Breaking News

လှကျော်ဇော - တပ်မတော် တပ်မှူးတပ်သားများသို့

Myanmar Harp - Photo - Mandalay 


လှကျော်ဇော - တပ်မတော် တပ်မှူးတပ်သားများသို့

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁

   ဗမာ့တပ်မတော်ရဲ့တချိန်တခါက ရရှိခဲ့တဲ့ဂုဏ်သိက္ခာ ပြန်ရရေးအတွက် စစ်ကျွန်ဘဝကို ကျောခိုင်းပြီး လူထုတိုက်ပွဲအရေးတော်ပုံကြီးကို ထောက်ခံပူးပေါင်းကြ။
 
  လက်ရှိဗမာ့တပ်မတော်ကြီးကို ၁၉၄၂ ဒီဇင်ဘာ(၂၆)ရက်နေ့ ထိုင်းမှာ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုတဲ့ ရဲဘော်(၃)ကျိပ်ဝင်များက ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA Burma Independence Army) အဖြစ် ထူထောင်ကြစဉ်က ချမှတ်ခဲ့တဲ့ သဘောထား(၄)ရပ် ရှိခဲ့ပါတယ်။

၁။ နိုင်ငံတော်ကို ကာကွယ်သည့် တပ်မတော်။
၂။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံသည့် တပ်မတော်။
၃။ နိုင်ငံရေးတွင် ဝင်မစွက်သည့် တပ်မတော်။
၄။ တိုင်းပြည်နဲ့ပြည်သူ့အကျိုးကို လိုလားသည့်တပ်မတော် ဆိုတာတွေပါ။
ဒီရည်မှန်းချက်တွေနဲ့ ပြည့်စုံတဲ့ဖြစ်ရပ်တခု သို့မဟုတ် သမိုင်းဝင် အလှည့် အပြောင်းတရပ် ရှိခဲ့ပါတယ်။

အဲဒါတွေကတော့ - 
၁၉၄၅ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေး အခါသမယမှာ တပြည်လုံးအုံကြွလာတဲ့ ပြည်သူလူထုကြီး တရပ်လုံးနဲ့အတူ ပူးပေါင်းပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေးတိုက်ပွဲများမှာ ဖတပလ(ဖဆပလ) အဖွဲ့ကြီးရဲ့ ဦးဆောင်မှုအောက်မှ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ အဆင်းရဲအပင်ပန်းခံ အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ အလွန်ထွန်းပြောင်တဲ့ ဂုဏ်သိက္ခာ သမိုင်း ကြောင်းကြီးပဲ ဖြစ်ပါတယ်။

ဂျပန်ဖက်ဆစ်ရဲ့ ရုပ်သေးတပ်ဘဝမှ ရုန်းထွက်ကာ ပြည်သူတရပ်လုံး အုံကြွဆန့်ကျင် တိုက်ပွဲဝင်လာတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုကြီးတရပ်အဖြစ် ကူးပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်ခေတ်စစ်ဝန်ကြီးဘဝနဲ့ ဗမာ့တပ်မတော်ကို အတတ် ပညာပိုင်းမှာရော အထူးသဖြင့်နိုင်ငံရေးမှာပါ အဆင့်အတန်းမြင့်လာအောင် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အကူအညီနဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြည်သူလူထုအကျိုးကို ကိုယ်စားပြုတဲ့ စစ်တပ်အဖြစ် လှည့်ပြောင်းနိုင်လို့  လူပေါင်းမှားခဲ့တဲ့ ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်နိုင်ခဲ့တာပါ။နို့မို့ရင် စစ်ရှုံးဂျပန်ရုပ်သေးတပ်အဖြစ် စစ်ခုံရုံး အတင်ခံရမှာပါ။

အဲဒီတုန်းက ဗမာ့တပ်မတော်ကိုလည်း အပြန်အလှန်အားဖြင့် ပြည်သူလူထုကြီး တရပ်လုံးက အလွန်အားကိုး အလေးထားပြီး အသက်စွန့်ကာကွယ်ပေးခဲ့ ကူညီရိုင်းပင်းခဲ့ကြပါတယ်။ ဒီလိုနည်းနဲ့ ဗမာပြည်ကြီးကို ဖက်ဆစ်စနစ်အောက်က လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ဗမာ့တပ်မတော်ကို ပြည်သူ့တပ်မတော်လို့ ပြည်သူလူထုကြီးတရပ်လုံးက ခေါ်ဆိုခဲ့ကြပါတယ်။ ဒီတပ်ကို ဗိုလ်အောင်ဆန်းတပ်လို့လည်း ခေါ်ပါတယ်။ ဒါပေမဲ့ ဒီတပ်ဟာ ၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့နောက် ဖဆပလထဲက ဆိုရှယ်လစ်ဂိုဏ်းအုပ်စုရဲ့ ဆိုရှယ်လစ် ဇာတ်အသွင်းခံလိုက်ရတယ်။ ၁၉၆၂ ခုနှစ်ရောက်တော့ နေဝင်းရဲ့ တလက် ကိုင်တပ် ပီပီပြင်ပြင် ဖြစ်သွားခဲ့တယ်။ ဒီတပ်ကို ဆိုရှယ်လစ်ဇာတ်သွင်းလိုက်ပြီးတဲ့ေနာက် တိုင်းပြည်အတွက် ပြည်သူအတွက် ဆိုတဲ့နေရာမှာ ဆိုရှယ်လစ်အုပ်စုအတွက် ဗိုလ်နေဝင်း စစ်အုပ်စုအတွက် ဖြစ်သွားခဲ့ပါပြီ။

