Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး တတိယနေ့ မြင်ကွင်း

UN Plaza, San francisco, USA (2/2/21)


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး တတိယနေ့ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၁


မ​နေ့ညကတော့ ည ၈နာရီမှာ သံပုံးတီးသံတွေ ရန်ကုန်ရဲ့ ရပ်ကွက် အတော်များများမှာ ဆူညံသွားခဲ့တယ်။ တချို့လည်း အိမ်ရှေ့မှာ ဖယောင်းတိုင်မီးထွန်းတယ် ၆နာရီမှာ၊ ဖယောင်းတိုင်မီးထွန်းတာ သိပ်များများစားစား မတွေ့ရပေမယ့် သံပုံးသံတော့ ဆူညံသွားခဲ့တယ်၊ အခြား မြို့ အချို့လည်း တီးကြတယ်။ 

ည၈နာရီနောက်ပိုင်း သတင်းတွေ ထုတ်ပြန်ချက် အမိန့်တွေ တန်းစီထွက်လာ ၊ ပြန်ကြားရေးဝန်ကြီးဌာနက အချို့သော သတင်းမီဒီယာများနဲ့ ပြည်သူများက ဆိုရှယ်မီဒီယာမှာ ကောလဟလ သတင်းများထုတ်ပြန်ခြင်း နဲ့ဆူပူအောင် လှုံ့ဆော်ခြင်းများ လုပ်ဆောင်တယ်ဆိုပြီး မလုပ်ကြဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ဆိုပြီး အသိပေးစာထုတ်ပြန်လာသလို၊ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ ကို အဖွဲ့ဝင် ၁၁ ဦးနဲ့ဖွဲ့တဲ့ ကြေညာချက်၊ ပြည်နယ်တိုင်း အတော်များများမှာ စီမံအုပ်ချုပ်မှု ကောင်စီဥက္ကဌ ခန့်အပ်တာ၊ဒု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်လဲတာ၊ ရွေးကော် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ စာရင်းထုတ်ပြန်တာတွေ ဆက်တိုက်ဆိုသလို ပြန်ကြားရေး ဖေ့စ်ဘွတ်ပေ့ချ်က တက်လာ တပ်မတော်သတင်းမှန်ပေ့ချ် က တက်လာနေတာတွေ့ရတယ်။ 

လူအများလည်း ဖေ့စ်ဘွတ်မျက်နှာပေါ် အားလုံးရောက်နေသလား အောက်မေ့ရလောက်အောင် ပို့စ်တွေ ရှယ်တာတွေ နဲ့ ပျားပန်းခတ်နေခဲ့တယ်၊ အနီရောင် ပရိုဖိုင်းတွေ အနက်ရောင် ပရိုဖိုင်းတွေ စီဗယ်ဒစ်စ်အိုဗီးဒီးယင့် ပို့စ်တွေ ပလူပျံနေခဲ့တယ်။ အာဏာသိမ်းအစိုးရ အဖို့တော့ ဒီလို ဖေ့စ်ဘွတ်ပေါ်က ကမ်ပိန်းတွေ အပြင်မှာ တကယ် လုပ်ဆောင်တဲ့ ကျန်းမာရေး ဝန်ထမ်းအများအပြားရဲ့ အာဏာသိမ်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘူးဆိုတာတွေက ၂ ရက်သား နစက လို့အတိုကောက်ခေါ်ဆိုကြမယ့် အာဏာသိမ်းအစိုးရ ကို ခေါင်းကိုက်စေမှာအမှန်၊ 

သို့ပေမယ့် ဒီအချက်က အောင်ပွဲထိ ရောက်စေမလားဆိုတာကတော့ ပြောဖို့ စောပါသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနေ့ အံ့အားသင့်စရာ တချက်က နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီရဲ့ အဖွဲ့ဝင် ထဲမှာ အရပ်သား ၂ ဦးဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေ ပါဝင်လာတာရယ် ကေအန်ယူဗဟိုကော်မတီဝင်ဟောင်း မန်းငြိမ်းမောင် ပါဝင်လာတာဟာ နိုင်ငံရေးစိတ်ဝင်စားသူတွေကို အကြီးအကျယ် အံအားသင့်စေခဲ့တာပါ။

