Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ဒုတိယနေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ဒုတိယနေ့ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၁

မနေ့ကတော့ ပြည်သူတွေက စိုးရိမ်တကြီး စျေးဝယ်ကြ၊ ငွေထုတ်ကြနဲ့ ရုတ်ရက်ခတ်သွားပါတယ်။ နိုင်ငံတကာအပါအဝင် လူထုအားလုံးက စိုးရိမ်ကြီးမှုအပြင် မခံမရပ်နိုင်ဖြစ်တဲ့လှိုင်းက အကြီးကြီး ဖြစ်သွားပါတယ်။ အမေရိကန်အပါအဝင် ဥရောပတို့က စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ ပြန်လည်စဉ်းစားစေလိုကြောင်း ထုတ်ပြန်ကြပါတယ်။ မနေ့က နေ့ခင်းမှာ အင်တာနက်တွေ ဖုန်းလိုင်းတွေ တော်တော်များများ ပြန်ဖွင့်ပေးလိုက်ပြီး စစ်တပ်က ဘဏာ်တွေကို ပြန်ဖွင့်ဖို့ ညွှန်ကြားလိုက်ပါတယ်။

သည်နေ့မှာတော့ အားလုံး တည်တည်ငြိမ်ငြိမ် ရန်ကုန်မြို့မှာ တွေ့ရပါတယ်။ စျေးတွေ အလုအယက်မဝယ်တော့ပေမယ့် စျေးတွေကတော့ တော်တော် တက်သွားပါပြီ။ အွန်လိုင်းစျေးဆိုင်တွေကလည်း ပစ္စည်းတွေ ပြတ်နေတယ်၊ နယ်က အဆက်အသွယ်တွေ ရပ်သွားတယ်၊ မှာသလောက် မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။ ဘဏ်တွေ ဖွင့်ရင် ငွေထုတ်ဖို့ လူတွေက ထိုင်စောင့်နေကြပါတယ်။

လုံခြုံရေးကို သိသာထင်ရှားအောင် ချမထားပါ။ အင်န်အယ်ဒီရုံးခန်းတွေကို ဝင်စီးတယ်ဆိုတဲ့ သတင်းတွေက ဖေ့စ်ဘွတ်မှာ တက်နေပါတယ်။ အမျိုးသားရေးအစွန်းရောက်တွေ လှည့်လည်တာတွေကို မမြင်ရတော့ပြန်ပါဘူး။ ရှိတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်တွေ အားလုံးကိုတော့ စစ်တပ်က သိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ပြောတဲ့အတိုင်း မဲစာရင်းတွေကို စိစစ်မယ်၊ တိုင်းပြည်ကို ချပြမယ် စသည်ဖြင့် ဆက်လုပ်လိမ့်မယ် မျော်လင့်ကြပါတယ်။

အာဏာသိမ်းပြီး ထုံးစံအတိုင်း တပ်မတော်က အစိုးရအသစ်ကို ထုတ်ပြန်ပါတယ်။ ဝန်ကြီးတွေအားလုံးက အရင် ဝန်ထမ်းတွေ စစ်အမှုထမ်းတွေ အတွင်းဝန်တွေ အစိုးရဟောင်းက လူတွေ စသည်ဖြင့် တွေ့ရပါတယ်။ ဒုဝန်ကြီးတွေကိုလည်း ဖြုတ်ပစ်လိုက်ပါတယ်။ အင်န်အယ်ဒီက လူတွေတော့ မပါဘူးပေါ့။ တနှစ်ပဲ အုပ်ချုပ်မယ်ဆိုတော့ အရင် ဦးသိန်းစိန်နဲ့ စစ်အစိုးရလက်ထက်က လုပ်ကိုင်ဖူးသူတွေပြန်ထည့်တာလို့ တွေးသူတွေက တွေးပါတယ်။ အခြားအရေးကြီးတဲ့ ဝန်ကြီးဌာနတွေ ခန့်အပ်တာကို ဆက်စောင့်ကြည့်နေကြပါတယ်။ အာဏာသိမ်းအစိုးရထုံးစံအတိုင်း တိုင်းနဲ့ပြည်နယ်တွေမှာ တိုင်းမှူး၊ ပြည်ထဲရေး၊ ထွေအုပ်၊ စည်ပင်တို့နဲ့ပဲ ဆက်ထိန်းထားမယ်ဆိုရင်တော့ တိုင်းနဲ့ ပြည်နယ်အစိုးရတို့ ဝန်ကြီးတို့ ခန့်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ နေ့ခင်းမှာတော့ ပြည်နယ်နဲ့ တိုင်းက အစိုးရ၊ အမတ်၊ ပါတီဝင်အချို့ကို အကျယ်ချုပ်နဲ့ နေအိမ်မှာ ပြန်ထားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

