Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၈ရက် မြောက်နေ့ မြင်ကွင်း ...

Sule (Freedom) Square, Yangon, blocked by regime. Photo - Win Zaw Latt's fb (19th Feb, 2021)


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၈ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဆိုတော့ စစ်ကောင်စီ အာဏာသိမ်းတာကို ကန့်ကွက်ကြတာ ၁၃ ရက် ရှိသွားပြီ။ အာဏာစသိမ်းကတည်းက လူထုဟာ သံပုံးတီးပြီး ကန့်ကွက်မှုတွေ စတင်ပါတယ်။ ဝန်ထမ်းသပိတ်မှောက်ဖို့ စတင်တိုက်ပွဲ ခေါ်ကြပါတယ်။ ၅ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြတဲ့ပြောက်ကျားလှုပ်ရှားမှု စတင်တယ်။ ၆ ရက်နေ့မှာ ပိုပြီး လှုပ်ရှားမှုတွေ တိုးထွက်လာပါတယ်။ အဲသည် စနေ တနင်္ဂနွေဟာ စိတ်လှုပ်ရှားစရာဖြစ်တယ်။ ဒါဟာ ၇ ရက်နေ့ တနင်္လာနေ့မှာ အရှိန်မြှင့်မယ့်တပြည်လုံးဝန်ထမ်းသပိတ်တိုက်ပွဲခေါ်သံအတွက် ခွန်အားပဲ။ ၇ ရက်နေ့ကစပြီး CDM သပိတ်ဟာ အရှိန်အဟုန်နဲ့ တာထွက်သွားပြီ ဖြစ်ပါတယ်။

စစ်အာဏာသိမ်း စစ်ကောင်စီဟာ အဲသည်ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ နည်းမျိုးစုံနဲ့ ဖြိုခွင်းဖို့ ကြိုးစားနေပါတယ်။ အကြမ်းဖက်တာ သတ်ဖြတ်တာတွေကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ လူထုဟာ ခုချိန်ထိ နောက်ဆုတ်တွေဝေခြင်း မရှိပဲ စစ်အာဏာရှင်တွေကို ရင်ဆိုင်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထားသူတွေ အားလုံး လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အဲဒါအပြင် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အစစ်အမှန်ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးလမ်းကြောင်းပေါ်တက်ရေးကိုပါ ဆက်လက် ရည်မှန်းချက်တွေ ချမှတ်လာကြပါတယ်။

ခုချိန်မှာ သယ်ယူပို့ဆောင်ရေး (မီးရထားသပိတ်အပါအဝင်) ရပ်ဆိုင်းလုနီးပါးနဲ့ ဘဏ်လုပ်ငန်း ငွေကြေးစီးဆင်းမှု ကျရှုံးမှုတွေကို အာဏသိမ်းစစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ မျိုးဆက်သစ်တွေရဲ့ တိုက်ပွဲဝင်နည်းပရိယာယ်တွေကိုလည်း အားလုံးက စောင့်ကြည့်အတုခိုး လိုက်ပါ လုပ်ဆောင်နေကြရတာကို တွေ့ရပါတယ်။

အဲသည်မှာ တခုလေး ပြောချင်တာက လူထုပရိသတ်က မိမိတို့ဆန္ဒသဘောထားတွေ ကြားချင်မြင်ချင်တာတွေ စိတ်ခံစားမှုတွေကို နောက်လိုက်ပြီး သတင်းအမှား ယူဆချက်အမှားတွေကို ထုတ်ဖော်ကြ၊ ဖြန့်ဝေကြလုပ်လာတာ ဖြစ်ပါတယ်။ အမေရိကန်က တောင်တရုတ်ပင်လယ်မှာ တရုတ်က မောင်ပိုင်စီးပြီး အိမ်နီးချင်းတိုင်းပြည်တွေကို ခြိမ်းခြောက်နေတာကြောင့် အမေရိကန်က စစ်အင်အားတွေ ထုတ်ပြီး တုန့်ပြန်နေတာကို မြန်မာတွေက အမေရိကန်တွေ မြန်မာစစ်အုပ်စုကို စစ်ရေးအရ အရေးယူတော့မယ်ဆိုပြီး မှတ်ချက်တွေချ ဖြန့်ဝေကြတာမျိုးတွေပါ။ မြန်မာပြည်အရေးအတွက် အမေရိကန်က ဖိအားတစုံတရာအဖြစ် စစ်အင်အားထုတ်ပြတာလို့ ယူဆနိုင်သော်လည်း အခြားအကြောင်းအရာနောက်ခံကို နိုင်ငံတကာသတင်းဌာနက သတင်းစာမျက်နှာတွေမှာ ဖတ်ရှုပြီး စိစစ်နိုင်ပါတယ်။ ဒါကို အများအားကိုးတဲ့ နိုင်ငံရေးတက်ကြွသူအချို့ကပါ ဆိုရှယ်မိဒီယာကနေ တင်နေကြတော့ နဲနဲတော့ စိတ်မသက်မသာဖြစ်ရတာပေါ့။