စစ်အာဏာရှင်များရဲ့ တလက်ကိုင်ကြေးစားတပ်အဖြစ် ကျဆင်းသွားရပြီး ဗမာပြည် တနံတလျား ရက်ရက်စက်စက် သတ်ဖြတ် စော်ကား အနိုင်ကျင့် ဓါးပြတိုက် ရတဲ့ ခိုင်း ဖတ်ဘဝကို ရောက်ရှိသွားခဲ့ကြပါတယ်။ ဒါဟာ ဗိုလ်နေဝင်းတပ်ပါ။ ဒီတပ်ရဲ့ ရက်စက် မှုအပေါင်း သရဖူဆောင်းတဲ့ အဖြစ်အပျက်များကတော့ ၁၉၆၂၊ ၁၉၇၄-၇၅-၇၆၊ ၁၉၈၈၊ ၂၀၀၇ စတဲ့ အဖြစ်အပျက်များဟာ သမိုင်းအမည်းစက်များအဖြစ် ကျန်ရစ်ပါပြီ။

စစ်အုပ်စုမင်းဆက် အဆက်ဆက်မှာ ဗမာ့တပ်မတော် ဆိုတာကြီးဟာ စစ်ကျွန် ကြေးစားတပ်အဖြစ် ပြည်သူ့သွေးတွေနဲ့ စွန်းပေညစ်နွမ်းခဲ့ရပါတယ်။

တိုင်းပြည်ကြီးကိုချစ်တဲ့စိတ်နဲ့ စစ်တပ်ထဲဝင်ခဲ့ကြတဲ့ ရိုးသားတဲ့ တပ်မှူးတပ် သားများအနေနဲ့ အထက်လွှာ စစ်ဗိုလ်ချုပ်ကြီးများ ချမ်းသာချင်တိုင်း ချမ်းသာနေကြတာ မြင်တွေ့ရပြီပဲ။ ဒါတွေကို ကာကွယ်ပေးရဦးမှာလား။ 
လက်ရှိကြေးစားတပ်ထဲမှာ အထူး သဖြင့် အောက်ခြေမှာ ခါးသီးတဲ့ဘဝ ကျော်ဖြတ်နေတဲ့၊ စစ်အုပ်စု လက်ကိုင်တုတ်အဖြစ် စစ်အုပ်စုခိုင်းသမျှ အသက်သွေးတွေ ပေးနေရတဲ့ အောက်ခြေအကြပ်တပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဒီအချိန်မှာ စစ်ကျွန်ဘဝက ရုန်းထွက်ပြီး တိုက်ပွဲဝင် ပြည်သူ လူထုကြီးနဲ့ ပူးပေါင်းသင့်ပါပြီ။ ပြည်သူ့ဘက်က ရပ်တည်သင့်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖက်ဆစ်တော်လှန်ရေး သမိုင်းဝင် စစ်ထွက်မိန့်ခွန်း ရှိခဲ့ပါတယ်။ အဲဒါကတော့ "အနီးဆုံးရန်သူကို ရှာတိုက်" တဲ့။

ဒီအချိန်ဟာ တပ်မတော်အတွက် အခွင့်ကောင်းပါ။

ဒီလောက်ပြည်သူလူထုက မလိုမလားမုန်းတီး ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ထားဦးမှာလား။ ပြည်သူနဲ့အတူ ပူးပေါင်းပြီး ဆန့်ကျင်တော်လှန်ဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့အတူ ပူးပေါင်းပြီး မိမိတို့ရဲ့အနာဂါတ် လွတ်မြောက်ရေးအတွက် ပါဝင် ကြိုးပမ်းကြပါ။ ပြည်သူတွေရဲ့ အရေးတော်ပုံကြီးထဲ ပါဝင်ပြီး ပြည်သူကိုအကာအကွယ် ပေးပါလို့ တိုက်တွန်းပါရစေ။

ဗမာ့တပ်မတော်ရဲ့ တချိန်ကအလွန်ထွန်းပြောင်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည် ဖော်ထုတ်ကြပါ။ 

ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုတဲ့ ပြည်သူ့အကျိုးဦးထိပ်ပန်တဲ့ တကယ့်ပြည် သူ့တပ်မတော်တရပ် ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းသွားကြပါစို့။ ။

လှကျော်ဇော(၁၉-၂-၂၀၂၁)