Breaking News

ဇင်လင်း - ငြိမ်းချမ်းရေးဖော်ဆောင်ရန် ညီညွတ်ရေး ရှိဖို့လိုသည်




ဇင်လင်း - ငြိမ်းချမ်းရေးဖော်ဆောင်ရန် ညီညွတ်ရေး ရှိဖို့လိုသည်

(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၁


ဤ ၂၀၂၁ နှစ်သစ်တွင် နိုင်ငံရေးအခင်းအကျင်းများက အလွန်တရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား မဲပေးခဲ့ကြသော ပြည်သူလူထုက လူသစ်စိတ်သစ် ဖြင့် အခြေအနေသစ်များကို မျှော်လင့်နေကြသည်။ ပြည်သူအများစုက တရားဥပဒေ စိုးမိုး၍ ငြိမ်းချမ်း သာယာဝပျောသော နိုင်ငံတော် အခင်းအကျင်းအသစ်ကို မျှော်လင့်ထားကြသည်။ သို့သော် ပြည်ထဲအရေး ပေါက်နှင့်ကျေးဟု ဆိုသည့်အတိုင်း မျှော်လင့်သလို ဖြစ်လာရေးမှာ လွယ်ကူလှသည်တော့ မဟုတ်။ စိန်ခေါ်မှုကြီးအချို့ကို ဖြတ်ကျော်ရန် ရှိနေသည်။ အထူး သဖြင့် နှစ်ပေါင် (၇၀) ကျော် ရှည်ကြာခဲ့သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ အပြီးတိုင်ချုပ်ငြိမ်းရေးဆိုသည့်နိုင်ငံရေး ပြဿနာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အား ထိပ်ဆုံးမှ စိန်ခေါ်နေသည်။ ထို့ပြင် တိုင်းရင်းသား မျိုးနွယ်စု များနှင့် သွေးစည်း ညီ ညွတ်ရေး၊ ငြိမ်းချမ်းရေးညီလာခံအောင်မြင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ဆိုသည့် လုပ်ငန်းတာဝန်များကလည်း စောင့်ဆိုင်း စိန်ခေါ်နေကြသည်။

အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖေါ်ဆောင်ရာ၌ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြကြောင်း ‘သတင်းနှင့် မီဒီယာကွန်ရက်’ ၏ အွန်လိုင်းစာမျက် နှာ၌ ဖော်ပြသည်။ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ် PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပဋိပက္ခများ လျော့နည်းလာနိုင်သည်ဟု သုံးသပ် သည်။ NLD ပါတီအနေဖြင့် ပြည်သူထောက်ခံမှု အပြည့်အဝ ရထားသဖြင့် မိမိတို့ဖေါ်ဆောင်လိုသည့် မူဝါဒကို လွတ်လွတ် ကျွတ်ကျွတ် အကောင်အထည် ဖော်နိုင်မည်ဟု ဆိုသည်။ EAOs များကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး၊ တပ်မတော်ဖက်ကလည်း နားလည်မှု ရှိရှိနဲ့ ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက၊ အငြင်းပွားမှု နည်းနည်းဖြင့် ပူးပေါင်းဆောင် ရွက်မှုများများ လုပ်နိုင်လိမ့်မည်ဟု ရည်မှန်းကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

၂၀၁၅ မှ ၂၀၂၀ ခုနှစ် လက်ရှိ အစိုးရသက်တမ်းတွင် စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးသော်လည်းကောင်း၊ အစိုးရနှင့် တပ်မတော်တို့ ဆက်ဆံရေးသော်လည်းကောင်း၊ တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆက်ဆံရေးသော်လည်း အားမကောင်းခဲ့သဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုးတက်သင့် သလောက် တိုးတက်မှု မရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထောက်ပြ သည်။

