Breaking News

အောင်ဝေး - ထာ ဝ ရ အ လံ တော်



အောင်ဝေး - ထာ ဝ ရ အ လံ တော်

(မိုးမခ)ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

အဖေ့ဝိညာဉ်ကို
အလံလို လွှင့်တင်လိ်ုက်တယ်။

တပ်ကြပ်ကြီး အေားမောင် (ငြိမ်း) (ကွယ်လွန်)
ကိုယ်ပိုင်အမှတ်- ၄ ၅ ၂ ၁ ၆ ။
အမှတ်(၂)ချင်းသေနတ်ကိုင်တပ်ရင်း၊ ပုသိမ်မြို့။

အဖေ
အဖေ့ကို ကျနော် ရွေးနုတ်လိုက်တယ်။
အဖေ့ကို
အဖေ ပါဝင်ခဲ့ဖူးတဲ့ စစ်တပ်ကနေ
ကျနော် ရွေးနုတ်လိုက်တယ်။

အဖေ့ ကိုယ်ပိုင်နံပါတ်
ကျနော် ပြန်အပ်လိုက်ပြီ။

အဖေ့ တပ်ရင်း၊ အဖေ့ တပ်ခွဲ
ကျနော် ပြတ်စဲလိုက်ပြီ။

အဖေ
အဖေ ပါဝင်ခဲ့ဖူတဲ့ စစ်တပ်က
သေသွားတာ ကြာပြီ။

အခု စစ်တပ်က
ဖက်ဆစ်လက်သစ် နာဇီစစ်တပ်။

အခု စစ်တပ်ဟာ
ကြံ့ဖွတ်လက်ကိုင်တုတ်စစ်တပ် ဖြစ်နေပြီ။

အခု စစ်တပ်ဟာ
မဘသလက်ကိုင်တုတ်စစ်တပ် ဖြစ်သွားပြီ။

အခု စစ်တပ်ဟာ
မအလ အသုံးချခံစစ်တပ်။

အခု စစ်တပ်ဟာ
နိုင်ငံမှာ အကြီးဆုံး လူသတ်ဓားပြဂိုဏ်း။

အခု စစ်တပ်ဟာ
နေဝင်းထက် ရိုင်းတယ်
သန်းရွှေ၊ ခင်ညွန့်တို့ထက်လည်း ရိုင်းတယ်။
စစ်တပ်အဖို့
အနာဂတ်မှာ နေစရာ မရှိတော့။

ပြည်သူတစ်ရပ်လုံး
မုန်းပြီ။

လူထုက စစ်တပ်ကို
သံပုံးတီး တောထုတ်လိုက်ကြပြီ။

နောက်ဆုံးမှာ
စစ်တပ်ကြီးတစ်ခုလုံးဟာ
ငါးထောင်ပဲ တန်တော့တယ် အဖေ။
(စစ်တပ်ကို ငါးထောင်စားတွေကပဲ
ထောက်ခံကြတော့လို့ပါ အဖေ)

အဖေ
အဖေ့ကို အဲဒီစစ်တပ်ထဲက
ကျနော် ရွေးနုတ်လိုက်ပြီ။

အဖေ့ဝိညာဉ်
လွတ်လပ်သွားပြီ အဖေ။

အဖေဟာ
လွတ်လပ်တဲ့ ပြည်သူတစ်ယောက်
လူထုထံ ပြန်ရောက်ပြီ အဖေ။

အဖေ
ကျနော်တို့ တော်လှန်ရေးထဲမှာနေပါ။

လိုအပ်လာတဲ့အခါ
(ကျူးဘားတော်လှန်ရေးအစမှာလို)
ကျနော်တို့ကို စစ်ပညာသင်ပါ။
(လိုအပ်မှပါ အဖေ)