လက်ရှိ တပ်မတော်က ပြန်တမ်းတွေမှာ ၂၀၁၅ အစိုးရနဲ့ အမတ်တွေက နှုတ်ထွက်သွားပြီလို့ ကြေညာတာ မတွေ့ရပါဘူး။ တဦးစ နှစ်ဦးစတော့ ရှိမှာပါ။ ၂၀၁၅ ရွေကောက်ခံ လွှတ်တော်က ခန့်ထားတဲ့ သမတကြီးနဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က ကိုယ်တိုင် နှုတ်ထွက်တယ်လို့ ထုတ်ပြန်တာ မတွေ့ရပါ။ တပ်မတော်ကလည်း သူတို့ကို ထုတ်ပယ်တယ်လို့ မကြေညာသေးပါ။ ကာယကံရှင်တွေက လည်း မနှုတ်ထွက်ဘူး၊ စစ်တပ်က ထုတ်မပစ်ဖူးဆိုရင် ဥပဒေအရကတော့ စိန်ခေါ်မှု ဖြစ်နေသေးမှာ ဖြစ်ပါတယ်။ 

နေပြည်တော် စည်ပင်ရိပ်သာမှာ အမတ်တွေ အားလုံး အဆင်သင့် စုဝေးပြီး စစ်တပ်က ပိတ်ဆို့ထားပေမယ့် အင်တာနက်ကနေသူတို့သတင်းတွေ တင်နေတာကို တွေ့ရပါတယ်။ သတင်းဆိုတာကလည်း သူတို့အားလုံး အသက်အန္တရယ် မကျရောက်သေးဘူးလို့ အဓိကထား တင်တာပါ။ ပြည်သူတွေ စိတ်အေးရတာပေါ့။ အမတ်တွေက အန်အယ်ဒီပါတီခေါင်းဆောင်တွေရဲ့ သဘောထားအတိုင်းလို့ လက်မှတ်ထိုးထားတယ် ဆိုပါတယ်။ အခုနေ့ခင်းမှာ အင်န်အယ်ဒီစီအီးစီတွေ ခေါင်းဆောင်တွေက စစ်တပ်အာဏာသိမ်းတာ တရားမဝင်ဘူး၊ တိုင်းပြည်ကို ဖျက်ဆီးရာရောက်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါ၊ လွှတ်တော်ခေါ်ပါ၊ ဖမ်းဆီးထားသူတွေအားလုံး လွှတ်ပေးပါလို့ ထုတ်ပြန်ပါတယ်။ သည်တော့ နေပြည်တော်စည်ပင်ရိပ်သာက လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီခေါင်းဆောင်တွေရဲ့ သဘောထားကလည်း ထပ်တူဖြစ်တယ် ဆိုရမှာ ဖြစ်ပါတယ်။ ဒါကို စစ်တပ်က ဘာတုန့်ပြန်မလဲ ကြည့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ စာမျက်နှာမှာကတော့ တပ်မတော်က သူတို့သဘောထားကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ထားတယ် ဆိုပါတယ်။ ပြည်တွင်းရေးကို အမှန်မသိဘဲ အလောတကြီး ဘာမှ ထုတ်မပြန်နဲ့လို့ ပြည်ပအစိုးရတွေကို သတိပေးတာပါ။ မြန်မာပြည်တွင်း သံရုံးက ဝန်ထမ်းမဟုတ်တဲ့ မိသားစုဝင်တွေ မိခင်နိုင်ငံတွေဆီကို ပြန်သွားကြတယ်လို့လည်း သတင်းတွေအချို့မှာပါပါတယ်။ ပြည်ပစီးပွားရေးကုမ္မဏီတွေကလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး စောင့်ကြည့်လိုက်ပါတယ်။ သူတို့လူအချို့လည်း မြန်မာပြည်ထဲကနေ ထွက်ခွာနေပြီလား ပြင်ဆင်နေပြီလားဆိုတာ ကွန်ဖန်းမဖြစ်ပေမယ့် ခြေလှမ်းတွေ ပြင်နေပြီဆိုတာတော့ သေချာပါတယ်။

