Breaking News

ဗေဒါညို - မနေ့တုန်းက -ဒီနေ့ -မနက်ဖြန်


မနေ့တုန်းက -ဒီနေ့ -မနက်ဖြန်
ဗေဒါညို
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁

သူ့ခေါင်းမှာတဲ့ သပြေညို။ငါ့ခေါင်းမှာ
တဲ့သပြေညို - -သပြေညိုရွှေဘိုပန်းဟာ
လန်းလျက်ပါကို

အဲဒါကတော့ ဒီနေ့ မန္တလေးမြို့ စျေးချိုရှေ့သပြေပန်းတွေကိုင်ဆောင်ရင်း ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ပြည်သူလူထုကြီးဆီက  အောင်ပွဲခေါ်သံဖြစ်ပါတယ်။ သပြေညို ရွှေဘိုပန်းဆိုတာက ကျွန်တော်တို့မြန်မာတို့ရဲ့အောင်နမိတ်ကို ဖော်ပြနေတဲ့အောင်ပန်းမဟုတ်ပါလား။ မနေ့တုန်းက မန္တလေးဟာဘယ်တော့မှနောက်မဆုတ်ဘူးဗျလို့ပြောခဲ့သလိုပေါ့ဗျာ။ ဟိန်းဟောက်ခြိမ်းခြောက်လို့တော့ ဘယ်ရလိမ့်မလဲ ။အခုတော့လူဦးရေသောင်းချီစုဝေးနေတဲ့ပြည်သူလူထုကြီးရဲ့သပြေညိုတော်လှန်ရေးဟာ မနေ့တုန်းက ကမ်းနားလမ်းမှာသေနတ်တွေနဲ့ပစ်ခတ်ဖြေရှင်းခဲ့ကြသူများကို တုံ့ပြန်ပြီးဝမ်နင်ပေးလိုက်ပြီဖြစ်ပါတယ်။၂၆ လမ်းနဲ့၂၈ လမ်းကြား စျေးချိုရှေ့က ၈၄ လမ်းမပေါ်မှာ လူအုပ်ကြီးကပြည့်လျံနေတာဗျ။လူတွေကများလွန်းလို့ ကျွန်တော့်မှာမတိုးနိုင်ဘဲ အဝေးဆီကပဲငေးမောကြည့်ရုံပဲတတ်နိုင်ပါတော့တယ်။
ကိုစိုးဘားဒိုင်နဲ့ကဗျာဆရာကိုမင်းနဒီခတို့ကတော့ စိတ်သွားတိုင်းကိုယ်ပါပြီး မှတ်တမ်းဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်ကူးနိုင်ကြပါတယ်။

မနေ့တုန်းက ကမ်းနားလမ်းကအဖြစ်အပျက်ကြောင့် စိတ်ဆင်းရဲရခဲ့ပါတယ်။ ဒါ့ပြင် ဖေ့စ်ဘွတ်ပေါ်မှာတက်လာတဲ့ဂျင်းသတင်းတွေကလည်း အင်မတန်မှဒုက္ခပေးပါတယ်။ အိုရှင်းနားကတရုတ်ကောင်စစ်ဝန်ရုံးအနီးကို တပ်မ ၉၉ စစ်တပ်ရောက်နေလို့မသွားကြပါနဲ့ ။၃၄ လမ်းနဲ့ ၃၅ လမ်းကြား၇၈ လမ်းပေါ်မှာလည်း စစ်သားတွေရောက်နေပြီလို့မက်ဆေ့တွေပို့ကြပါတယ်။တကယ်တော့ ဘယ်စစ်သားဘယ်ရဲသားမှမတွေ့ခဲ့ရပါ။ အေးအေးဆေးဆေး ဆန္ဒပြနေသူများပဲရှိကြပါတယ်။
မနေ့တုန်းက ကမ်းနားလမ်းကအဖြစ်အပျက်ကို ကိုယ်တိုင်သတင်းယူခဲ့တဲ့သတင်းထောက်ကလေးနဲ့စကားပြောဖြစ်ပါတယ်။ ဒါကြီးက ပြဿနာဖြစ်လာအောင် အတို့အရှို့တွေနဲ့ ခွင်ဖန်တီးလိုက်တာဖြစ်သတဲ့။ အကုန်လုံးရောထွေးနေတာမို့သတင်းထောက်တွေကိုတစ်နေရာမှာစုစည်းလိုက်ကြတယ်။ ဒါပေတဲ့သူတို့ဆီကိုလည် းဘတ်ခွတွေနဲ့ရောသေနတ်တွေနဲ့ပါဝိုင်းပြီးပစ်ကြလို့ အသက်လုပြီးထွက်ပြေးရသတဲ့။ ရဲမှာလည်းနှစ်မျိုးရှိနေပြန်တယ်။ ရဲဝတ်စုံနဲ့စစ်ဦးထုပ်ဆောင်းထားသူတွေကတော့ ရဲအယောင်ဆောင်စစ်သားတွေဖြစ်သတဲ့။