လက်ရှိတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအတွက် တပ်မတော်က ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေး ကော်မတီကို ဖွဲ့စည်းထားသကဲ့သို့ အစိုးရကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs နှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားရန်ရှိသည်ဟု ဆိုသည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ပိုမို လျင်မြန်လာရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

“ကျနော် တစ်ယောက်အနေနဲ့ သုံးသပ် မိတာကတော့ လာမယ့် အစိုးရသစ် ဖွဲ့စည်းပြီးတဲ့ နောက်မှာကတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရရော တပ်မတော်ကပါ တက်သုတ်ရိုက် သွားချင်တဲ့ ဆန္ဒတွေပေါ်တယ်။ ကျနော် အဲ့သလို အမြင်ရှိတယ်။ ဘာကြောင့်လဲဆိုရင် အခု ဖွဲ့စည်းလိုက်တဲ့ တပ်မတော်ကိုယ် စားလှယ်တွေ ပြန်လည် ဖွဲ့စည်းတယ် ဆိုပေမယ့်လည်း လူဟောင်းတွေပါပဲ။ အရင်တုန်းက ဖွဲ့စည်း လိုက်တဲ့ ကိုယ်စားလှယ်ဟောင်းတွေ ပါပဲ။ အစိုးရဖက်ကတော့ NRPC ကိုတော့ ပြန်လည်စုဖွဲ့မယ့် သဘောတော့ ရှိလိမ့်မယ်လို့ ကျနော် မြင်တယ်။” ခူးဦးရယ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာ ၉ ရက်နေ့က “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တွေ့ဆုံမှု ရှိခဲ့ကြသည်။ ဒီဇင်ဘာလ ရ ရက်နေ့ကလည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။

သတင်းကောင်းတစ်ခုမှာ ၂၀၂၁ ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ ပဏာမ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု ရရှိရေးအတွက် ‘မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့’ နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရက စီစဉ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ဇန်နဝါရီ ဒုတိယ သီတင်းပတ်တွင် ကျင်းပရန် အစိုးရဘက်က ကမ်းလှမ်းထားသည်ဟု ဆိုသည်။ ‘မြောက်ပိုင်း မဟာမိတ်လေးဖွဲ့’ ဘက်က အကြောင်းမပြန်သေးဟု ဦးဇော်ဌေးက ပြောသည်။ အစိုးရ၏ ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူချက် မူကြမ်းကို မြောက်ပိုင်းမဟာမိတ် ၄-ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် AA၊ တအာင်း လွတ်မြောက်ရေးတပ် TNLA နှင့် ကိုးကန့် MNDAA အဖွဲ့တို့ထံ ပေးပို့ထားပြီးဖြစ်သည်ဟု လည်း ဆိုသည်။

တစ်ချိန်တည်းတွင် NCA အပစ်ရပ် လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များကလည်း အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘာ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အဖွဲ့ဝင် ၁၀ ဦးပါသည့် တွေ့ဆုံ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားသည်ဟု သိရသည်။ ထို့အပြင် ရွေးကောက်ပွဲကြောင့်သော်လည်းကောင်း၊ COVID-19 ကပ် ရောဂါကြောင့်သော်လည်းကောင်း ရပ်တန့်နေသည့် အစိုးရ၊ တပ် မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ တွွေ့ဆုံမှု များမှာ အစိုးရနှင့် တပ်မတော်တို့က ဆက်သွယ်လာလျှင် အချိန်မရွေး ပြန်လည် စတင်နိုင်သည့် အနေအထားတွင် ရှိသည် ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

ထို့ကြောင့် လာမည့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါ၀င်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အ နေဖြင့် ပဋိပက္ခအသွင်ဆောင်သည့် အငြင်းပွားစရာ ဆွေးနွေးညှိနှိုင်းမှုများထက် အပြုသဘောဆောင်သည့် ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုသည်ဟု ၎င်းက ဆိုသည်။ လက်ရှိ အစိုးရသက်တမ်းတွင် ရခိုင်ဒေသမှလွဲ၍ အခြား တိုင်းရင်းသားဒေသ များမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ လျော့နည်း သွားသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုများမှာ ယခင် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် တိုးတက်မှုမရှိပဲ နှေးကွေးနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်များနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဝေဖန်ကြသည်။

