Breaking News

နေချိုသွေး - ဆယ်လ်မွန်ငါးရဲ့ အပြန်

ဆယ်လ်မွန်ငါးရဲ့  အပြန်
နေချိုသွေး
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၃

မိုးရေစီး‌ကြောင်းထဲ မြက်သစ်ပင်လေးများ အမြစ်ကနေ ကျွတ်ထွက်ပြီး မျောပါသွားတော့မလားဆိုသည့် စိုးတထိတ်ထိတ်စိတ်နှင့် သည်းသည်း ထန်ထန်ရွာသွန်းကျလာနေသော မိုးရေများကို အပြစ်ဆိုနေမိသည်။ ပိတ်ပိတ်‌‌ အောင်မှောင်နေသည့် အမှောင်‌ကောင်းကင်ယံဆီက ခြိမ်းလိုက်‌ ခြောက်လိုက် ဟိန်းလိုက် ဟောက်လိုက်နှင့်  ရွာကျလာ‌သောထန်ပြင်းသည့် မိုးရေများကို အာခံအန်တုနေသည့် သစ်ပင်သစ်ကိုင်များထက်က သီးကင်းနုလေးတွေကို ငေးကြည့်နေမိသည်။
ပုရစ်ဖူးလေးများအနေနှင့် စွမ်းအားရှိသလောက်အထိ ကြီးထွား ရှင်သန်ချင်မှာပါပဲ။ ပန်းကလေးများကိုလည်း ရနံ့ရှိသလောက် မွှေးပျံ့စေချင်သည်။ ကမ္ဘာမြေကို အလှဆင်နေသည့် ပန်းများ မွှေးရနံ့ချင်းပြိုင်လို့ ဝေဆာလှပ အစွမ်းရှိသမျှ ဖူးပွင့်နိုင်ကြပါစေ။

“ If you want to listen to birds songs,don't buy cages..Plant trees..!
ငှက်လေးတွေရဲ့ သီချင်းသံ‌တွေကို နားထောင်ချင်ရင် လှောင်ချိုင့်တွေကို မဝယ်ပါနဲ့...သစ်ပင်တွေစိုက်ပါ...”။

ကိုယ့်အနေနှင့် သစ်ပင် သစ်တောတွေကို တန်ဖိုးထားသည့်စိတ်နှင့် သစ်ပင်များ စိုက်ခဲ့ဖူးသည်။
သစ်တပင်ကောင်း ငှက်အပေါင်းလည်း အေးရိပ်မှာနားခိုခွင့်ရကြပါစေ။
အရိပ်နေနေ အခက်ချိုးချိုး ဉာဉ်ဆိုးမျိုး မရှိကြပါစေနှင့်။
အမြင့်ပျံချင်သည့် ငှက်ကလေးများလည်း စွမ်းအားရှိသလောက် လေဟုန်ကိုဆန် ပျံသန်းနိုင်ကြပါစေ။
ဘဝမှာ မျှော်လင့်မထားသည့် အပြောင်းအလဲများနှင့် စတင်ရင်ဆိုင်ခဲ့ရသည့်နေ့ကို မှတ်သားထားမိသည်။
ကျယ်ပြောပြန့်ကားလွန်းသော ကောင်ကင်ပြာပြာကြီး ရှိသမျှ သွားနေသော မီးခိုးငွေ့များလို ခရီး စတင်ခဲ့ပါပြီ။
ဖြတ်သန်းကျင်လည်ရာ ဘဝတလျှောက်မှာ တန်ဖိုးထားလေးစားအတုယူဖွယ်ရာ လူပုဂ္ဂိုလ်များ၏ အတွေ့ အကြုံများနှင့် ဆုံးမဩဝါဒစကားများကို နာခံမှတ်သားပြီး ယုံကြည်ချက်များကို ထမ်းပိုးထားသည့် ခရီးစဉ်...။

“ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်...
ငါ အချစ်ဆုံးပဲ
သူတို့က နှလုံးသား ရှိလို့။
ဥစ္စာရူးရယ် အာဏာရူးရယ်...
ငါ အမုန်းဆုံးပဲ
သူတို့က နှလုံးသား မရှိလို့ ”...။