သူတို့ကပြဿနာမဖြစ်ခင်သံဆူးတွေကို လမ်းမပေါ်ကြဲချထားလိုက်တယ်။ လူတွေက ထွက်ပြေးကြတဲ့အခါသံဆူးတွေကိုနင်းမိသွားတော့ ဖိနပ်ကိုဖောက်ပြီးစူးမိကုန်လို့ မပြေးနိုင်တော့တဲ့အချိန်မှာ စိမ်ပြေနပြေရိုက်တော့တာပါပဲတဲ့။ လူတွေကိုဆွပြီး ထင်သလိုရမ်းဖို့အတွက်အကွက်ကျကျနဲ့စီစဉ်တဲ့ရက်စက်ယုတ်မာမှုပေါ့။
မွန်းလွဲနှစ်နာရီလောက်မှာ ကမ်းနားလမ်းဆီကိုရောက်သွားပါတယ်။ကုန်တင်ကုန်ချတွေနဲ့အမြဲရှုပ်ထွေးနေတဲ့ကမ်းနားလမ်းဟာ ဒီနေ့တော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။မြစ်ကမ်းနဘေးတစ်လျောက်လုံးမှာသင်းဘောတွေ မော်တော်တွေ ပဲ့ထောင်တွေအားလုံး ဆိုက်ကပ်ထားတာကိုတွေ့ခဲ့ရပါတယ်။အရင်တုန်းကဆိုရင်တော့ ကမ်းနားလမ်းတစ်ခုလုံးအသက်ဝင်လှုပ်ရှားနေစမြဲပါ။ဧရာဝတီမြစ်ပြင်ဆီကိုလှမ်းမျှော်ကြည့်လိုက်တိုင်း မီးခိုးတလူလူနဲ့ခုတ်မောင်းနေတဲ့မော်တော်တွေသင်းဘောတွေ ပဲ့ထောင်ကလေးတွေကိုတွေ့ရပါတယ်။အခုတော့ ဧရာဝတီ
မြစ်ခမျာလည်း မနေ့တုန်းကကြုံခဲ့ရတဲ့ဖြစ်ရပ်ဆိုးကြီးကို မေ့ဖျောက်ဖို့ကြိုးစားရင်း မျက်ရေစတွေနဲ့အတူ ငြိမ်သက်စွာစီးဆင်းနေရှာပါတယ်။
ကုန်စိမ်းစျေးတန်းရှေ့ကိုရောက်တော့ မနေ့တုန်းကသေနတ်နဲ့အပစ်ခံရပြီးသေဆုံးသွားခဲ့ကြရှာသူကိုသက်နိုင်ဝင်းနဲ့ကိုဝေယံထွန်းတို့အတွက် အမှတ်တရ ရည်စူးဆုတောင်းနေကြတာကိုလည်းတခဏငေးမောရင်းသက်ပြင်းချမိလိုက်ပါတယ်။ကျွန်တော့်မှာလည်း ကမ်းနားလမ်းကိုသွားရင် စိတ်ဆင်းရဲရမှန်းသိပေမယ့်လည်းရောက်ဖြစ်သွားမိတာပါပဲဗျာ။ကိုသက်နိုင်ဝင်းက ဝမ်းဗိုက်မှာသေနတ်မှန်ပြီးသေဆုံးရပေမယ့် လူငယ်ကလေးကိုဝေယံထွန်းကတော့ ဦးခေါင်းကိုသေနတ်မှန်ခံလိုက်ရတာဖြစ်ပါတယ်။အဲ
တော့နေပြည်တော်မှာ ဦးခေါင်းကိုသေနတ်နဲ့အပစ်ခံလိုက်ရပြီးသေဆုံးသွားရရှာတဲ့သမီးကလေးမမြတ်သွဲ့သွဲ့ခိုင်ကိုသတိရလိုက်မိပါတယ်။မျက်ရည်ယိုဗုံးတွေနဲ့ထု သေနတ်တွေနဲ့ဘယ်လိုပဲပစ်တယ်ဆိုပေမယ့် ဦးခေါင်းကိုမှန်တယ်ဆိုတာကတော့တမင်တကာချိန်ရွယ်ပြီးပစ်ခတ်မှမှန်တာပါ။မန္တလေးမှာလိုပဲ မနေ့ညတုန်းကရန်ကုန်ရွှေပြည်သာမှာ ရပ်ကွက်ကင်းစောင့်နေသူကို သေနတ်နဲ့ပစ်ခံရလို့သေဆုံးသွားရရှာသတဲ့။ဒီတော့ မြင်ရကြားရတဲ့ အဖြစ်ဆိုးကြီးဟာ ကျွန်တော့်ကိုထိတ်လန့်သွားစေခဲ့သလို နောက်ရက်တွေမှာလည်းဘယ်မြို့ဘယ်နေရာမှာကြုံရဦးမှာလဲလို့တွေးရင်းနဲ့ရင်ပူနေမိပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ မန္တလေးဟာ ရုတ်တရက်အပေါ်ယံကြည့်လိုက်ရင်တော့ အနာဂတ်ကိုမကြည့်ဘဲ သူ့လောကနဲ့သူအေးဆေးပျော်မွေ့နေတယ်လို့ထင်ရပေမယ့် တစ်ကယ့်အရေးကြုံလာရင်တော့ အတွင်းအနှစ်သာရမှာ အမှန်တရားကိုမြတ်နိုးမှုတွေနဲ့အတူ တိုက်ပွဲဝင်ဖို့အတွက်အဆင်သင့်ဖြစ်နေတာကိုတွေ့ရပါတယ်။သူတို့ကတော့ လုပ်နေကျအတိုင်းခြိမ်းခြောက်မယ်။ ဖိနှိပ်မယ်။ အခွင့်အရေးကလေးတွေနဲ့မြူဆွယ်မယ်။ ဒါပေတဲ့ပြည်သူလူထုကတော့နိုးပါပဲ။မန္တလေးရဲ့မော်တော်ကားလမ်းတွေပေါ်မှာလည်း ဆေးနဲ့ရေးထားပြီး ဖျက်လို့မနိုင်တော့တဲ့ WE WANT DEMOCRACY စာတွေကိုတော်တော်များများတွေ့ခဲ့ရပါတယ်။ အိမ်အပြန် လမ်းနဘေးမှာ CDMအတွက်အလှူခံအဖွဲ့နဲ့တွေ့လို့တတ်နိုင်သလောက်အလှူငွေထည့်ခဲ့ပါတယ်။ ကျွန်တော်က မန္တလေးရဲ့ပုံရိပ်ဟာ နိုင်ငံရဲ့ပုံရိပ်ပဲလို့ပြောခဲ့းဖူးပါတယ်။ တစ်နိုင်ငံလုံးလည်းမန္တလေးလိုပါပဲ။