လက်ရှိအခြေအနေတွင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ကျဆင်းလျှက်ရှိသည်။ လက်နက်ကိုင် ပဋိပက္ခများ တိုးပွားမလာရေးအတွက် နှစ်ဖက်တပ်များအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းကသာ ပြေလည်မည့်နည်းလမ်းဖြစ်သည်ဟုယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၌ တပ် မတော်နှင့် KNU တပ်မဟာ အချို့အကြား ထိတွေ့ပစ်ခတ်မှု များဖြစ်ပွားခဲ့သည်။ ဖာပွန်ခရိုင် KNU တပ်မဟာ (၅)အုပ်ချုပ်နယ်မြေ၌ ဒေသခံများ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။ KNU ၏ ထုတ်ပြန်ချက်တွင် ဒေသခံများက တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းရေးဆန္ဒပြ တောင်းဆိုမှု အား စာနာထောက်ခံကြောင်း၊ ထို့အပြင် ကြောက်ရွံ့မှုကင်းသည့် ပြည်သူပြည်သားများ အဖြစ် ဘဝရပ်တည်နိုင်ရန် လိုလား ကြောင်း၊ အပစ် အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ယုံကြည်မှု ရရှိသည့် အခြေအနေ တည်ဆောက်ရန် KNU အနေဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

တပ်မတော်နှင့် KNU တပ်မ ဟာ (၅) အကြား ထိတွေ့ပစ်ခတ်မှု၊ တပ်မတော်နှင့် KNU တပ်မဟာ (၃) အကြား ထိတွေ့ ပစ်ခတ်မှုတို့ရှိနေ၍ ယင်းစစ်ရေးပဋိပက္ခ များ ပိုမိုမကျယ်ပြန့်လာရေး သက် ဆိုင်ရာတပ်မှူးများနှင့် ဆွေးနွေး ခဲ့ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းကပြောကြောင်း 7Day News သတင်း၌ ဖော်ပြသည်။ KNU အနေဖြင့် NCA အပေါ် ရပ်တည်၍ အပစ်ရပ်စဲရေးခိုင်မာရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ နိုင်ငံရေးပြဿနာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌သဘော တူညီထားသည့်အတိုင်း ဆက်လက် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အပစ်ရပ်စဲရေး ခိုင်မာရေးကို ဆက်လက် ဆောင်ရွက်နေစဉ် ကာလအတွင်း ယုံကြည်မှုနှင့် နားလည်မှုများ လွဲမှားခြင်း မရှိစေရန် ၀ိုင်းဝန်းရွက်ရမည်ဟု ဆိုသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန်ယုံကြည်မှု အားနည်းခြင်းကြောင့် ပဋိပက္ခများ ပေါ်ပေါက်မည်ကို စိုးရိမ်သည်ဟုလည်းဆိုသည်။