နိုင်ငံတကာက မြန်မာတွေကတော့ သက်ဆိုင်ရာ အစိုးရုံးတွေ ယူအန်ဌာနတွေရှေ့မှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ဂျပန်ကနေ စလိုက်တာ အခုဆိုရင် အမေရိကားအထိ ပြန့်နှံလာပါတယ်။ သက်ဆိုင်ရာ နိုင်ငံကခေါင်းဆောင်တွေဆီ စာရေးသားပေးပို့ ကန့်ကွက်တာတွေ လုပ်ကြပါတယ်။ အမေရိကန်သမတက စစ်တပ်က အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့နဲ့ မလုပ်က ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကုလလုံခြုံရေးကောင်စီအစည်းအဝေးလည်း ခေါ်မယ် ပြောပါတယ်။ ထိုင်းအစိုးရကတော့ မြန်မာပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ ပြောပါတယ်။ တရုတ်ကတော့ သင့်သင့်မြတ်မြတ် အဖြေရှာစေချင်ပါတယ်တဲ့။

ဒုတိယနေ့မှာ နိုင်ငံတကာက ပညာရှင်တွေ မီဒီယာသမားတွေဆီက မြန်မာပြည်အာဏာသိမ်းခြင်းအပေါ် သဘောထားတွေ အမြင်တွေ တက်လာပါတယ်။ အဓိကပြောနေကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ စစ်အုပ်စုတွေကို အလွန်အလျော့ပေးပြီး အကောင်းမြင်လွန်းတာကြောင့် အခုလို ဖြစ်ရတယ်ဆိုပြီး ဝေဖန်ကြတာ တွေ့ရပါတယ်။ စစ်တပ်အပေါ်သတိထားဆက်ဆံရင် လွန်ခဲ့တဲ့ ၁လကတည်းက စစ်တပ်နဲ့ စစ်အုပ်စုခြေလှမ်းကို ကြိုတွက်နိုင်ပြီးသား ဖြစ်တယ်လို့ သူတို့က သုံးသပ်ပါတယ်။ အမေရိကန်မှာကအစ မဲရှုံးတဲ့သမတတွေ အစိုးရတွေက  capital riot နဲ့ အကြမ်းဖက်အာဏာသိမ်းဖို့ ကြိုးစားတာ သင်ခန်းစာပူပူနွေးနွေး ရှိတယ်လို့ ထောက်ပြကြပါတယ်။ နောက်တခု တက်လာတာကတော့ စစ်တပ်က ဘင်္ဂလီလူမျိုးတွေ (ရိုဟင်ဂျာ) အပေါ် အကြမ်းဖက်သတ်ဖြတ်မောင်းထုတ်တာကို ဒေါ်အောင်ဆန်းစုကြည် ရေငုံနေမှုကိုလည်း တိုးပြီး ပြစ်တင်ကြတာလည်း တပိုင်းပေါ့။

ဒုတိယနေ့မှာ ပြည်သူတွေ စောင့်ကြည့်နေကြတာက အင်အားစု ၃ စု (စစ်တပ်မပါ) ၏ လှုပ်ရှားပြင်ဆင်မှုတွေ လုပ်ကိုင်ပုံတွေ ဖြစ်ပါတယ်။ ပထမအင်အားစုက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်ဒီပါတီအုပ်စု (အမတ်၊အစိုးရ၊ပါတီခေါင်းဆောင်) တွေ၏ ခြေလှမ်း။ ဒုတိယအင်အားစုက လွှတ်တော်ပြင်ပက ၈၈နဲ့နောက်ပိုင်း (ရွှေဝါရောင်၊ ဒီပဲယင်း၊ နာဂစ်၊ လက်ပံတောင်း၊ ) အရေးတော်ပုံ မျိုးဆက်ဟောင်းတွေ၏ ခြေလှမ်း။ တတိယအင်အားစုကတော့ တိုင်းရင်းသားတွေ လက်နက်ကိုင်လူမျိုးစုတွေရဲ့ သဘောထား တုန့်ပြန်ချက်နဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ အဲသည်ထဲမှာ အဲသည်ရဲ့ အပြင်ဘက်က အသစ်စက်စက်၊ အခုမျက်မှောက်ခေတ် ၂၀၁၀ ရွေးကောက်ပွဲတွေနောက်ပိုင်း ကြီးပြင်းဖြတ်သန်းလာတဲ့ မျိုးဆက်သစ်တွေရဲ့ သဘောထား ခြေလှမ်း ခံစားချက်တွေကိုလည်း လူထုက စောင့်ကြည့်နေကြပုံရပါတယ်။ အခုအချိန်မှာ အားလုံးစိတ်ထဲမှာ တွေးနေတာက အလှမ်းမဝေးသေးတဲ့ ၈၈ အရေးတော်ပုံ နဲ့ ရွှေဝါရောင်အရေးတော်ပုံက အတွေ့အကြုံတွေ ခံစားချက်တွေ မျော်လင့်ချက်တွေပဲ ဖြစ်ပါလိမ့်မယ်။

(မိုးမခမီဒီယာ)