ကျွန်တော်တို့အားလုံးအမှန်တရားအတွက်တိုက်ပွဲဝင်နေကြတာပါ။ ဒီပွဲကရေရှည်သွားရမှာဖြစ်လို့ စိတ်ဓာတ်ကြံ့ခိုင်ကြရမယ်။ ထိပ်တိုက်ရင်ဆိုင်ပြီးမတွေ့ဘူး။ ပြဿနာအဖြစ်မခံဘဲရှောင်မယ်။ မနက်ဖြန်မှာပြည်လုံးကျွတ်အထွေထွေသပိတ်တိုက်ပွဲကြီးဆင်နွှဲကြတော့မှာဖြစ်တယ်။ ဒီတစ်ပွဲပြီးရင် ဘာဆက်လုပ်မလဲ။ မသိဘူး။ ကျွန်တော်တို့မှာရွေးကောက်ခံထားရတဲ့အစိုးရရှိတယ်။ အခုCRPHလည်းရှိထားတယ်။ ရှစ်လေးလုံးနဲ့မတူဘူး။ ဒေါ်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းနဲ့အတူဖမ်းဆီးခံထားကြရသူအားလုံးကိုလွှတ်ပေးတဲ့အထိတိုက်ပွဲဝင်ကြရမှာပါပဲ။ အခုလေးတင်မိတ်ဆွေတစ်ယောက်က မက်ဆေ့ပို့ထားတယ်။ မနက်ဖြန်လှုပ်ရှားမှုတွေကိုဖမ်းဆီးမယ်လို့ ကြေညာသွားသတဲ့။ဟုတ်မဟုတ်မနက်ဖြန်မှသိရမှာပေါ့။ 
ဘာရမလဲသာဝရာ။ အရေးတော်ပုံ အောင်ရမည်။

(ဓာတ်ပုံများ- ကဗျာဆရာမင်းနဒီခ)
ဤတွင်ကားလိပ်ချ

ဗေဒါညို
+ စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။ (မိုးမခ)