Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၈ ရက် မြောက်နေ့ မြင်ကွင်း


 

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၁

ဘာတွေကို မျှော်လင့်ထားကြပြီလဲ - မေးခွန်း

ဒီနေ့ တနင်းလာနေ့၊ ရုံးတွေ ပြန်ဖွင့်တဲ့နေ့။ စနေ တနင်္ဂနွေကတည်းက အရှိန်ယူထားတဲ့ ကျောင်းသား လူငယ် အလုပ်သမား လယ်သမား မျိုးဆက်သစ်တွေရဲ့ ချီတက်ဆန္ဒပြမှုတွေဟာ တနင်္လာနေ့မှာ ပိုပြီး မြင့်တက်လာခဲ့ပါတယ်။ လမ်းပေါ်မှာ လူထုကချီတက်ပြီး စစ်အာဏာသိမ်းအစိုးရကို ကန့်ကွက်ကြတာအပြင် ကားတွေ စက်ဘီးတွေနဲ့ပါ ပြည်သူတွေက မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ကြပါတယ်။ ဘဏ်တွေ ပိတ်ထားပြီး စျေးအချို့ကတော့ ဖွင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်ထားကြပါတယ်။ လမ်းတွေမှာ ပြည်သူတွေနဲ့ ကားတွေနဲ့ ပိတ်ဆို့နေတာကြောင့် ရုံးတွေ အလုပ်တွေကို တက်ဖို့တောင် မဖြစ်နိုင်ပါဘူး။ ဝန်ထမ်းသပိတ် အထွေထွေသပိတ်ကြီးအသွင် ပြောင်းလဲသွားပြီ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

သတင်းတွေက မြန်မာပြည်အနှံ့အပြားမှာ အကြမ်းမဖက်ဘဲ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ချီတက်နေကြပြီ ဆိုပါတယ်။ အစိုးရရုံးတွေကိုလည်း ဝန်ထမ်းအချို့က သပိတ်မှောက်ကြတယ်လို့ သိရပါတယ်။ ဖေ့စ်ဘွတ်တွေကနေ ကာယကံရှင်တွေကိုယ်တိုင်က မိမိတို့ ဝန်ထမ်းသပိတ်မှောက်ပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။ စစ်တပ်နဲ့ ရဲတွေက နေ့ရာအနှံ့ ချပြီး တားဆီးတာ ဟန့်တားတာတွေ လုပ်ပေမယ့် ပြည်သူတွေက စည်းကမ်းရှိပြီး အင်အားကြီးလွန်းတာကြောင့် လက်နက်နဲ့ အကြမ်းဖက်တာ ဖြိုကွဲဖမ်းဆီးတာ မဖြစ်နိုင်သေးတာ တွေ့ရပါတယ်။

ပြည်သူလူထု၏ တောင်းဆိုချက် ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်ကိုသာ အသိအမှတ်ပြုတယ်။ အာဏာသိမ်းစစ်တပ်လုပ်ရပ် တရားမဝင်ဘူး။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ရေး နဲ့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး။ နောက်တချက်ထပ်ဖြည့်ရရင် ဖဒရယ်ပြည်ထောင်စု အခြေခံဥပဒေအသစ်တရပ် ပေါ်ထွန်းရေးလည်း တပါတည်း ပါဝင်ပါတယ်။ လူငယ်မျိုးဆက်သစ်တွေကလည်း ဒါကို တစိုက်မတ်မတ် တောင်းဆိုနေကြပါတယ်။

NLD ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မီတီနဲ့ လက်ရှိ ၂၀၂၀ လွှတ်တော်သစ်တို့ကလည်း ၎င်းတို့ တရားဝင်ဖြစ်တည်မှုကို အလျော့မပေးဘဲ ဆက်လက် ရပ်တည်နေပါတယ်။ ပြည်သူလူထု၏ အထွေထွေသပိတ်ကို ထောက်ခံအားပေးကြောင်း၊ တရားမဝင်တဲ့ စစ်အာဏာသိမ်းလက်အောက်မှာ အစိုးရဝန်ထမ်းတွေ ရုံးတက်စရာမလို၊ ဝန်ထမ်းသပိတ်ကို ပြည်သူ့ရွေးကောက်ခံအစိုးရတက်သည်အထိ မှောက်ထားနိုင်ကြောင်းကိုလည်း ကြေညာထားပါတယ်။

သည်တော့ သည်အချိန်မှာ မေးခွန်းက ဒီအရေးတော်ပုံကနေ အကောင်းဆုံး ဘာကို မျော်လင့်ထားကြသလဲ။ အဆိုးဆုံး ဘာကို မျှော်လင့်ထားကြသလဲ။ ဆန္ဒပြပွဲတွေ အထွေထွေသပိတ်တွေကနေ မိမိတို့ တောင်းဆိုတာတွေ ရနိုင်မည်လား။

