Breaking News

ကိုအောင်မှိုင်း - သေသော်မှသည် သြော်ကောင်း၏



ကိုအောင်မှိုင်း - သေသော်မှသည် သြော်ကောင်း၏ 

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁

ငှက်မွှေးနဲ့
သပ်နေတာမဟုတ်ဘူး
တုတ်နဲ့ရိုက်နေတာ။

ပန်းတွေနဲ့
ပေါက်နေတာမဟုတ်ဘူး
သေနတ်နဲ့ပစ်နေတာ။

ဥပဒေအရ
လုပ်နေတာမဟုတ်ဘူး
အာဏာသိမ်းနေတာ။

တုတ်ရှိလို့ တုတ်နဲ့ရိုက်တယ်
သေနတ်ရှိလို့ သေနတ်နဲ့ပစ်တယ်
အာဏာအတွက် ဘာမဆိုလုပ်မယ်
မလုပ်ရဲတာဘာမှမရှိလို့ အာဏာသိမ်းတယ်။

ခွေးတကောင်းရူးရင်
ဒုက္ခနဲနဲရောက်မယ်
စစ်ဗိုလ်တွေအာဏာရူးတဲ့အခါ
ပြည့်နှလုံးသား ကြေမွကုန်တယ်
ပြည်သူတွေ ရေတိမ်နစ်တယ်
လူငယ်တွေလဲ အနာဂါတ်ပျောက်ကြတယ်။

အသက်၆၅နှစ်အရွယ်
ခွေးတကောင် လောဘဆာလို့
မမြသွဲ့သွဲ့ခိုင် အသက် ၁၉ နှစ်
မောင်နေဝင်းထက် အသက်၁၈နှစ်
မောင်ဝေယံထွန်း အသက်၁၆နှစ်
ဒီကလေးတွေ သေစရာလား
တကယ်က
ခွေးထက်မိုက်တဲ့သူ သေရမှာမဟုတ်လား။

မကြေဘူး ကမ္ဘာမကြေဘူး
အဖေတို့ အဘတို့ခေတ်
ရန် ငါစည်းမပြတ်ခဲ့လို့
ဘုန်းကြီးတွေလဲ အသတ်ခံရ
ကျောင်းသားလဲ အသတ်ခံရ
တိုင်းရင်းသားတွေလဲ အသတ်ခံရ
တနိုင်ငံလုံးလဲ ကြေမွခဲ့ရတာ
အကြိမ်ပေါင်းများစွာရှိခဲ့ပြီ။

ဒီလိုနွေဦးမှာ
ဒို့ဘိုးဘွားတွေဟာ
ဖက်ဆစ်စနစ်ဆိုးကို
တော်လှန်ခဲ့ကြတယ်။

ဒီနွေဦးမှာလဲ
ငါတို့ကိုယ်တိုင်
ယုတ်မာရိုင်းစိုင်းတဲ့
ဖက်ဆစ်တွေကို
အပြီးပိုင်မောင်းထုတ်ဘို့
တိုက်ပွဲကျရဲဘော်တွေရဲ့
အသက်သွေးစက်တွေကို
တိုင်တည်ရင်း သစ္စာပြုကြမယ်။

ဒါအရေးတော်ပုံ
ကြီးမြတ်တဲ့အရေးတော်ပုံဘဲ
စွန့်လွှတ်ရရင်လဲ
ကြီးမြတ်တဲ့စွန့်လွှတ်မှုဘဲ
အကြောက်တရားကို မောင်းထုတ်
ညီညွတ်ရေးတေးတွေ ဆိုရင်း
အဆုံးစွန်ထိ စွန့်လွှတ်ကြစို့
အဆုံးစွန်ထိ တိုက်ပွဲဝင်ကြစို့ရဲ့။

ကိုအောင်မှိုင်း
၂၅ရက်ဖေဖေါ်ဝါရီလ ၂၀၂၁ခုနှစ်