Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၀ ရက် မြောက်နေ့ မြင်ကွင်း ...


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၀ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁

မနေ့ကတော့ (၂၀။၂။၂၀၂၁) မြန်မာပြည်မှာ နောက်ထပ် သွေးမြေကျရတဲ့ နေ့ဖြစ်ပါတယ်။ မန္တလေးမှာ ရဲနဲ့ စစ်တပ်က သပိတ်မှောက်နေတဲ့ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲလို့ အနည်းဆုံးလူ ၂ ဦး သေဆုံး ၂၀ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရကြတယ်လို့ ကနဦးသတင်းများက ဆိုပါတယ်။

 

ဖေဖော်ဝါရီ ၁၉ မှာ အသက်ရှုစက်ကို ဖြုတ်လိုက်ပြီး သေဆုံးကြောင်း ထုတ်ပြန်လိုက်တဲ့ ဦးနှောက်ထဲ သေနတ်ကျည်ဆံသင့်ခဲ့သူ မြသွယ့်သွယ့်ခိုင်ရဲ့ နာရေးသတင်းဟာ စစ်အာဏာသိမ်းစစ်တပ်၏ ဖုံးကွယ်ထားလို့ မရတဲ့ နေပြည်တော်အကြမ်းမဖက်ဆန္ဒပြပွဲကို ဖြိုခွဲရာက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ရာဇဝတ်မှုဖြစ်ပါတယ်။ စစ်တပ်၏ ထုတ်ပြန်ချက်မှာ သူတို့လက်ချက်ကြောင့်သေဆုံးခဲ့ကြောင်းကို ဝန်ခံခြင်းမပြုဘဲ စစ်တပ်က ကျည်ဖူးနဲ့ မတူကြောင်း ငြင်းသော်လည်း သူတို့လုံခြုံရေးတွေက ပစ်ခတ်မှုတွေလုပ်တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်ပါတယ်။


ဖေဖော်ဝါရီ ၂၀ မှာတော့ စစ်တပ်က မန္တလေးက အကြမ်းမဖက် ဆန္ဒပြသပိတ်မှောက်နေသူတွေကို ပစ်ခတ်ဖြိုခွင်းပြန်ပါတယ်။ အလားတူ နယ်မြို့နဲ့ ရန်ကုန်မှာလည်း ညဘက် စစ်တပ်၏ ရန်စပစ်ခတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။


အဲသည်သတင်းကို နိုင်ငံတကာရောက် မြန်မာတွေ ကြားသိကြတော့ ပြည်ပရောက်မြန်မာတွေက နောက်မနက်ခင်းမှာတင်ပဲ နီးစပ်ရာ တရုတ်သံရုံး၊ ယူအန်ရုံးတွေရှေ့ စုရုံးပြီး မြန်မာစစ်အစိုးရနဲ့ လူသတ်တဲ့စစ်တပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ပိုပြီးလို့တောင် ကြီးမားကျယ်ပြန့်စွာ လုပ်ပြီး တုန့်ပြန်ကြပါတယ်။ အပတ်စဉ်တိုင်းမှာ အမေရိကန်၊ ဥရောပ၊ ဗြိတိန်၊ ဂျပန်၊ ဩစတြေးလျတို့က မြန်မာတွေ အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွေ လူပေါင်း ရာချီပြီး စုဝေး လုပ်နေကြတာဟာ ပြည်တွင်းက မြန်မာတွေနဲ့ ထပ်တူ ရှိနေတယ်ဆိုတာ သက်သေပြနေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လက်နက်မဲ့လူထုကို ရက်စက်စွာ ပစ်ခတ်နှိမ်နင်းလိုက်တဲ့နေ့မှာပဲ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ PPST က သဘောထားထုတ်ပြန်ပါတယ်။ လက်ရှိလူထုလှုပ်ရှားမှုကို ထောက်ခံတာရယ်၊ စစ်အာဏာရှင်တွေနဲ့ ဆွေးနွေးနေတာကို ရပ်ဆိုင်းထားမယ် ဆိုတာရယ်၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေးကို ဝိုင်းအဖြေရှာကြမယ်ဆိုတာရယ်ကို ထုတ်ပြန်ပါတယ်။ နိဂုံးချုပ်မိန့်ခွန်းမှာ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းခြင်းများ မပြုလုပ်ရေးအတွက် ကာကွယ်ပေးဖို့ နည်းလမ်းရှာသွားမယ်လို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုလိုက်ပါတယ်။