၈၈ အရေးတော်ပုံကြီးတုန်းက သမတဦးစိန်လွင်က ပြည်သူတွေကို ပစ်သတ်ဖို့ အမိန်ပေးခဲ့တယ်။ လူထုကို ပစ်သတ်ခဲ့ပေမယ့် လူထု၏ အရေးတော်ပုံလှိုင်းကို မတားမြစ်နိုင်ခဲ့ဘူး။ ရက်ပိုင်းအတွင်း ဦးစိန်လွင် ပြုတ်ကျပြီး သမတဦးမောင်မောင် တက်လာတယ်။ ဦးမောင်မောင်က စေ့စပ်ညှိနှိုင်းမှုတွေ အချိန်ဆွဲတာတွေနဲ့ ဒီမိုကရေစီအင်အားစုကို ကျင့်သုံးတယ်။ အရေးတော်ပုံဘက်မှာလည်း ခေါင်းဆောင်မှု ပြတ်သားခြင်း မရှိတာကြောင့် အချိန်တွေ ကြာလာတာနဲ့အမှျ စစ်တပ်ထောက်လှမ်းရေး၏ တန်ပြန်ဖြိုခွဲမှုတွေ တိုးလာပြီးနောက် စစ်တပ်က လူထုကို ပစ်သတ် ဖြိုခွဲပြီး အာဏာသိမ်းလိုက်ခဲ့ပါတယ်။ အဲသည်တုန်းက စစ်တပ်ကပေးခဲ့တဲ့ ရွေးကောက်ပွဲကတိဟာ အခုအချိန်အထိ မတည်မြဲသေးတာ ၂၀၂၁ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တာအထိ သက်သေထင်ရှားလှပါတယ်။

သည်တော့ သည် ၂၀၂၁ မှာလည်း သည်သံသရာစက်ဝန်း တပတ်လည်အုံးမှာလား။ စစ်တပ်က ပြည်သူလူထုကို သွေးချောင်းစီးအောင် ရက်စက် ကြမ်းကြုတ်စွာ ပစ်သတ် ဖမ်းဆီး နှိမ်နင်းပြီး ဖိနှိပ်ဦးမှာလား။ ပြည်သူတွေကလည်း ဒီဖိနှိပ်မှုကြီးကို ရင်စီးပြီး ခံစားကြရဦးမှာလား။ တိုင်းပြည်၏ အမှောင်တိုက်ကာလတွေဆီ ပြန်သွားရမှာလား။ လူငယ်တွေ၏ အနာဂတ် ပျောက်ဆုံးကုန်ကြတော့မှာလား။

လက်ရှိပြည်သူတွေက ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ထားကြ မျော်လင့်ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရွေးကောက်ခံကိုယ်စားလှယ်များက သည်လိုအမှောင်တိုက်ကျရောက်မှုကို လုံး၀ အဖြစ်မခံဘဲ ရုန်းထွက် ဦးဆောင်မှု ပေးကြရမှာ ဖြစ်ပါတယ်။ အရေးတော်ပုံအဆက်ဆက်မှာ တာဝန်ကျေကြတဲ့ ပြည်သူတွေ မျိုးဆက်သစ်လူငယ်တွေကလည်း အနာဂတ်အာမခံချက်ရှိဖို့အတွက် အစွမ်းကုန် ရုန်းကန်ကြနေကြတာ ထင်ရှားပါတယ်။ တိုင်းရင်းသားတွေကလည်း ပြည်ထောင်စုစစ်စစ် ထူထောင်နိုင်ဖို့အရေး ဒီမိုကရေစီအင်အားစုဘက်က ပြတ်ပြတ်သားသား ရပ်ကြရမှာ ဖြစ်ပါတယ်။

သည်နေရာမှာ တပ်မတော်ခေါင်းဆောင်များဘက်ကလည်း အားလုံးအတွက် တိုင်းပြည်အတွက် မနစ်နာရမယ့် မပျက်ဆီးရမယ့် ချောက်ထဲ ဆွဲမချရမယ့် ထွက်ပေါက်ကို ရွေးချယ်သင့်ပါတယ်။ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်နဲ့ ဦးဆောင်မှုဟာ သည် အာဏာသိမ်းကာလ ၈ ရက်အတွင်း မအောင်မြင်ဘူးလို့ ထင်ရှားတယ်ဆိုရင် စစ်ခေါင်းဆောင်များက အပြောင်းအလဲအမြန်ဆုံးလုပ်ပြီး ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြု တွေ့ဆုံဆွေးနွေး စေ့စပ်ညှိနှိုင်းမှု အမြန်ဆုံး လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုး အမျိုးသားအကျိုး ပြည်ထောင်စု အကျိုးကို သည်အကြပ်အတည်းကနေ အမြန် ဖြေရှင်းကြဖို့၊ ပြီးပြည့်စုံမှု မရှိတာ ထင်ရှားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ဥပဒေအတွင်းကနေ အမြန်ဆုံးပြုပြင်ကြဖို့ စစ်ခေါင်းဆောင်များ စဉ်းစားကြသင့်တယ်လို့ အကြံပြုနေကြတာကို တင်ပြလိုက်ရပါတယ်။

နိုင်ငံရေးအင်အားစုများအားလုံးက သည်နိုင်ငံရေးအထွေထွေအကြပ်အတည်းစိန်ခေါ်မှုကို ဝိုင်းဝန်းအဖြေမရှာနိုင်ကြသေးဘူးဆိုရင် နောင်ဘယ်တော့များကျမှ အဖြေရှာနိုင်လိမ့်မယ်လို့ စဉ်းစားနေကြပါသလဲ။

(မိုးမခမီဒီယာ)