လမ်းပေါ်သပိတ်နဲ့ ဝန်ထမ်းသပိတ် ၂ ပတ်နီးပါးမှာ နောက်ထွက်လာတဲ့ အရှုပ်အထွေးကတော့ မျိုးဆက်ဟောင်းတွေဆီက ကြီးမားတဲ့ အာဃာတတရားတွေ ဖြစ်ပါတယ်။ လူမျိုးရေးအစွန်းရောက်တာတွေ ဘာသာရေးအစွန်းရောက်တာတွေကို အချင်းချင်းပုတ်ခတ်ပြီး ပြောကြရေးကြတာတွေ ထွက်လာတယ်။ မျိုးဆက်ဟောင်းတွေရဲ့ ကျောင်းတော်က (နိုင်ငံရေး)ရန်စတွေ၊ အုပ်စုစွဲ ပါတီစွဲ မကြေလည်မှု အငြိုးအတေးတွေကို ထုတ်ဖော် ပုတ်ခတ်တာတွေ ဆိုရှယ်မီဒီယာမှာ တက်လာကြတယ်။ မျိုးဆက်သစ်တွေရဲ့ ဖြူစင်တဲ့ အမျိုးသားရေး အားလုံးလွတ်မြောက်မှုအတွက် ရုန်းကန်တိုက်ပွဲဝင်နေချိန်မှာ မိမိအစုအဖွဲ့ အတ္တအတွက် အကျိုးစီးပွားတို့ အာဃာတတို့ ရှေ့တန်းတင်လာတွေကို ပြည်သူလူထုက ဥပက္ခာပြု ထားရစ်ခဲ့ဖို့ လိုပါတယ်။ အဓိကနဲ့ သာမညခွဲကြည့်ပြီး မျက်ဝါးထင်ထင် လမ်းပေါ်မှာ ချီတက်နေသူတွေ၊ ရုံးမတက်ပဲ ရုန်းထွက်နေသူတွေ၊ သူတို့ကို ထောက်ခံအားပေးကူညီနေသူတွေ ဖြူစင်သန့်ရှင်း အစွန်းအထင်းမရှိသူတွေနောက်ကနေ ရပ်တည် ညီညွတ် ဆက်တိုက်ပွဲဝင်ကြဖို့သာ အရေးကြီးတယ်လို့ တင်ပြလိုပါတယ်။

ဗန်းမော်ဆရာတော်ကြီးက စေ့စပ်ညှိနှိုင်း အဖြေရှာကြဖို့ကို တရားဓမ္မနဲ့ ဟောကြားထုတ်ပြန်ပါတယ်။ နှစ်ဦးနှစ်ဘက် တင်းမာလွန်းရင် အဆုံးစွံ ပျက်သုဉ်းမှုသာ ခံစားကြရလိမ့်မယ်လို့ သတိပေးပါတယ်။ ဝက်ဝံနဲ့ ကြို့ပင်စောင့်နတ်တို့ အပြန်အလှန်အညိုးထားပြီး ပျက်စီးကြောင်း ကြံတဲ့အခါ ကြားထဲက သစ်ခုတ်သမား ပုဏ္ဏား လက်သမားက ၂ဘက်စလုံးကို သတ်ဖြတ်ဖျက်ဆီးပစ်လိုက်တဲ့အကြောင်း ဥပမာပေးထားပါတယ်။ သင်ခန်းစာယူကြဖို့ ဘာသာရေးဆရာတော်များက တောင်းပန်နေကြတာ ဖြစ်ပါတယ်။

နောက်တခုကတော့ လက်တွေ့ကျကျ မျော်လင့်ချက်ထားကြဖို့ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရေးအရ ဝင်ရောက်ဖို့ ပြည်မ၏ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ ဆိုရှယ်မီဒီယာတွေမှာ ခံစားချက်ရှေ့တန်းတင်ပြီး ရေးကြပါတယ်။ ပြည်တွင်းက မိတ်ဆွေအချို့၏ သဘောထားကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်အစိုးရနဲ့ ရင်ဆိုင်ထားကြတာမှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့က အစိတ်အပိုင်းတခုသာဖြစ်ပြီး သူတို့မူလအရင်းခံဖြစ်တဲ့ စစ်ရေးနည်းကို အခုချိန်ထိ ကိုင်စွဲထားတာ ဖြစ်တဲ့အကြောင်း၊ ဒါကို သဘောပေါက်စေလိုကြောင်း မှတ်ချက်ပေးပါတယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးနည်းနဲ့ စေ့စပ်ဆွေးနွေးအဖြေရှာရေးကို အခြေအနေအရသာ လုပ်ကိုင်ကြသော်လည်း အချိန်မရွေး လက်နက်ကိုင်ခုခံနိုင်ကြဖို့ သူတို့သမိုင်းသင်ခန်းစာရှိကြတယ်လို့ ပြောချင်ပုံရပါကြောင်း။