Breaking News

သီအိုဇော် - ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှ တရားမျှတလွတ်လပ်သော အနာဂတ်ဆီသို့ (၁)

Photo - Myanmar NOW, 25th Feb 2021, သနပ်ခါးလှုပ်ရှားမှု


သီအိုဇော် - ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှ တရားမျှတလွတ်လပ်သော အနာဂတ်ဆီသို့ (၁)

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁

ငြိမ်းချမ်းစွာဆန္ဒပြခြင်း ကို အခြေခံတဲ့လူထုအုံကြွလှုပ်ရှားမှု့ အောင်မြင်နိုင်စွမ်းရှိမရှိ၊ စနစ်တကျလေ့လာဆန်းစစ် ထားတဲ့သုတေသနမျိုးရှိပါသလားဟု ဆိုလျှင်၊ အတိုအားဖြင့်ရှိသည်ဟု ဖြေဆိုရမည်ပင် ။ဥပမာပြရမည်ဆိုလျှင် Chenoweth နဲ့ Stephan ရေးသားထားတဲ့ Why civil resistance works (2011) ကိုရည်ညွှန်းလိုပါတယ်။ Chenoweth ဟာ Foreign Policy magazine က 2013 အတွက် Top 100 Global Thinkers ထဲရွေးချယ်ခံခဲ့ရသူတစ်ဦး ဖြစ်ပြီး လက်ရှိ Harvard Kennedy School မှာ Professor in Human Rights and International Affairs အဖြစ် တာဝန်ယူ နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ 1900 – 2006 အတွင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှု့များကို သုတေသနပြုထားတာပါ။ Nonviolent and Violent Campaigns and Outcomes (NAVCO) dataset အဖြစ်ပြုစုပြီး၊အကြမ်းဖက်လှုပ်ရှားမှု့နဲ့အကြမ်းမဖက်လှုပ်ရှားမှု့စုစုပေါင်း၃၂၃ခုအား၊လေ့လာသုံးသပ်ထားခြင်း ပါ။တိတိကျကျပြောရလျှင်နှစ်ပေါင်းတစ်ရာကျော်အတွင်းတစ်ကမ္ဘာလုံးမှာဖြစ်ပွားခဲ့တဲ့၊ အထင်ကရသမိုင်းဝင် လူထုလှုပ်ရှားမှု့များကို ခွဲခြမ်းစိတ်ဖြာ သုတေသနပြုထားတာလည်းဖြစ်ပါတယ်။

စာရေးသူအနေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ၊ အထောက်အကူဖြစ်နိုင်မယ်ထင်ရတဲ့အချက်အလက်များကိုသာ ရွေးချယ်ကောက်နှုတ်ဖေါ်ပြသွားရန် ရည်ရွယ်ထားပါတယ်။ ရည်ညွှန်းစာအုပ်တစ်အုပ်လုံးကို ပြန်လည်ဘာသာပြန်ရေးသားခြင်းမဟုတ်ကြောင်းကို ကြိုတင် အသိပေးချင်ပါတယ်။

ဒီစာအုပ်ကပေးချင်တဲ့ အဓိကသတင်းစကားတစ်ခုက ”အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှု့သည်အကြမ်း ဖက်မှု့ပါဝင်သောဆန္ဒထုတ်‌ဖေါ်ခြင်းထက် ပိုမိုထိရောက်အောင်မြင်တယ်” ဆိုတာပါ။ သူတို့ရဲ့သုတေသနပြုစုချက် အရ အကြမ်းမဖက်လှုပ်ရှားမှု့က အကြမ်းဖက်လှုပ်ရှားမှု့ထက် အောင်မြင်မှု့ရရှိဖို့ အခွင့်အရေးနှစ်ဆပိုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ကိန်းဂဏန်းအားဖြင့်နှိုင်းယှဥ်ရမည်ဆိုလျှင် ၅၃ ရာခိုင်နှုန်း နဲ့ ၂၆ ရာခိုင်နှုန်း ပြောင်းလဲဖေါ်ဆောင် နိုင်မှု့ ၊ ဒီလှုပ်ရှားမှု့ နှစ်ခုကြား၊ သိသာကွဲပြားတဲ့ရလဒ်အဖြစ် ပေါ်ထွက်လာခဲ့တယ်။ ဒီကနေ့မြန်မာလူထုလှုပ်ရှားမှု့ကြီး ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတဲ့ သုတေသနအတည်ပြုချက်တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။