အာဏာသိမ်းပြီး ၂ ရက်မြောက်နေ့မှာတော့ ရန်ကုန်မြို့မှာ စျေးပြေးဝယ်တာတွေ သိပ်များများစားစားမရှိတော့ ကိုဗစ်အပြီး ပြန်လည်စည်ကားလာတဲ့ ကားတွေ လမ်းပေါ်က ပြန်နည်းပါးသွားတာတွေ့ရတယ် အရင်နေ့တွေက ရုံးတက်ချိန် ရုံးဆင်းအိမ်ပြန်ချိန်တွေ မီးပွိုင့်မှာ တန်းစီနေခဲ့ပေမယ့် ဒီနေ့တော့ သိသိသာသာရှင်းနေတာတွေ့ရတယ် ။ အိမ်တွေ လမ်းတွေမှာ တင်ထားတဲ့ အန်အယ်လ်ဒီအလံတွေ ဒေါ်စု ရုပ်ပုံကားချပ်တွေ အားလုံးနီးနီး မရှိကြတော့ ဖြုတ်သိမ်းလိုက်ကြတာ သတိပြုမိပါတယ်။ သူများအလံတွေကို တက်ဖြုတ်နေတဲ့ မှတ်တမ်းတွေလည်း ပါတယ်။

ကိုယ်စားလှယ်တွေ ကိုယ့်အစီအစဥ်နဲ့ အိမ်ပြန်လို့ရပြီဆိုတာ၊ ဝန်ကြီးချုပ်တွေ အတော်များများ ပြန်လွတ်လာတာ၊ သတင်းတွေမှာ ပါလာတယ်၊ ဝန်ကြီးချုပ်တွေကတော့ အကျယ်ချုပ်နဲ့ ပြန်ထားပြီး အစိုးရ နေအိမ်တွေကို ၃ ရက်အတွင်း ဖယ်ရှားပေးဖို့ ပြောထားတာလည်း ဖတ်ရှုရတယ်၊ ကိုယ်စားလှယ်တွေ အနေနဲ့တော့ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းရဲ့ ညွှန်ကြားချက်ကိုပဲ ထိုင်စောင့်နေတယ်ဆိုတဲ့သတင်းလည်း ဖတ်ရတယ်။

အာဏာသိမ်းစစ်တပ်က တရက်ပြီးတရက် ပြင်ဆင်မှုတွေ ထုတ်ပြန်မှုတွေ စုဖွဲ့မှုတွေ စုံသည်ထက် စုံ တိုးသည်ထက် တိုးလာပါတယ်။ သိပ်မကြာခင်မှာပဲ အာဏာသိမ်းမှုကို ထောက်ခံတဲ့ နိုင်ငံရေးပါတီ ၂၂ ခု ထုတ်ပြန်ချက်ကို ဖတ်ရပြန်တယ်။ တဆည၊ ဗိုလ်ရွှေမန်းပါတီ၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်နဲ့ အချို့ တိုင်းရင်းသားပါတီကြီးတွေတော့ မပါဝင်တာကို တွေ့နိုင်ပါတယ်။ သည်တော့ အခု တပ်မတော်၏ မဟာမိတ်တွေ ဆိုတာက ၂၀၀၈ အလွန် ၂၀၁၀ ဗိုလ်သိန်းစိန်မတိုင်ခင် နဲ့ သိန်းစိန်လက်ထက် အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေ ပြန်လည် စုဖွဲ့မှုတွေပဲလို့ ဆိုနိုင်ပါတယ်။ မကြာခင် လွတ်ငြိမ်းချမ်းသာအမိန့်နဲ့အတူ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်လည်း လွတ်မြောက်လာမယ်လို့ ခန့်မှန်းနေကြပြန်တယ်။ အင်န်အယ်ဒီလက်ထက်က ပိတ်ထားတဲ့ ဖုန်းနဲ့ အင်တာနက်တွေကိုလည်း တပ်မတော်က အခု ဖွင့်ပေးလိုက်လို့ ရခိုင်မှာ ဖိုးဂျီဆက်သွယ်ရေးလိုင်းတွေ ပြန်ရနေပါပြီ တဲ့။ ကဲ ... ဘယ်လို နားလည်ရမလဲ။