အခုတော့ အဖေ
အဖေ့မြေး
Generation Z တွေနဲ့အတူနေပါ။

အခုတော့ အဖေ
အဖေ့မြစ်
Generation Alpha တွေနဲ့အတူနေပါ။

အဖေ့ကို ကျနော်
အဖေပါဝင်ခဲ့ဖူးတဲ့ စစ်တပ်ထဲက
ရွေးနုတ်ခဲ့ပြီးပြီ။

အဖေဟာ
မြင့်မြတ်တဲ့လူသားတစ်ယောက်
ဒီမိုကရေစီမြတ်နိုးသူ
ကဗျာဆရာရဲ့ အဖေပေါ ့။

အဖေ
နောင်အနာဂတ်မှာ
စစ်သားနဲ့ရဲ အမျိုးထဲ မရှိစေရ။

အဖေ
စစ်ဆွေစစ်မျိုး၊ ရဲဆွေရဲမျိုး
ကျနော့်အိမ်ရိပ် မနင်းစေရ။

အဖေ
စစ်ခွေးနောက်လိုက် အရိုးကိုက်တွေ
ကျနော် ရေတောင် မတိုက်။

အဖေ
ဂျီဝမ်းသမီး ရည်းစားဟောင်းလည်း
ဂျောင်းပဲ။

အဖေ
မအလဘုန်းကြီး သံပုံးတီးပစ်လိုက်မယ်။
စစ်ခွေးဘုန်းကြီးကျောင်း
ဆွမ်း မလောင်းဘူး အဖေ၊ စိတ်ချ။

အဖေ့ကိုယ်ပိုင်နံပါတ်
ကျနော် ပြန်အပ်လိုက်ပြီ။

(တရုတ်ဖြူတွေကိုတိုက်ခဲ့လို့
ဗိုလ်မှူးချုပ်ကျော်ဇော ပေးခဲ့တဲ့)
အဖေ့ရင်ဘတ်ပေါ်က
ပြည်ပရန်နှိမ်တံဆိပ်ကလေး
ရွှေတိဂုံမှာ ခေါင်းညိတ်လို့လှူမယ် အဖေ။

အဖေ
အဖေ့စစ်စိတ်၊ အဖေ့စစ်စွဲ
ကျနော် မြစ်ထဲ မျှောပစ်လိုက်ပြီ အဖေ။

ခေတ်ထဲ မျောသွား
အဖေလည်း စစ်သား မဟုတ်တော့။

ကျနော်တို့မောင်နှမတွေလည်း
စစ်သားသားသမီး မဟုတ်တော့။

အခုမှ
ဘဝက လွတ်လပ်တယ် အဖေ။

အဖေ့ရဲ့ "မကြည်"
ကျနော်တို့အမေ
စစ်သားမယား မဟုတ်တော့။

အဖေ့မြေးတွေ
စစ်သားမြေး မဟုတ်တော့။

အဖေ့ရဲ့မြစ်တွေ
စစ်သားမြစ် မဟုတ်တော့။

ဘဝက
အခုမှ လွတ်လပ်
မြင့်မြတ်သွားပြီ အဖေ။

အဖေ့မြေးတွေ
မြစ်တွေရဲ့ အနာဂတ်မှာ
စစ်တပ်ဟာ ပြတိုက်ထဲရောက်။

စစ်အာဏာရှင်ဟာ
ပြတိုက်ထဲက ကြွက်သေစုတ်လို
မျက်ရည်သုတ်ငို။

အဖေ
အဖေ့ကို ကျနော် ရွေးနုတ်လိုက်ပြီ။

တော်လှန်နွေဦးမှာ
အဖေ့ဝိညာဉ်ကို
အလံလို လွှင့်တင်လိုက်ပြီ။

အမေ
အဖေဟာ
ကျနော့်ရဲ့ထာဝရအလံတော်ပါ အမေ။ ။

(အဖေနဲ့အမေသို့ ... )
ေအာ င် ေဝး
(၂- ၂၆- ၂၁)