ရှောင်လွှဲလို့မရသော ဘဝခရီးမှာ လက်ရှိကြုံတွေ့နေရသော အခြေအနေများမှာ စာရေးဆရာကြီးအောင်သင်း ပြောခဲ့ဖူးသော အတွေးအမြင်များကို သတိရမိသည်။
ကျပ်မပြည့်သလို လိုနေတဲ့နှစ်ဆယ့်ငါးပြားစေ့ရဲ့ ခေါင်းနဲ့ပန်းလို ဥစ္စာနှင့်အာဏာ တွဲရူး‌နေသူများကြောင့် မှီတင်းနေထိုင်ရာ နိုင်ငံတော်နှင့် ပြည်သူ အတိဒုက္ခရောက်ခဲ့ပေါင်း များပြီ...။
ကိုယ်နှင့်မဆိုင်သလို ဘေးထွက်ထိုင်နေသူများလာ‌သောအခါ မသမာသူများ ကြီးစိုးမင်းမူလာတတ်ကြသည်။
မတူတော်‌များ ကြီးစိုးလာမယ့်ဘေးမှ တားမြစ် တော်လှန်ပစ်ဝံ့သူ‌များဖို့ လိုအပ်သည်။အမြင်မတော်ရင် ပါဝင်ကူညီတတ်ဖို့ လိုအပ်သည်။
ကိုယ့်ရူးသွပ်မှုနှင့်ကို ကိုယ့်ပယောဂကြောင့် တပါးသူမျက်ရည်ကြီးငယ် အသွယ်သွယ် ကျရရှာ‌သောဘဝများ မရှိဖို့ လိုအပ်သည်။
ရေလိုက် ငါးလိုက်နှင့် မနေထိုင်တတ်သည့်ကိုယ့်စိတ်နှင့် ပတ်ဝန်းကျင်ကို အကောင်းမြင်ကြည့်သည်။ မတရားတာမြင်လျှင် ဆန့်ကျင်တော်လှန်ပစ်ဖို့ ဝန်မလေးသည့် စိတ်က အပြောင်းအလဲများကို လိုချင်သည်။ ဘယ်လို အခြေအနေရောက်ရောက် မိုးခါးရေကို မသောက်ချင်သည့်အခါ ငြင်းဆန်ဝံ့ရမှာပါ။ အဓမ္မများ ပျက်သုဥ်း၍ ဓမ္မတရားများဆိုက်ရောက်လာပြီး အဓွန့်ရှည်ပါစေ။ နေရောင်လာသည့်အခါ ပိတ်ဖုံးနေသော အမှောင်ထုကြီးကွယ် ပျောက်သွားမှာပါ။

အပူအပင်ကင်းစွာနှင့် စိတ်အေးချမ်းမှုများကို မည်သူမဆို လိုချင်ကြမှာပါပဲ။ မည်သူမဆို အလိုလောဘနည်း‌ သောအခါ မတရား‌သောအမှုကိစ္စများကို မကျူးလွန်ဖြစ်တော့ပါ။ စိတ်မကောင်းဖြစ်ရစေသော အကြောင်း အရာများနှင့် အဆင်မပြေမှုများ ကျန်‌နေရစ်ခဲ့ပြီး စိတ်ချမ်းမြေ့ ပျော်ရွှင်စရာများပဲ ကြုံတွေ့ကြပါစေ။
ခေတ်ကာလကြီးက ဆုတောင်းစရာ မလိုသည့် အခြေအနေမှာ ရောက်ရှိနေလျှင်တော့ သိပ်ကောင်းမှာပါ။
ကိုယ့်အနေနှင့် အနာဂတ်အတွက် ယုံကြည်ချက်နဲ့ ဆယ်လ်မွန်ငါးလိုလှိုင်း ကြီးလေထန် လောကဓံခရီးကြမ်းကို ဆန်တက်‌နေပါသည်။
စိတ်အလိုလောဘများနှင့် လွတ်မြောက်ခွင့်ရသည့် အခိုက်အတန့်မှာ မြင်မြင်သမျှ အရာရာဟာ ငြိမ်းချမ်းကြည်နူးဖွယ်ရာအတိနှင့် ရှုချင်စဖွယ် လှပအေးမြလို့နေသည်။‌
အလိုလောဘနည်းသည့်အခါ မတရားသည့်အမှုကိစ္စများကို မကျူးလွန်ဖြစ်တော့ဘူးလို့ ယုံကြည်ထားသည်။
ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အသွေးအသားထဲက ဝါသနာပါရာ စာ‌ပေအနုပညာများကိုလည်း ရေး သားလို့‌နေသည်။