တပ်မတော်ရဲ့ မိတ်ဆွေဟောင်း မဟာမိတ်ဟောင်းတွေထဲမှာ တရုတ်နဲ့ ရုရှားလည်း အပါအဝင်ဖြစ်ပါတယ်။ နိုင်ငံတကာက မြန်မာတွေ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ကန့်ကွက်ဆန္ဒပြနေကြချိန်မှာ နယူးယောက်က ယူအန်လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကနေ မြန်မာကို ကန့်ကွက်ဖို့ အဆို မအောင်မြင်ရတာ အဲသည် မဟာမိတ်နိုင်ငံ ၂ ခုက ကန့်ကွက်လိုက်လို့ပါ။ 

ဒီတခေါက်ဆန္ဒပြကန့်ကွက်ပွဲတွေ အာဏာဖီဆန်မှုတွေ (civil disobedience) လှုပ်ရှားမှုတွေမှာ ၂၀တန်း ၃၀တန်း ၄၀ တန်း လူငယ်လူရွယ်တွေ အများအပြားပါကြတယ်။ ပညာတတ်တွေ ဝန်ထမ်းတွေ လည်းပါတယ်။ သူတို့က အခုလက်ရှိ ဒေါ်စုအစိုးရလက်ထက် ဒီမိုကရေစီအကူးအပြောင်းကာလ၏ လွတ်လပ်မှုအရသာတွေကို မြည်းစမ်းထားပြီးသားမို့ စစ်တပ်လက်အောက်ကိုသာ ပြန်သွားရရင် သူတို့အနာဂတ်ပျောက်ဆုံးတော့မှာကို စိုးရိမ်ကြောင့်ကြလို့ အခုလို အာဏာဖီဆန်ကြ ကန့်ကွက်ဆန့်ကျင်ကြတာကို တက်ကြွစွာ ဆင်နွဲနေကြတာ ဖြစ်ပါတယ်။ ၁၉၈၈ တုန်းက ကျောင်းသားလူငယ်တွေကတော့ ဒီမိုကရေစီဆိုတဲ့အရသာကို မြည်းစမ်းခွင့် မရခဲ့ကြပေမယ့် စစ်အာဏာရှင်လက်အောက်က ခါးသီးမှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြတ်သန်းခံစားခဲ့ကြရလို့ တွန်းကန်တော်လှန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပိုလှပမယ့်အနာဂတ်အတွက် သူတို့တွေ စွန့်ခဲ့ကြတယ်။ သည်လိုမျိုး နှိုင်းယှဉ်တွေးမိပါတယ်။

အခု တပ်မတော်အာဏာသိမ်းလိုက်ပြီး ဖမ်းဆီးနှိပ်ကွပ်မှုတွေ ထင်ထင်ရှားရှား မမြင်ရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရပြောခွင့်ရ ဦးဇော်ဌေးအကြောင်း ပျောက်နေတယ်။ ဦးဇော်ဌေး လွတ်မြောက်နေတယ်လို့ သတင်းထွက်နေပါတယ်။ တိမ်းရှောင်နေတယ်လို့လည်း ဆိုကြတယ်။ တကယ်တန်း ထောင်ထဲ အသွင်းခံထားရတာက ရွေးကောက်ပွဲကော်မရှင်က ခေါင်းဆောင် ၂ ဦး လို့ ကြားရတယ်။ ဦးလှသိန်းနဲ့ ဦးမြင့်နိုင်လို့ ခန့်မှန်းကြပါတယ်။ မဲစာရင်းတွေ သန်းချီမှားနေတာကို ဖော်ထုတ်ဖို့ ဝန်ခံပြောကြားဖို့ ကွင်းစက်တွေ ထုတ်ဖော်ဖို့အတွက် အဓိက တာဝန်ရှိသူတွေကို တပ်မတော်က စစ်ဆေး ထုတ်ပြန်နိုင်အောင် ခြေလှမ်းတွေ ပြင်နေပြီလို့ တွေးကြပါတယ်။ ဒီ UEC နဲ့ NLD ကြားထဲက ဆက်သွယ်ရေး ညွှန်ကြားချက် ဒါတွေကို ဆက်စပ်ဖော်ထုတ်နိုင်ဖို့ကိုလည်း တပ်မတော်က ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသားလုပ်နေတာဟာ ကာချုပ်အမိန့်ဖြစ်တယ်လို့ ပြောကြပါတယ်။

