ့ကြည်အေး ဖွဲ့သလို
မစ်ရှီဂန်မဲဇာမှာ။
ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
မြှုံးထဲကငါးပမာ
ကိုဗစ်အကျဉ်းသားဖြစ်ရတဲ့
မစ်ရှီဂန်မဲဇာမှာပေါ ့။

ကမ္ဘာပေါ်မှာ
လူတွေကို
၀၀လင်လင် စားစေချင်တယ်။
ကမ္ဘာပေါ်မှာ
လူတွေကို
၀၀လင်လင် အိပ်စေချင်တယ်။
ကိုဗစ်ကပ်ကြီး
ပြီးသွားရင် ဆိုတဲ့ စိတ်ကူးနဲ့
အထူးလွမ်းမိတာက
ငြိမ်းချမ်းရေးညစာပါပဲ
မေရီအင်တွိုင်းနက်ရေ။
အပူအပင် မရှိ
မြစ်တွေ တသွင်သွင်စီးတဲ့အခါ
အချစ်နဲ့ ပေါင်မုန့်
လဲကြမယ်။
သောက ဗျာပါဒမရှိ
ညရဲ့လရောင်ဖြာတဲ့အခါ
ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေး
လဲကြမယ်။
ကိတ်မုန့်တွေ
မလိုပါဘူး
ပြန်ယူသွား မေရီအင်တွိုင်းနက်။
ပေါင်မုန့်မရှိလို့
ခင်ဗျားခေတ် လယ်သမားတွေ
မငြိမ်းချမ်းခဲ့ရှာပါဘူး။
ခင်ဗျားကြီး
သူတို့ကို မချစ်ခဲ့ပါဘူး။
ခင်ဗျားသာ
သူတို့အပေါ် မေတ္တာထားခဲ့ရင်
အချစ်က
ပေါင်မုန့်ဖြစ်မှာ။
လူတွေကို
ချစ်ပါဗျာ။
ကိုဗစ်ကပ်ကြီးထဲမှာ
လူတွေကို
ပိုပြီး ချစ်ရအောင်ပါ။
အချစ်က
ပေါင်မုန့်ဖြစ်စေ။
ပေါင်မုန့်ရှိတဲ့နေရာမှာ
ငြိမ်းချမ်းရေး ရှိတယ်။
ဇာဘုရင်ခေတ်တုန်းက
ရုရှားမှာ။
စစ်သားကကြမ်း
ကောင်မလေး
နမ်းမယ်လုပ်တော့
စူပွပွနှုတ်ခမ်းလေးက
" ပေါင်မုန့်ပေးပါ " တဲ့။
အနမ်းနဲ့ ပေါင်မုန့်
လဲခဲ့ကြ။
မေရီအင်တွိုင်းနက်ရယ်
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
အချစ်နဲ့ ပေါင်မုန့်
လဲလို့မရဘူးလား။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေး
လဲဖို့မလိုဘူးလား။

ဟန်ထွန်းသီချင်းလေးလို
လူ့ဘဝက
သိပ်ကို တိုပါတယ်။
ဘဝတာ တိုတိုမှာ
အရသာချိုချို
မလိုပါဘူး
ပေါင်မုန့်တစ်လုံးပဲ လိုပါတယ်။
မာရီအင်တွိုင်းနက်တစ္ဆေရေ
ခင်ဗျား
ပါရီကို မပြန်ခင်
ပေါင်မုန့်တစ်လုံးတော့ ဖုတ်ပေးခဲ့ပါ။
ကိုယ်ချင်းစာတရားနဲ့ ဖုတ်တဲ့
ပေါင်မုန့်ပေါ ့။
ကမ္ဘာပေါ်မှာ
မပျော်ရွှင်သူ လူတွေ
ကျနော် ကျွေးလိုက်ပါ ့မယ်။
ဟောဒီမှာ
မေရီအင်တွိုင်းနက်ပေါင်မုန့်
တစ္ဆေပေါင်မုန့်
ကိုဗစ်ပေါင်မုန့်။ ။

(ဇန်နဝါရီ ၁၂၊ ၂၀၂၁)
* Let them eat cake. (Qu'ils manget de la brioche.)