Breaking News

ထွန်းဝင်းငြိမ်း - နွေဦးဟာ နောင်ရိုး ဖြစ်တယ်



ထွန်းဝင်းငြိမ်း - နွေဦးဟာ နောင်ရိုး ဖြစ်တယ်

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁

နွေဦးကို
သင်းသတ်ကြပေမယ့်
ပုရစ်ဖူးတွေ
ဝေစည်ခဲ့ပြီ။ 

မိုးလား
တိမ်လား
မြူလား
စဉ်းစားမနေနဲ့။ 

ဒီမိုကရေစီနဲ့
စစ်အာဏာ
ဘာမှမဆိုင်ကြောင်း
လက်သုံးချောင်းနဲ့
လက်ရုံးတွေက
ပြသခဲ့ပြီ။ 

နွေဦးဟာ
အာဏာရူးတွေနဲ့
အပေးအယူ
မလုပ်ဘူး။

နွေဦးဟာ
အရေးပေါ်အခြေအနေဆိုပြီး
နောက်ကြောင်းပြန်သူတွေနဲ့
တလမ်းထဲ
မသွားဘူး။

နွေဦးဟာ
သံပုံးတီးမယ်
စီဒီအမ် ဝန်းရံမယ်
ကားပျက်မယ်
ချီတက်မယ်
အနာဂတ်အတွက်
အကြောင်းအမျိုးမျိုးနဲ့
ခေါင်းလောင်းထိုးခဲ့တယ်။

နွေဦးဆိုတာ
ပြည်သူ့အာဏာ
ပြည်သူ့ထံ
ပြန်မရမချင်း
အောင်ပွဲအတွက်
ဖောင်ဖျက်ပြီး
ရှေ့ဆက်တိုးကြမယ့်
နောင်ရိုးစိတ်ဓာတ်မျိုးဖြစ်တယ်။ 

ထွန်းဝင်းငြိမ်း
၁၇၊ ၂၊ ၂၀၂၁