Breaking News

သီဟလတ် - လွတ်လပ်ရေးကျောက်တိုင်နဲ့ လွတ်လပ်ရေးကျောက်တိုင် ပုံစံ‌‌ထုတ်‌ရေးဆွဲသူ ဗိသုကာဦးအုန်းကြိုင်


သီဟလတ် - လွတ်လပ်ရေးကျောက်တိုင်နဲ့ လွတ်လပ်ရေးကျောက်တိုင် ပုံစံ‌‌ထုတ်‌ရေးဆွဲသူ ဗိသုကာဦးအုန်းကြိုင်

(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၁

လွတ်လပ်ရေးကျောက်တိုင် 


လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချအခမ်းအနားကို ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးကြေညာစာတမ်းဖတ်ကြားပြီးလို့ ၃ နာရီကျော်‌လောက်အကြာ မနက် ၈ နာရီအချိန် မြို့တော်ခန်းမရှေ့ဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ဝန်ကြီးချုပ်ဦးနုက အုတ်မြစ်ချမိန့်ခွန်းပြောကြားပြီး ဖဆပလအထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဌာန် ၉ ချက်ကိုတိုင်ပေးကာ လူထုပရိသတ်ကြီးက လိုက်ဆိုကြပါတယ်။



လွတ်လပ်ရေးကျောက်တိုင်ကို ဆိပ်ကမ်းအုပ်ချုပ်ရေးဘုတ်အဖွဲ့က အင်ဂျင်နီယာနဲ့ ဗိသုကာဦးအုန်းကြိုင် ပုံစံထုတ် ရေးဆွဲခဲ့တာပါ။ အဲဒီကာလက ပြည်ထောင်စုမြန်မာနိုင်ငံအလံ‌တော်ပါ ကြယ်ကြီးတစ်လုံးကို ကြယ်ငါးလုံးရံထားတဲ့ ပုံသဏ္ဍာန်ကိုယူပြီး ပုံစံထုတ်ထားတာဖြစ်ပါတယ်။ အလယ်ကကြယ်ပွင့်သဏ္ဍာန် ငါးထောင့်ချိုး‌ပင်မကျောက်တိုင်ကို ဆူးလေစေတီတော်ကြီးထက် နည်းနည်းနှိမ့်ပြီး ၁၅၅ ပေအမြင့်ပဲ တည်ဆောက်ထားပါတယ်။ အရံကြယ်သဏ္ဍာန်ကျောက်တိုင်ငါးတိုင်ရဲ့အမြင့်ကတော့ ပင်မကျောက်တိုင်အမြင့်ရဲ့ ငါးပုံတစ်ပုံပဲရှိပါတယ်။
လွတ်လပ်ရေးကျောက်တိုင်ကို ငလျင်ဒဏ်၊ရာသီဥတုဒဏ်ခံနိုင်အောင် အောက်ခြေမြေအနက် ၁၀ ပေခန့်မှာ အချင်းပေ ၅၀ ခန့် ဓာတ်ရထားသံလမ်းတွေကို ထီးခရိုင်ဖွဲ့သလို ဖွဲ့စည်းထားပြီး အုတ်မြစ်ချခဲ့ပါတယ်။


ကျောက်တိုင်ဆောက်လုပ်ရေးလုပ်ငန်းကို အေစီမာတင်(A.C.Martin)ကုမ္ပဏီက ကန်ထရိုက်ယူဆောက်လုပ်ခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်ငါးသိန်းကျော် ရှိတယ်လို့ဆိုပါတယ်။

လွတ်လပ်ရေးကျောက်တိုင်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူးက ဗိုလ်တထောင်အမတ် သီရိပျံချီဦးသန်းစိန်ဖြစ်ပြီး ကော်မတီကြီးကြပ်ရေးပညာရှင်တွေကတော့ အင်ဂျင်နီယာနဲ့ဗိသုကာဦးအုန်းကြိုင်၊ ဦးကျော်စိန်(အငြိမ်းစားအင်ဂျင်နီယာချုပ်၊ပြည်သူ့အိုးအိမ်အဖွဲ့)နဲ့ ဗိသုကာစည်သူဦးတင်(ရန်ကုန်မြူနီစီပယ်အဆောက်အဦအင်ဂျင်နီယာ) တို့ဖြစ်ကြပါတယ်။


လွတ်လပ်ရေးကျောက်တိုင်ကို ၁၉၅၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အခမ်းအနားနဲ့ဖွင့်လှစ်ပါတယ်။ ဖွင့်ပွဲအထိမ်းအမှတ် ရောင်စုံမီးတွေထွန်းညှိ‌ပြီး ပွဲလမ်းသဘင်ကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

လွတ်လပ်ရေးကျောက်တိုင်ဟာ သူ့ပတ်ဝန်းကျင်က ဆူးလေစေတီတော်၊ မြို့တော်ခန်းမ၊ တရားရုံးချုပ်အဆောက်အအုံတို့နဲ့ လိုက်လျောညီထွေ တင့်တယ်လှပါတယ်။

လွတ်လပ်ရေးကျောက်တိုင်ရဲ့အထက်စီးမြင်ကွင်းပုံကိုကြည့်မယ်ဆိုရင် ကြယ်ကြီးတစ်လုံးကို ကြယ်ငါးလုံးကဝန်းရံနေတဲ့ပုံ တွေ့ရမှာပါ။ ကျောက်တိုင်အောက်ခြေပတ်လည်မှာ ခြင်္သေ့ရုပ် ၁၀ ရုပ်ဝန်းရံထားပါတယ်။