အပစ်ရပ်စဲရေး ခိုင်မာစေရန်အတွက် တပ်မတော်နှင့် တပ်ပိုင်း ဆိုင်ရာ တွေ့ဆုံညှိနှိုင်းနိုင်ရေး စာပို့ထားသော် လည်း ပြန် ကြားချက်မရသေးကြောင်း ၎င်း ကဆိုသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က လည်း KNU နှင့် ယခုလအတွင်း တွေ့ဆုံရန် အဆိုပြုထား၍ သင့်တော်သည့်အချိန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင် ရွက်နေသည်ဟု ပဒို စောကွယ်ထူးဝင်းက ပြောသည်။ တပ်မတော်နှင့် KNU တပ်မ ဟာ (၅) တို့သည် ၂၀၂၀ ဒီဇင် ဘာနှင့် ယခု ဇန်နဝါရီတွင် ဖာပွန် ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၂၀ ကျော်ရှိခဲ့သည်ဟု တပ်မဟာ(၅) ပြောရေး ဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုများသည် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှု မလုပ် ခဲ့၍ ပေါ် ပေါက်လာသည့် နောက်ဆက်တွဲ ရလဒ်များဟု ၎င်းကဆိုသည်။ NCA အပစ်ရပ်အဖွဲ့များ အစိုးရ နှင့် တွေ့ဆုံရန် ရှိသော် လည်း အပစ်ရပ်အဖွဲ့များဘက်မှ အဆင်သင့်မဖြစ်သေးကြောင်း အပစ်ရပ် ၁၀ ဖွဲ့တွင် ပါဝင်သည့် ‘မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး’ ABSDF က ပြောသည်။

လက်ရှိတွင် အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် အဆင်သင့် အနေအထားတွင် ရှိနေပြီး အပစ်ရပ်အဖွဲ့များက အဖွဲ့ ဆယ်ဖွဲ့ အတွင်း သဘောထားတစ်ခုတည်း ရရှိအောင် ညှိနှိုင်းနေရသည့် အခြေအနေတွင်ရှိသည်ဟု ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြောင်း သတင်းနှင့် မီဒီယာကွန်ရက် သတင်းက ဆိုသည်။ NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းကို COVID-19 ကပ် ရောဂါအခြေအနေကောင်းမှသာ ကျင်းပနိုင်မည့်အနေအထားတွင် ရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ် တပ်ဦး ABSDF ဒု-ဥက္ကဋ္ဌက ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေးအဖွဲ့တစ်ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ PPST ၏ ထို ယာယီ တွေ့ဆုံညှိနှိုင်း ရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အပစ် ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ် တစ်ယောက်ကျစီ ပါဝင်မည်ဟု သိရသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

ထို့ကြောင့် လာမည့် NLD အစိုးရအသစ် ပြန်လည်ဖွဲ့စည်းပြီးချိန်တွင် စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် နိုင်ငံရေးအရ သန္နိဋ္ဌာန် ခိုင်မာဖို့လိုပေသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်း ပိုမိုခိုင်မာစေရန် တပ်မတော် က အစိုးရ၏ ဦးဆောင်မှုကို လိုက်နာဖို့လိုသည်။ နိုင်ငံတကာတွင် ဝေဖန်ပြောဆိုနေသကဲ့ သို့ အစိုးရ၏ မူဝါဒလမ်းစဉ် နှင့် တပ်မတော်၏ လုပ်ဆောင်ချက်တို့ ကွဲလွဲနေပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်သား နိုင်ငံရေးပါတီ များအား တွေ့ဆုံ ဆွေးနွေးရာတွင် တစ်ဆို့မှု ဖြစ်နိုင်သည်။ အလားတူ ငြိမ်းချမ်းရေးဖေါ်ဆောင်၌လည်း နားလည်မှု လွဲမှားခြင်းများ ကြုံနိုင် သည်။ ထို့ကြောင့် အစိုးရနှင့် တပ်မတော်တို့အနေဖြင့် ဤ ၂၀၂၁ ခုနှစ်တွင် တစ်စိတ်တည်း တစ်ဝမ်းတည်း ပြည်ရေးကို ပြိုင်တူချီကြမှသာ ကိုဗစ်-၁၉ ပြဿနာအပါအဝင် နိုင်ငံရေး စီးပွားရေးနှင့် နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာ အကျပ်အတည်းများ ကို ချောချော မောမော ကျော်လွှားနိုင်မည်ဖြစ်သည်ဟု သုံးသပ်မိသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၁၀၊ အမှတ် ၂၊ ၁၄ - ၁ -၂၀၂၁ ကြာသပတေးနေ့ထုတ်၌ ဖော်ပြသည့် ဆောင်းပါး။