လှကျော်ဇော - တပ်မတော်သားများသို့ (၁)
ကျွန်မတို့ရဲ့လတ်တလောရည်မှန်းချက်ကတော့ စစ်အာဏာရှင်စနစ်ကျဆုံးရေးပဲ။
ဒါကို ကျွန်မတို့ ဦးဆောင်လုပ်နိုင်ရင် လုပ်မယ်။ ဦးစီးမလုပ်နိုင်ရင်-- လုပ်နိုင်သူများကို ဝိုင်းရံ သွားမယ်။ ကျွန်မ သတင်းမီဒီယာများနဲ့တွေ့ဆုံဆွေးနွေးခန်းများမှာ အကြောင်းတိုက်ဆိုင်လာတိုင်း ပြောကြားတတ်တဲ့ စကားရပ်ပါ။
အခုလဲ ဒီစိတ်ဓာတ်ကိုအခြေခံပြီး ဒီဆောင်းပါးကိုရေးပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ(၁)ရက်နေ့ မနက်(၆)လောက်ကစလို့ အခုဒီဆောင်းပါးရေးချိန်(၅-၂-၂၀၂၁)နေ့အထိ (တသက်နဲ့တခါမကြုံစဖူး ရင်နဲ့အမျှခံစားရတဲ့) ဂန္ထဝင်မြောက်ပြဇတ်ရှည်ကြီးတပုဒ်ကို ကြည့်ရှုခံစားနေရသလို ဖြစ်နေရပါတယ်။
ဝမ်းနည်းကြေကွဲ ယူကြုံးမရဖြစ်လိုက် စိတ်ဆိုးဒေါသစိတ်တွေထွက်လိုက် ဝမ်းသာကြည်နူး စိတ်ဓာတ်အင်အားတွေ တက်လိုက်နဲ့။ ဘယ်လိုခံစားရမှန်းတောင်မသိနိုင်တော့အောင်ပါပဲ။
တချိန်တည်းမှာလည်း ဗမာတပ်မတော် စတင်ထူထောင်သူတွေထဲပါခဲ့ပေမယ့် စစ် အာဏာရှင်စနစ်ရဲ့ တလက်ကိုင်ကြေးစားတပ်အဖြစ် ရောက်သွားရတဲ့ စစ်တပ်ကြီးကို ပြည်သူတွေဘက်ပြန်ရောက်လာရေးအတွက် တာဝန်တရပ်လို သဘောထားပြီး အသက်(၉၃)နှစ်အရွယ် ကွယ်လွန်ချိန် (၁၀-၁၀-၂၀၁၂) အထိ မမောမပန်း မရပ်မနား ရသမျှနည်းလမ်းအသုံးပြုပြီး တပ်ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းသွားရှာတဲ့ ဖခင်ကြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကိုလည်း အလွန်ကိုသတိရနေမိပါတယ်။ ဖေဖေများ အသက်ရှင်လျှက် ရှိနေသေးရင် ဘာတွေများပြောနေမလဲ လို့လဲ စဉ်းစားနေမိပါတယ်။
ဒါကြောင့် ဖေဖေ ရဲ့အသက်ထင်ရှားရှိစဉ်-ပြောဆိုချက်တွေထဲက အခုအချိန်နဲ့ကိုက်ညီတဲ့ အကြောင်းအရာများကို ပြန်လည်ဝေမျှလိုက်ပါတယ်။ တကယ်တော့ အဲဒါတွေအားလုံးကိုစုစည်းပြီး စာအုပ်တွေထုတ်ထားပြီးခဲ့ပါပြီ။အခု ကိုးကားတဲ့ စာအုပ်ကတော့ တရားခံအစစ်ဘယ်သူလဲ၊ ဗိုလ်မှူးချုပ်(ဟောင်း)ကျော်ဇော။ သတင်းဌာနများနှင့် အင်တာ ဗျူး။ (၁၉၉၇-၂၀၁၁) (နေရီရီ စာအုပ်တိုက်။၂၀၁၃ အောက်တိုဘာ။ ကွယ်လွန်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည်။)
၂၀ဝ၇ စစ်မှူထမ်းဟောင်းများသို့ ပြောကြားချက်(မေခရေဒီယို)
(အထက်ပါစာအုပ်-နှာ၁၇၁)
အခုလက်ရှိတပ်မတော်ကြီးကို ၁၉၄၁ခုနှစ် ဒီဇင်ဘာ(၂၆)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးပြီး တည်ထောင်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်ဟာ အဓိကပုဂွိုလ်များထဲက တဦးဖြစ်ပါတယ်။
ကျွန်တော်တို့မျိုးချစ် ပြည်ချစ်တွေ ဒီတပ်ကြီးကို ဘာလို့တည်ထောင်ခဲ့ကြတာလဲ။ ကျွန်တော်တို့ တိုင်းပြည် မလွတ်လပ်သေးဘူး။ ကျွန်တော်တို့ပြည်သူတွေ ဆင်းရဲတွင်းနက်တဲ့ ကိုလိုနီဘဝမှာ ရှိကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေ လွတ်လပ်ရေးရရှိပြီး ဆင်းရဲခြင်းက လွတ်မြောက်ဖို့ တန်းတူရည်တူ လူချင်းတူတူ သူချင်းမျှမျှ သိက္ခာရှိရှိ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ အခု ကျွန်တော်တို့ရဲ့ ချစ်လှတဲ့တိုင်းပြည်ကြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဘယ်ဘဝ ရောက်နေသလဲ။
ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ မကြားဝံ့ မနာသာဖြစ်နေရပြီ။ စစ်တပ်တွင်းက အောက်ခြေတပ်သားများရဲ ့ ဒုက္ခကရော သေးလို့လား။ ယနေ့တပ်မတော်ဟာ စက်ဆုပ်ဖွယ်ကြေးစား တပ်ကြီးဖြစ်နေပြီး ပြည်သူတွေရဲ့ သားသမီးရတနာတွေကို သတ်ဖြတ်စော်ကား ဖျက်ဆီးနဲ့ စစ်သားတွေကို ပြည်သူတွေရဲ့ ရန်သူဖြစ်အောင် လက်မရွံ့ပါး ကွက်သားတွေဖြစ်အောင် လုပ်ပစ်နေတယ်။
စစ်အာဏာရှင်တွေဟာ ပြည်သူတွေကိုပိုသတ်ပြ ပိုရမ်းကားနှိပ်စက်ပြတဲ့ လူတွေကို ရာထူးကြီးတွေနဲ့ လာဘ်ထိုးတယ်။ တကယ်တော့ ဒီစစ်ဝန်ထမ်းတွေရဲ့ဘဝဟာ ပြည်သူတွေထက် ဆိုးဝါးတယ်။ ပြည်သူတွေလိုပဲ ဒုက္ခဆင်းရဲအမျိုးမျိုး ရောက်ရုံမက ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်နေရလို့ ပြည်သူတွေရဲ့ချဉ်ဖတိဖြစ်လာနေရပြီ။ နှစ်ထပ်ကွမ်းဆိုးဝါးလှတဲ့ဘဝပါ။
တကယ်တော့ဒီနေ့ ကျွန်တော်တို့ တိုင်းပြည် ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲအဖုံဖုံဟာ စစ်အာဏာရှင်စနစ်က မြစ်ဖျားခံတာပါ။ တပ်မတော်သားများ သိရှိနားလည်ဖို့က စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုအတွက် ဒုက္ခတွေသယ်လာရုံမက တပ်မတော်သားအများစုအပေါ်လည်း ဒုက္ခတွေကျရောက်စေတယ်ဆိုတာပါပဲ။ တကယ့် လက်တဆုပ်စာလူတစုလေးသာ ချမ်းသာနေတာပါ။ ဒါတောင် တသက်လုံး စံစားသွားရတာ မဟုတ်ပါဘူး။ ရှေ့ကသွားနှင့်ပြီဖြစ်တဲ့ စစ်အာဏာရှင်ကြီးများရဲ့ဘဝဇာတ်သိမ်းကိုပဲကြည့်ပါ။
အခုအချိန်မှာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ဒီမိုကရေစီရရှိရေးတိုက်ပွဲထဲ ပူးပေါင်း ပါဝင်လာကြပါ။ အရေးကိစ္စပေါ်လာရင်လည်း ပြည်သူတွေကို ရန်သူတွေလိုသဘောမထားပဲ မိမိတို့လွတ်မြောက်ရေး ချမ်းသာဝပြောရေးဟာ ပြည်သူတွေဘဝ လွတ်မြောက်ရေးနဲ့ တဆက်တစပ်တည်းရှိတယ် ဆိုတာ သတိပြုကြပါ။
ဒီပြောကြားချက်တွေဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကာလ (နအဖခေတ်)က ပြောကြားချက်တွေဖြစ်ပေမဲ့ ဒီနေ့ စစ်တပ်က နောက်ထပ်တကြိမ် အာဏာသိမ်းလာတဲ့ကာလ ဒါကိုပြည်သူလူထုက ပြန်လည်တွန်းလှန် တော်လှန်တဲ့ကာလမှာလည်း အသုံး တည့်နေပါသေးတယ်။
ကျွန်မတို့ရဲရဲတောက်ပြည်သူတွေရဲ့တိုက်ပွဲထဲ တပ်မတော်သားတွေ (အထူးသဖြင့် စွန့်ပြီး မစားရရှာတဲ့ အောက်ခြေတပ်မှူး တပ်သားများ) ပါဝင်လာကြဖို့လိုအပ်ပါတယ်။
လူပုဂွိုလ်တဦးတယောက် (သို့မဟုတ်) လူတစုရဲ့ အကျိုးစီးပွားအတွက် တပ်မတော်ကို အသုံးချနေတယ် ဆိုတာ ပေါ်လွင်လာအောင် တပ်ဝန်ထမ်းများကို ပြောဆိုဆွေးနွေး လှုံ့ဆော်ဖို့လည်း လိုအပ်ပါတယ်။
ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ဖက်ဖြစ်နေရတဲ့ စစ်မှူထမ်းများဘဝမှ ရုန်းထွက်ကြပါလို့ တိုက်တွန်း နိုးဆော်အပ်ပါတယ်။
ပြည်သူများရဲ့စစ်အာဏာရှင်စနစ်ကျဆုံးရေးတိုက်ပွဲ မုချအောင်ရမည်။
လှကျော်ဇော။၆-၂-၂၀၂၁။