ပင်မကျောက်တိုင်ရဲ့အခြေပတ်လည်မှာတော့
၁။ လွတ်လပ်ရေးကြေညာစာတမ်း
၂။ သစ္စာအဓိဌာန်ကိုးချက်
၃။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နုတ်ချက် ၆ ချက်
၄။ ပါလီမန်မှာဝန်ကြီးချုပ်ဦးနုပြောကြားခဲ့တဲ့ လွတ်လပ်ရေးနေ့မိန့်ခွန်း
၅။ ဝန်ကြီးချုပ်ဦးနုရဲ့ လွတ်လပ်ရေးကျောက်တိုင်အုတ်မြစ်ချမိန့်ခွန်းတွေကို ကျောက်သားမှာရေးထိုးထားပါတယ်။

အပိုဒ် ၆ ပိုဒ်ပါ လွတ်လပ်ရေးကြေညာစာတမ်းရဲ့ အပိုဒ် ၄ မှာ "ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသားရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ" စသည်ဖြင့်ဖေါ်ပြထားပြီး -

အပိုဒ် ၅ မှာ "ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်း၏ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ဒို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်" စသည်ဖြင့်ဖေါ်ပြထားတာကို တွေ့နိုင်ပါတယ်။

ဗိသုကာဦးအုန်းကြိုင်

လွတ်လပ်ရေးကျောက်တိုင် ပုံစံထုတ်ရေးဆွဲခဲ့သူ ဗိသုကာဦးအုန်းကြိုင်ကို ၁၉၀၅ ခု ဇူလိုင်လ ၉ ရက်နေ့ တနင်္ဂ‌နွေနေ့မှာ မွေးဖွားခဲ့ပြီး မိဘတွေက ဦးချိတ်၊ ဒေါ်မိန်းကလေးတို့ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဗိုလ်တထောင်ဇာတိပါ။
ဦးအုန်းကြိုင်ဟာ လုပ်ငန်းခွင်ဝင်ရောက်ပြီးမှ အေ၊အမ်၊အိုင်၊စီ၊အီး ဒီပလိုမာကို အဝေးရောက်ဘွဲ့အဖြစ် ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဂျပန်ခေတ်မှာ ဘီအိုင်အေ(ဗမာ့လွတ်လပ်ရေးတပ်မတော်)ကို ဝင်ရောက်ပြီး ဗိသုကာ၊အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ အေစီမာတင်ကုမ္ပဏီနဲ့ ကလပ်အင်ဂရိကုမ္ပဏီတို့မှာလည်းအလုပ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။

၁၉၂၈ ခုက ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးဘုတ်အဖွဲ့မှာ အလုပ်ဝင်ခဲ့ပြီး ၁၉၅၈ ခုမှာ အင်ဂျင်နီယာအရေးပိုင်ဘဝက အငြိမ်းစားယူခဲ့ပါတယ်။

ဗိုလ်တထောင်ဘုရား၊ ပဲခူးရွှေမော်ဓောဘုရား၊ ဓနုတ်ဘုရား၊ တွံတေးရွှေဆံတော်ဘုရားနဲ့ ကမ္ဘာအေးပိဋကတ်တိုက်တွေ တည်ဆောက်တာ ၊ပြုပြင်တာတွေလည်း ဦးအုန်းကြိုင် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ ဗုဒ္ဓသာသနာအဖွဲ့ကတဆင့် ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့မိုဂျီမြို့‌တွေမှာ ဘုရားတည်ဆောက်ဖို့သွားရောက်ခဲ့ပြီး လိုအပ်တဲ့ပုံစံတွေ ရေးဆွဲပေးခဲ့ပါတယ်။

ရန်ကုန်ဆိပ်ကမ်းအတွင်းမှာရှိတဲ့ အဆောက်အဦတွေ၊ ဗောတံတားတွေ၊ ဝိုင်အမ်ဘီအေ အဆောက်အဦ၊ သင်္ကန်းကျွန်း လုပ်သားဘဝမြင့်ရိပ်သာ၊ နန်းသီတာနဲ့ မြနန္ဒာအဆောက်အဦတွေကလည်း ဦးအုန်းကြိုင်ပုံစံရေးဆွဲတည်ဆောက်ခဲ့တာပါ။

ဦးအုန်းကြိုင်ဟာ မြန်မာနိုင်ငံအပျော်တမ်းဓာတ်ပုံအသင်းရဲ့ ပထမဆုံးဥက္ကဌဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်လည်း ဖြစ်ပြီး ဦးအုန်းကြိုင်ရေးသားတဲ့ 'ပြက္ခဒိန်သုတေသီကျမ်း'ကို စာပေဗိမာန်က စာမူခ ၁၂၀၀ ကျပ်နဲ့ဝယ်ယူခဲ့ပါတယ်။

ဦးအုန်းကြိုင်ဟာ ၁၉၆၇ ခုနှစ် ဇန်နဝါရီလ ၂ ရက် အသက် ၆၂ နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။

သီဟလတ်၊ ၂-၁-၂၀၂၁

ကိုးကား - ပြည်တော်သာခရီး-ဦးသန့်၊ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်-မြဟန်၊ ဗမာပြည်နှစ်ပေါင်း ၂၀၀ မှတ်တမ်းကြီး-ကမ္ဘောဇမြင့်လွင်၊ လွတ်လပ်ရေးကျောက်တိုင်နှင့်ပိသုကာ-ငွေထွန်းအောင်၊ ကြေးမုံသတင်းစာ-၁၉၆၅ ခုနှစ် လွတ်လပ်ရေးနေ့အထူး၊