အကြမ်းဖက်နှိမ်နင်းခံနေရတဲ့ မြန်မာတိုင်းရင်းသားပြည်သူတရပ်လုံးကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဘက် ကာကွယ်ပေးနိုင်ဖို့ဆိုတာကတော့ ပြည်တွင်းစစ်၏ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်ဘေးရှောင်စခန်းတွေ လူသားချင်းစာနာထောက်ထားသော အကူအညီပေးနိုင်တဲ့ ဘေးမဲ့နယ်မြေတွေ ထူထောင်ပေးဖို့ လက်ခံပေးဖို့ကလည်း စဉ်းစားစရာ တခုဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။ (အခုလို ကာလမှာ ရှေ့ခရီးဟာ ခက်ခဲကြမ်းတမ်းမှာ ဖြစ်လို့ တိုင်းရင်းသား ပြည်သူတွေနဲ့ လက်တွဲပူးပေါင်း ချီတက်ကြပါလို့ ပန်ကြားကြောင်း) ဗိုလ်ချုပ်ကြီးယွက်စစ်က နိဂုံးချုပ်မိန့်ခွန်းမှာ ပြောထားတော့ ဒါကို ကြိုဆိုမျော်လင့်ကြမှာ အမှန်ပါပဲ။

မြန်မာပြည်မက မြို့ရွာတွေမှာ သပိတ်စစ်ကြောင်း သပိတ်စခန်း ဝန်ထမ်းသပိတ်မှောက် လှုပ်ရှားမှုတွေက နောက်တွန့်သွားမယ့်ပုံ မဟုတ်ပါဘူး။ ၂၀ ရက်နေ့က ပစ်ခတ်အပြီး ၂၁ ရက် မနက် အခုစာရေးနေချိန်မှာ မန္တလေးမြို့ကြီးတခုလုံးမှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေနဲ့ လမ်းပေါ်မှာ ပြည့်နေပါပြီ။ အကြမ်းမဖက်ဆန္ဒထုတ်ဖော်ခြင်းကို ကြံ့ကြံ့ခိုင်ခိုင်ဆက်လုပ်ကြမယ်လို့ လူထုက ခြေလှမ်းတွေ တိုးလိုက်တာပါပဲ။ ၂၂ ရက် ၂-ငါးလုံးနေ့အဖြစ် - တနင်းလာနေ့မှာ အရှိန်မြှင့်မယ့် ဝန်ထမ်းသပိတ် CDM ကိုလည်း ညာသံပေးပြီး စိန်ခေါ်သံပေးလိုက်တာလည်း ဖြစ်ပါတယ်။

အခုလို အကြပ်အတည်း တိုက်ပွဲကာလမှာ အချင်းချင်းတွေကြား အငြင်းပွားမှုတွေ သံသယဖြစ်တာတွေကိုလည်း ကြားသိကြရပါတယ်။ ဒီအချိန်မှာ စစ်အာဏာရှင်တွေကို တွန်းလှန်နေချိန်ဖြစ်တာမို့ ကြိုတင်ပြင်ဆင်ဖို့ အင်အားစုဆောင်းဖို့ တိုးပြီးတော့ အရှိန်မြင့်ဖို့ ကွန်ယက်တွေ မိတ်ဆွေတွေ ချိတ်ဆက် ချဲ့ထွင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

 

Milk Tea Alliance က မြန်မာပြည်သူတွေနဲ့ တိုက်ပွဲဝင် Gen-Z တွေကို ရေတို ရေရှည်တိုက်ပွဲဝင်နိုင်ဖို့ သတိပေးတာတွေ အချက်အလက်သင်ခန်းစာတွေဟာ အလွန်တန်ဖိုးရှိတာ တွေ့ရပါတယ်။ ထိုင်းနဲ့ ဟောင်ကောင်က အာဏာရှှုင်ဆန့်ကျင်ရေးတိုက်ပွဲဟာ မိမိတို့အချင်းချင်း (ပြည်တွင်းပြည်ပ) ကိုယ့်အားကိုယ်ကိုးဖို့ ဖြစ်တယ်။ အဲသည်မှာ အင်အားကို ရင်းနှီးမြုပ်နှံ ထူထောင်ဖို့ဖြစ်တယ်။ မလိုအပ်ဘဲ သတင်းမပေါက်ကြားဖို့ လျို့ဝှက်သိပ်သည်းဖို့ စိတ်ဓာတ်ကို မြင့်မားစွာ လွင့်တင်ရင်းက အဆိုးဆုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားဖို့လိုတယ်ဆိုတာကို သူတို့ကြေညာချက်တွေမှာ ဖတ်ရပါတယ်။