Breaking News

ကျော်ဆန်းလှိုင်၊ ဗစ်တာအောင် - မြန်မာ့နိုင်ငံရေးအဆာက်အအုံက အသစ်ပြန်ဆောက်ရမှာ၊ အဟောင်းတိုင်း သွားလို့ မဖြစ်ဘူး



ကျော်ဆန်းလှိုင်၊ ဗစ်တာအောင် - မြန်မာ့နိုင်ငံရေးအဆာက်အအုံက အသစ်ပြန်ဆောက်ရမှာ၊ အဟောင်းတိုင်း သွားလို့ မဖြစ်ဘူး

(Frontier Myanmar News Online)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

မြန်မာ့နွေဦးကလည်း အန်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ပြီး ကြည့်ဖို့လိုတယ်။ လူနည်းစုအသံကို နားထောင်ဖို့ လိုမယ်။

ဘာသာပြန်သူ Victor Aung

(ကျော်ဆန်းလှိုင် ရေးတဲ့ ဆောင်းပါးကို အလျင်းသင့်သလို မြန်မာမှုပြုပါသည်။ အတိအကျ ဘာသာပြန်ထားခြင်း မဟုတ်ပါ။ ဆောင်းပါးမူရင်းရဲ့ လင့်ကို အောက်တွင် ရှုပါ။)

ဖေဖော်ဝါရီလတစ်ရက်နေ့မှာ ကျနော့်အိပ်မက်တွေ ပျက်ပြယ်သွားတယ်။ စစ်အာဏာသိမ်းပြီး အရပ်သားအစိုးရ ပြုတ်ကျသွားတယ်။ စစ်တပ်လက်အောက်မှာ ကြီးပြင်းလာတော့ ပညာရေး၊ ကျန်းမာရေးကို ကျနော်တို့ ကောင်းကောင်း ရခဲ့တာ မဟုတ်ဘူး။ ၂၀၁၄ အထိ အင်တာနက်တောင် ကောင်းကောင်း မသုံးခဲ့ရဘူး။ စစ်တပ်ကို ကြောက်လို့ နိုင်ငံရေးက ဝေးဝေးနေဖို့ မိဘတွေက သွန်သင်ကြတယ်။ နောက်မျိုးဆက်တွေကို ကျနော်တို့လို မကြီးပြင်းစေချင်ဘူး။

စစ်တပ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပေမယ့်၊ အန်အယ်ဒီကိုလည်း ကျနော်က မထောက်ခံပါဘူး။ အရင်အတိုင်း ပြန်သွားမယ်ဆို လက်မခံချင်ဘူး။ အန်အယ်ဒီ လက်ထက်မှာ ဗမာမဟုတ်တဲ့ လူနည်းစုတွေဟာ (တိုင်းရင်းသားတွေဟာ) စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကက္ဍ အသီးသီးမှာ ဖယ်ကျဥ်ခံခဲ့ရတယ်။

ကျနော့်ရဲ့ ဇာတိ ရခိုင်ပြည်မှာ စစ်တပ်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေက နှစ်နှစ်လောက် အကြီးအကျယ် ပြင်းထန်ခဲ့တယ်။ ကျနော့်မိသားစုဟာ အိမ်နားက ဗုံးခိုကျင်းမှာ နေ့ရက်ပေါင်းများစွာ ပုန်းခိုခဲ့ရတယ်။ မကြာမကြာ စစ်သားတွေ လာလို့ ရွာက ထွက်ပြေးကြရတယ်။

စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး အင်တာနက် ဆိုးဆိုးဝါးဝါး ဖြတ်တောက်ခံရတယ်။ ဒါပေမယ့် မြောက်ဦးက ကျနော်တို့ ရွာမှာ အင်တာနက်မရတာ ၂၀၁၉ ဇွန်လ ကတည်းကပါ။ ကျနော်က ကျောင်းတက်ဖို့ ရန်ကုန်ရောက်နေတာမို့ ကျနော့်မိသားစုဟာကျနော့်မိသားစုဟာ နေ့တိုင်း ဖုန်းဆက်ပြီး သတင်းမေးရရှာတယ်။ အင်တာနက်ပိတ်ခံထိထားတော့ သတင်းပြတ်နေတာကိုး။