ဒါ့အပြင် ဒီလေ့လာဆန်းစစ်သုတေသနပြုမှု့ရဲ့ အရေးကြီးတဲ့နောက်ထပ်တွေ့ရှိမှု့က ၃.၅ ရာခိုင်နှုန်း နည်းဥပဒေသ လို့လည်း လူသိများလှပါတယ်။‌ ဆိုလိုတာက အောင်မြင်တဲ့လူထုအုံကြွမှု့ဖြစ်ဖို့၊ ဒီလှုပ်ရှားမှု့ကနေမျှော်လင့်ထား တဲ့အပြောင်း အလဲကို ရရှိဖို့ “ ၃.၅ ရာခိုင်နှုန်းသောလူဦးရေ”ရဲ့ ပါဝင်မှု့လိုအပ်ပါတယ်။ ဒါဟာနောက်ဆက်တွဲ ထုတ် ပြန်တဲ့ ကောက်နှုတ်တွေ့ရှိမှု့ အသစ်လို့လည်း ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မူရင်းစာအုပ်ထွက်ရှိချိန်မှာ ထည့်သွင်း ရေးသားထားခြင်း မရှိခဲ့ပဲ နှစ်အနည်းငယ်အကြာမှာမှ ထပ်မံဖေါ်ပြထားခြင်း ဖြစ်လို့ပါ။ မူလ NAVCO dataset ကိုပဲ အသုံးပြုတွက်ချက်ထားတာပါ။ အရှေ့တောင်အာရှရဲ့အောင်မြင်တဲ့လူထုလှုပ်ရှားမှု့ စံနမူနာအနေနဲ့ ဖိလစ်ပိုင် က People Power Revolution ကိုညွှန်းဆိုထားပါတယ်။ World Bank ရဲ့ လူဦးရေ စာရင်းဇယားအရ ဖိလစ်ပိုင် လူဦးရေဟာ အဲဒီအချိန်ကာလက ၅၅.၇၅ သန်း (၁၉၈၆) ပါ။ လူအင်အား ၂သန်း ပတ်ဝန်းကျင်ရှိတဲ့ ဆန္ဒဖေါ်ထုတ်ပွဲများဟာ သမိုင်းတွင် လူထုလှုပ်ရှားမှု့အဖြစ်ကမ္ဘာက လက်ခံထားရပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ အကြမ်းမဖက် လူထုလှုပ်ရှားမှု့ဟာလည်း ၃.၅ ရာခိုင်နှုန်းနည်း ဥပဒေသအဓိပ္ပါယ်ဖွင့်ဆိုမှု့နဲ့ အံဝင်ခွင်ကျ ရှိမယ် ဆိုတာ သေချာ သလောက်ပါပဲ။

အခုလို နိုင်ငံတကာကအသိအမှတ်ပြုလက်ခံထားတဲ့ အောင်မြင်တဲ့လူထုလှုပ်ရှားမှု့ဖြစ်ဖို့ လိုအပ်တဲ့စံချိန်စံညွှန်းများနဲ့ ကိုက်ညီလာပြီးတဲ့နောက်၊ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခြင်းဆိုတဲ့ စည်းဝိုင်းအတွင်းမှာ၊ စိတ်ရှည် သည်းခံစွာဆက်လက်နေထိုင်ကြဖို့တော့ လိုအပ်နေဆဲပါ။ လူထုအောင်ပွဲအတွက် အထောက်အကူပြုနိုင်မယ့် အခြား ကြန်အင်လက္ခဏာများကိုလည်း ၊ဒီစာအုပ်ထဲမှာ ဆွေးနွေးထားပါသေးတယ်။ ရှေ့ဆက်ရမယ့်တိုက်ပွဲအတွက် ခွန်အားဖြစ်စရာများ၊ သင်ခန်းစာယူစရာများကို ကောက်နှုတ်ပြီး ဆက်လက်ဖေါ်ပြပါအုံးမယ်။

နှစ်ငါးလုံး လူထုလှုပ်ရှားမှု့ကြီးဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းက သူတို့ရဲ့ စည်းကမ်းလိုက်နာတတ်မှု့၊ ဥာဏ်ရည်ထက်မြက်မှု့ ၊အမှန်တရားကို ချစ်မြတ်နိုးမှု့၊ စစ်အာဏာရှင်စနစ်အား မုန်းတီးမှု့တို့ကို၊ သတ္တိအပြည့်နဲ့ ကမ္ဘာကို ပြသလိုက်ခြင်း လို့လည်း ပြောနိုင်ပါတယ်။ ကမ္ဘာမှာ မြန်မာဖြစ်ရတာ အလွန်တရာဂုဏ်ယူရဖို့ကောင်းတဲ့ နေ့လည်းဖြစ်ပါတယ်။ ဥာဏ်နီဥာဏ်နက်အလွန်များပြီး၊ မလုပ်ရဲတာဘာမှမရှိသူများကတော့ အကြမ်းနည်းနဲ့ ဖြိုခွဲရန် သာမက အနုနည်းအားဖြင့်လည် းသပ်လျှိုရန်ကြံစည်နေမှာကိုတော့ စိုးစဥ်းမျှသံသယမရှိပါ။ ဒီနေရာမှာ ဆရာ အော်ပီကျယ်ရဲ့ စကားလေးကို ငှားသုံး ချင်ပါတယ်။ စိတ်ဝမ်းကွဲစေမယ့်အရာတွေကို ရှောင်ကြဥ် ချုပ်တည်းပေးဖို့ တောင်းဆိုထားတာပါ။ သူကဆက်ပြီးရေးထားပါတယ် “ပွဲသိမ်းရင်တော့ ပြောနိုင်ပါတယ်တဲ့”။ ဟုတ်ပါတယ်၊ အခုတော့ပွဲမသိမ်းသေးလို့ သည်းခံပေးကြပါ။

Reference

Chenoweth, E., & Stephan, M. (2011). Why civil resistance works: The strategic logic of nonviolent conflict. Columbia University Press.
(သီအိုဇော်)