အခုအချိန်မှာ မီဒီယာတွေ၏ အခန်းကဏ္ဍနဲ့ မျော်လင့်ချက် ရပ်တည်ချက်တွေကိုလည်း ပြည်သူတွေက စောင့်ကြည့်လာကြတယ်။ သတိပြုမိလာကြတယ်။ ဒေါ်စုလက်ထက်က လက်စောင်းထက်တဲ့ သတင်းစာတွေထဲက သတင်းခေါင်းစဉ်တွေ အရေးအသားတွေ သတင်းဓာတ်ပုံတွေ ကာတွန်းတွေဟာ အခု တပ်မတော်အာဏာသိမ်းပြီးနောက် အရှိန်နဲနဲ သပ်သွားကြတယ်။ အာဏာသိမ်းစစ်တပ်၏ မီဒီယာအပေါ်သဘောထားကို စာနယ်ဇင်းလုပ်ငန်းရှင်တွေ အလုပ်သမားတွေက ထိန်းထိန်းသိမ်းသိမ်းလုပ်ကိုင်ရင်း အကဲခတ်နေကြပုံရတယ်။ အဲသည်ထဲမှာ လက်စောင်းထက်တဲ့ Myanmar NOW ကို လူတွေက သတင်းမေးကြလွန်းလို့ သူတို့တတွေ ကျန်းကျန်းမာမာရှိနေကြောင်း ပြင်ဆင်အားယူနေကြောင်း သတင်းထုတ်ပြန်တာကို ဖတ်လိုက်ရပါတယ်။ ဆိုတော့ မီဒီယာတွေက ကြိုတင်ပြီး သဘောထားတွေ ထုတ်ပြန်မလား - Proactive လုပ်မလား၊ သို့မဟုတ် တပ်မတော်က တစုံတရာဆောင်ရွက်လာတော့မှ ပြန်လည်တုန့်ပြန်သဘောထားပေးမလား -  Reactive လုပ်မလား။ ဒါကို စောင့်ကြည့်ရပါမယ်။

ဒီနေ့လို တတိယမြောက်နေ့မှာ ခန့်မှန်းတွက်ချက်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ တပ်မတော်၏ ခြေလှမ်းနဲ့ ရည်မှန်းချက်က ဘာတွေ ဖြစ်မလဲပေါ့။ လက်ရှိသူတို့သဘောထားကြေညာချက်အရ မဲစာရင်းတွေ စိစစ်မယ်၊ အရေးယူမယ်။ ဘာတွေ အရေးယူမလဲ။ အင်န်အယ်ဒီနဲ့ ယူအီးစီက လူတွေကို တဦးချင်းစီ ပစ်မှတ်ထား အရေးယူမယ်။ ပြစ်ဒဏ်ခတ်မယ်၊ ကန့်သတ်မယ်။ အရေးပါတဲ့ ခေါင်းဆောင်တွေကို နောင်ရွေးကောက်ပွဲမဝင်နိုင်အောင် ပါတီကို ချိုးဖဲ့ပြီး မသန်မစွမ်းဖြစ်အောင် ချုပ်ချယ်ထားနိုင်ပါတယ်။ ဒီလိုနဲ့ အင်န်အယ်ဒီဟာ နောက်ရွေးကောက်ပွဲမှာ အများစုအားနဲ့ အနိုင်မရနိုင်လောက်တဲ့အထိ အတောင်အလက်ချိုးပြီး လူနည်းစုအတိုက်အခံဘ၀ကနေ တက်မလာနိုင်အောင် သူတို့ တပ်မတော်မဟာမိတ်များနဲ့ သမိုင်းသစ်ကို ရေးနီုင်ကြလိမ့်မယ်လို့ မျော်လင့်နေသလား မသိဘူးပေါ့။

(မိုးမခမီဒီယာ)