မှတ်မှတ်ရရ ပထမဦးဆုံးရသည့် ဉာဏ်ပူဇော်ခ(စာမူခ)နှင့် မဟာမြတ်မုနိဘုရားရုပ်ပွားတော်မြတ်ကြီးထံမှာ ရွှေဆိုင်းကပ်လှူ ပူဇော်ဖို့ ရည်ရွယ်ပြီး ထွက်လာခဲ့‌‌သောနေ့ကို သတိရမိသည်။
ပထမဦးဆုံးရသည့် ဉာဏ်ပူဇော်ခနှင့် ကဗျာစာအုပ်တအုပ်လည်း ဝယ်ယူမည်လို့ ရည်ရွယ်ထားခဲ့သည်။
ထိုနေ့က ဘုရားမှာ ရွှေဆိုင်းကပ်လှူပူ‌ဇော်ဖို့လည်း မဖြစ်မြောက်ခဲ့သလို လိုချင်သည့် စာအုပ်လည်း မဝယ်ယူဖြစ်ခဲ့ပါ။
လမ်းစရိတ်ပြတ်နေသည့် ညီအရွယ် လူငယ်‌လေးတယောက်နှင့် ကြုံလို့ ပါလာသမျှ ပိုက်ဆံအားလုံး ပေးပစ် လိုက်လို့ပါ။
ယုံကြည်ရာ စိတ်တခုကိုအရင်းပြုပြီး ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်းအတွက် ထွက်ချလာသည့် ကိုယ့်ညီအရွယ် လူငယ်လေး တယောက် ကျောက်စိမ်းလုပ်ကွက်မှော်ထဲမှာ စွန့်ပစ်မြေဇာပုံတွေထဲ အသက်နှင့်ရင်းပြီး  ရေမဆေး ကျောက်ရှာသမားအဖြစ်နှင့်ကျင်လည်နေတုန်း  ငှက်ဖျားပိုးမိရင်း အိမ်လွမ်းနာကျလို့ပြန်လာတာဟုသိရသည်။ တွေးကြည့်တော့ ကိုယ့်နိုင်ငံ၏သယံဇာတတွေကို ဘယ်လိုလူများကပဲ ခေတ်အဆက်ဆက်လက် ဝါးကြီးအုပ်ခဲ့လဲဆိုတာ...။

တိုင်းပြည်သံယံဇာတ အဆီအနှစ်များကို ဘယ်လိုလူများကပဲ စားပိုးနင်အောင် ဝါးမျိုးခဲ့သလဲဆိုတာ...။
တိုင်းပြည်၏ လူငယ်ခြေတက်များ၏အနာဂတ် ဘယ်လောက်တောင် ပြိုလဲ ခဲ့ရပြီလဲ...။
ကိုယ့်မှာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကိုယ်လိုသူလို လူငယ်များရဲ့ အနာဂတ်အတွက် ဒေါသစိတ်နှင့် ဆို့နင့်ကြေကွဲခဲ့ရသည်။
သူ့ခမျာ အားကိုးရာ ရှာရင်း မဟာမြတ်မုနိဘုရားကြီးထံရှိခိုးဦးတင်လို့ ဘုရားပုရဝုဏ်ဝန်းထဲတွင် ကျောပိုးအိတ်လေးကို ကျစ်ကျစ်ပိုက်ပြီး ထိုင်နေခဲ့တာပါ။
ကိုယ့်အနေနှင့် ထမင်းလည်းကျွေး ကားလက်မှတ်ပါ ဝယ်ပေးလိုက်သည်။
ပထမဦးဆုံးရသည့်ဉာဏ်ပူဇော်ခ(စာမူခ)အပြင် အိတ်ကပ်ထဲတွင် ပါရှိလာသမျှ ပိုက်ဆံအကုန်လုံး အသုံးပြုပြီး ပေးပစ်လိုက်သည်။