အေအေ နဲ့ တပ်မတော်တို့ရဲ့ စစ်ပွဲဟာ မကြာမီနှစ်များက ပြင်းထန်ခဲ့တာ ဖြစ်ပေမယ့် ပြည်တွင်းစစ်ကတော့ နှစ်ပေါင်း ၇၀ ကြာခဲ့ပါပြီ။ ပြည်တွင်းစစ် ဖြစ်ရတဲ့ အကြောင်းရင်းတွေ များစွာ ရှိပေမင့် အခုထိ မဖြေရှင်းရသေးတဲ့ အရေးကြီး အကြောင်းရင်းတစ်ချက်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ သက်ဆိုင်တဲ့ လူနည်းစု (တိုင်းရင်းသား) တောင်းဆိုချက်ကို ဗဟိုအစိုးရ လေးစားမှုမပြုတာ၊ လစ်လျူရှုတာပါပဲ။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လူနည်းစု (တိုင်းရင်းသား) တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုံအော ယုံကြည်ခဲ့တယ်။ မျှော်လင့်ချက်တွေ ထားခဲ့တယ်။ လိုလားချက်တွေကို နားထောင်ပေးမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ယုံကြည်မှုတွေ သစ္စာဖောက်ခံရတယ်လို့ ခံစားခဲ့ရတယ်။ ကွဲပြားမှုကို လက်ခံမယ့်အစား၊ လူနည်းစုဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ်တွေချည်းပဲ လိုက် ဆောက်ခဲ့တယ်။ အေအန်ပီအနိုင်ရတဲ့ ရခိုင်ပြည်အပါအဝင် လူနည်းစု (တိုင်းရင်းသား) ဒေသတွေမှာ သူ့ပါတီက လူတွေကိုပဲ ဝန်ကြီးချုပ်တွေ ခန့်ခဲ့တယ်။ ကျောက်ဖြူ SEZ လို စီမံကိန်းတွေအတွက် တရုတ်နဲ့ ဆက်ဆံခဲ့တယ်။ ဒီအချက်တွေကြောင့် အာဏာရှင်ပုံစံသစ်တစ်မျိုးအောက် သက်ဆင်းသွားတယ်လို့ ကျနော်တို့ ခံစားခဲ့ရတယ်။

ပိုဆိုးတာက တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အန်အယ်ဒီဟာ တစ်ချက်ကလေးမှ ပါးစပ် မဟခဲ့ဘူး။ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ တရားစွဲခံရလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာ တပ်မတော်ကို သွားပြီး ကာကွယ်ခဲ့တာကို ကျနော် ဘယ်လိုမှ လက်မခံနိုင်ဘူး။ နောက် ကျနော်တို့ ရခိုင်တွေ အပါအဝင် ကချင်၊ ရှင်း စတဲ့ လူနည်းစု (တိုင်းရင်းသား) တွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို မျက်ကွယ်ပြုနေခဲ့တယ်။

ရခိုင်လူထုက အန်အယ်ဒီ အစိုးရကို နာကျဥ်းစေမယ့် လုပ်ဆောင်ချက်အများအပြားကို အန်အယ်ဒီက လုပ်ဆောင်ခဲ့တယ်။ အေအေ ကို အမြစ်ပြတ်ချေမှုန်းဖို့ တပ်မတော်ကို အမိန့်ပေးခဲ့တယ်။ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုကို ကျူးလွန်ခဲ့တယ်။ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တယ်။ ငြိမ်းချမ်းရေး ညီလာခံကို အေအေ ကို မဖိတ်ခဲ့ဘူး။ စစ်ပြေးရှောင်တွေဆီ လူသားချင်းစာနာမှုမရအောင် ပိတ်ဆို့ခဲ့တယ်။ ဒီလုပ်ဆောင်ချက်တွေဟာ အေအေကိုချည်း ထိတာ မဟုတ်ဘူး။ ရခိုင်လူထု တစ်ရပ်လုံးကို ထိတာ၊ ကျနော့်မိသားစုကို သက်ရောက်တာမျိုး ဖြစ်ခဲ့တယ်။ ဒီလို အစိုးရမျိုးကို ကျနော် မထောက်ခံနိုင်ဘူး။

စစ်အာဏာသိမ်းတော့ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ကျနော် ပါဝင်တယ်။ ဒီလှုပ်ရှားမှုတွေသည် စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ အခါကောင်းပဲ ဖြစ်သလို ဗမာနဲ့ ဗမာမဟုတ်သူ လူနည်းစု (တိုင်းရင်းသား) တွေအကြား နားလည်မှု တည်ဆောက်ဖို့ အခွင့်ကောင်းပဲ ဖြစ်တယ်။ ဒါမှ ရာစုနှစ်တစ်ခုနီးပါး ရှည်လျားတဲ့ ပြည်တွင်းစစ်ကို အတူတူ အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်မှာ။

ဆန္ဒပြပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်ချင်တာ။ ဒါပေမယ့် လူအုပ်ကြားထဲ ရပ်နေချိန်မှာ သူနဲ့ ကိုယ်နဲ့ ကြားမှာ စည်းခြားမှုလေးတွေ ခံစားရတယ်။ လူတွေက အမေစု လွတ်မြောက်ရေး၊ ဒို့အရေး အော်နေချိန်၊ ၂၀၂၀ ရွေးကောက်ပွဲ အသိအမှတ်ပြုရေး ဒို့အရေး အော်နေချိန် ကျနော်က ကမ္ဘာခြားနေသလို ခံစားရတယ်။

ကျနော်အပါအဝင် လူနည်းစု (တိုင်းရင်းသား) သူငယ်ချင်းတွေက ဒီ့ထက် ပိုလိုချင်ကြတာပါ။

ကျနော်တို့က စစ်အာဏာရှင်ကို အဆုံးသတ်စေချင်တာ။ ဒါတင်မက အာဏာရှင် ပုံစံမျိုးစုံ ပျက်သုန်းစေချင်တာ။ လူနည်းစု (တိုင်းရင်းသား) တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခါင့်ကို တားဆီးနေတဲ့၊ နိုင်ငံရေးမှာ တပ်မတော်ကို အဓိက နေရာပေးထားတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ပျက်စေချင်တာ။ ကျနော်တို့က ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်ချင်တာ။ နိုင်ငံရေး အကျဥ်းသားတိုင်း လွတ်မြောက်စေချင်တာ။ ကျနော်တို့ လိုချင်တာကို အော်တဲ့အချိန်မှာ တချို့တွေရဲ့ မယုံကြည်၊ ကြောက်လန့်တဲ့ မျက်နှာတွေကို ကျနော် မြင်ရတယ်။

အင်တာနက်ပေါ်တက်ကြည့်ချိန် စိတ်ပျက်ရပြန်တယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ၈၈ မျိုးဆက်ပွင်လင့် လူ့အဖွဲ့အစည်းက အမေစုလွတ်မြောက်ဖို့ လူတွေ သိန်းချီ ဆန္ဒပြတယ်လို့ တင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ကိုလွတ်ပေးရမှာ ကျနော် သဘောတူတယ်။ ဒါပေမယ့် ပြဿနာသောင်းခြောက်ထောင်ကြားက ဒါတစ်ခုပဲ အလေးထားနေမယ်ဆိုရင်၊ ထားပါတော့ ဆန္ဒပြပွဲတွေ အောင်ပွဲရသွားရင်တောင် တိုင်းပြည်က ပြည်တွင်းစစ် သံသရာထဲ ပြန်ကျော့ဝင်သွားနိုင်တယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြန်ရောက်သွားနိုင်သေးတာပဲ။

မျှော်လင့်ချက် ရောင်ခြည်တွေတော့ ရှိသေးတာပဲ။ ကျယ်ပြန့်တဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် တချို့သော တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြခေါင်းဆောင်တွေ၊ အထူးသဖြင့် ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမားခေါင်းဆောင်တွေဟာ လူနည်းစု (တိုင်းရင်းသား) တွေနဲ့အတူ ရပ်တည်လာတာမျိုး ရှိပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စပြီး GSCN ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လူနည်းစု (တိုင်းရင်းသား) ၂၄ ဖွဲ့ကို ကိုယ်စားပြုပြီး ရှေ့ထွက်လာခဲ့တယ်။

စစ်အာဏာသိမ်းတာ မအောင်မြင်ဘဲ၊ အရပ်သားအစိုးရကို ပြန်လည်အသက်သွင်းနိုင်ပြီ ဆိုပါစို့။ အန်အယ်ဒီအစိုးရဟာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု (ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မဟုတ်ပါ) ဆီ ခြေလှမ်းသစ် စနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လူများစုရဲ့ အကျိုးစီးပွားကိုပဲ အသက်သွင်းနေမယ်ဆိုလို့ ရှိရင်တော့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ရှောင်ဒုက္ခသည်အရေးတွေ ဆက်လက် ဖြစ်ပေါ်နေလိမ့်မယ်။

အခုလက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ ရင်ထိတ်စရာပါပဲ။ ဒါပေမယ့် အခွင့်အလမ်းအဖြစ်လည်း ရှုမြင်နိုင်ပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာ လက်ချင်းချိတ်ထားပြီး လူတိုင်းရဲ့ အခွင့်အရေးကို တန်ဖိုးထားတဲ့ ပန်းတိုင်တစ်ခုဆီ အတူတူ ချီတက်ကြရမှာ ဖြစ်ပါတယ်။ သမိုင်းမှာ အရေးပါတဲ့ အချိန်ကာလတစ်ခုပါပဲ။ ဒီကာလလေးကို အကျိုးရှိစွာ အသုံးချကြရမှာ ဖြစ်ပါတယ်။ အပျက်စီး ခံလို့ မဖြစ်ပါဘူး။

မူရင်း link https://www.frontiermyanmar.net/.../myanmar-politics.../