လမ်းစရိတ်အတွက် ညှိုးငယ်‌သောအမူအရာနှင့် အောက်ကျနောက်ကျခံပြီး အကူအညီတောင်းလာသည့် ကိုယ့်ညီအရွယ် လူငယ်လေးတယောက် သွေးမတော်သားမစပ်ပဲ ကူညီခွင့်ရခဲ့သည့် ညီလေးအရွယ် လူငယ်လေးတယောက် ဘေးမထိရန်မခပဲ အိမ်ပြန်ရောက်ပါစေလို့ ဆုမွန်း‌ကောင်းတောင်းပေးလိုက်ပါသည်။

ထိုနေ့က “ဆယ်လ်မွန် ငါးတို့အပြန်” သီချင်းစာသားများကို ကဗျာတပုဒ်လို ရွတ်ဆိုလို့...
ကိုယ်လည်း လာရာ လမ်းအတိုင်း ပြန်လာခဲ့တာပါပဲ။
အဆိုတော်ခင်ဝမ်း၏  ဆယ်လ်မွန်ငါးတို့ အပြန်...
အပြန်..
အပြန်...။
ကိုယ့်အနေနှင့် မွေးဖွားကြီးပြင်းရာ ဇာတိမြို့လေးထံ ပြန်လာခဲ့ပါပြီ။အပြန် လမ်းတလျှောက်တွင် တပုဒ်ထဲကို ခဏခဏဖွင့်ထားသည့်သီချင်းနှင့် လိုက်ပါလို့...။

“‌ ရေလွှာလည်း ခင်းပြန့်ကြည်လင်စေ...မိုးဦးလည်း လှပသာယာစေ...

ဘဝစေရာ တာဝန်..‌‌ကျေပွန်‌ဆောင်ရွက်ခဲ့သူတို့...ရေစုန်ကို ဆန်ကာပြန်ခဲ့ပြီ...မိုးဦးရေဆန်..မိုးဦးရေဆန်..ဆယ်လ်မွန် ငါးတို့အပြန်..ဆယ်လ်မွန် ငါးတို့အပြန်...အပြန် အပြန် အပြန်..
ဆယ်လ်မွန် ငါးတို့အပြန်...”

အရှေ့တူရူမှ မှုန်ပျပျအလင်းထုမှာ တဖြည်းဖြည်းချဉ်းနင်း ဝင်ရောက်လာပါပြီ။

တရားမျှတ လွတ်လပ်မှုကို မြတ်နိုးတန်ဖိုးထားသောစိတ်ဟာ တလူလူ လွင့်လို့ မိုင်ထောင်ချီ ခရီးနှင်ရင်း ပြေးဝင်လာသောလောကဓံကို နှလုံး သားနှင့် ခုခံကာကွယ်တတ်ခဲ့ပြီ။ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားခဲ့သည်။
ဖြတ်သန်းကျင်လည်ရာ ဘဝတလျှောက်မှာ ကြုံ‌တွေ့‌နေရသည့် အခြေ အနေများမှာ စိုးရိမ်ရေအမှတ်အထက်မှာ ရောက်ရှိနေသည့် ဘဝများကို ဖေးကူချင်သည့် စိတ်နှင့် အမြင်မတော်ရင် ပါဝင်ကူညီချင်စိတ်နှင့် အား နည်းသူဘက်က ရပ်တည်နေတုန်းပါ။ သဲသဲမဲမဲ ရွာကျလာ‌နေ‌သော မိုးရေများကိုအာခံအန်တုပြီး ရေဆန်လမ်းမှာ ပင်လယ်ရေမျက်နှာပြင်အထက်၂၈၀၆ ပေ အရောက်ချီတက်လာခဲ့ပါပြီ။

နေချိုသွေး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar