Breaking News

ကျော်ကျော် (မြရည်စမ်း) - သက်မဲ့၏ဂီတ



ကျော်ကျော် (မြရည်စမ်း) - သက်မဲ့၏ဂီတ

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁

၁။ ရထားများ ရပ်တန့်သွားကြသည်။ ရထားဝန်ထမ်းအများစုသည် အလုပ်မဆင်းကြတော့ပေ။ ဆရာကြီးဗန်းမော်တင်အောင်၏ သမိုင်းဝင်စကားအတိုင်းပင် သူတို့သည် သူတို့ ခေတ်ကြီးက ပခုံးပေါ်တင်ပေးလိုက်သည့် တာဝန်ကို ထမ်းရွက်နေခဲ့ကြသည်။သူတို့၏ အသံများကို ခေတ်ကာလတိုးတက်မှုအရ တိပ်ရီကော်ဒါဖြင့် ဖမ်းထားစရာ မလိုတော့ပါ။ သူတို့အသံများက ဆိုရှယ်နက်ခ်ဝပ်တွင် တုန်ဟီးနေခဲ့ပြီ။ကမ္ဘာပင် ကျော်ခဲ့ပြီ။

ထိုသို့သော ဆိုရှယ်နက်ခ်ဝပ် မရှိလျှင်လည်း သူတို့အသံများကို တချိန်ချိန်တွင် ပြန်လည်ကြားနိုင်မည်ဟု ကျွန်တော်က ယုံကြည်နေမိပြန်သည်။

၂။ မီတာ၂၀၀ရှည်သော သံလမ်းတစ်ချောင်းနှင့်တစ်ချောင်း ဆက်ရန်အတွက် သံလမ်းတစ်ချောင်း၏ ထိပ်ပိုင်းကို ၁၀မီလီမီတာမျှ ဖြတ်ထုတ်ပစ်လိုက်သည်။သာမစ်ဝရိန်ဖြင့် ဆက်မည်ဖြစ်သဖြင့် လိုအပ်သော "အဟ"လေး ရှိ နေစေဖို့ဖြစ်သည်။ဖြတ်စက်၏ ခြေရင်းတွင် ပြတ်ကျလာသော သံလမ်းဖြတ်စလေးကို ကျွန်တော် သိမ်းထားချင်မိသည်။ ထု ၁၀မီလီမီတာ ဆိုသည်မှာ လက်မဝက်ပင် ရှိသည်မဟုတ်။ ပါးပါးလေးဖြစ်သည်။ သံလမ်းဖြတ်စလေးသည် သံမဏိရောင် ဝင်းပြောင်နေလေသည်။

ထိုသံလမ်းဖြတ်စလေးကို သိမ်းထားချင်မိသည်မှာလည်း အကြောင်းတရားတစ်ခုကြောင်​့ ဖြစ်လေသည်။

ကျွန်တော်သည် ပတ်သက်ဆက်စပ်ရာ ပစ္စည်းပစ္စယများကို မြင်မိလျှင် ထိုပစ္စည်းပစ္စယများနှင့် ပတ်သက်ခဲ့ရသော နှစ်ကာလများ၊အကြောင်းအရာများကို ပြန်လည်သတိရတတ်သောကြောင်း ဖြစ်ပါသည်။

ပင်လယ်ပြင်သောင်ခုံပေါ်မှ ခရုခွံများသည် စဉ်ဆက်မပြတ်ကြားနာခဲ့ရသော ပင်လယ်လိှုင်းပုတ်ခတ်သံများ၊ပင်လယ်အော်သံများကို သူတို့အခွံထဲတွင် သိမ်းလှောင်ထားတတ်ကြသည်ဟု ကြားသိခဲ့ရဖူးသည်။ ထိုအချင်းအရာကို သိပ္ပံပညာရပ်ဖြင့် တိုင်းတာခဲ့ခြင်းလား၊သို့တည်းမဟုတ် ဝိဇ္ဇာပညာဟု ဆိုနိုင်လောက်သည့် ခံစားမှုအသိပညာဖြင့် တိုင်းတာခဲ့ခြင်းလား ကျွန်တော်မသိပါ။

ထိုကဲ့သို့ မသိသော်လည်း ပင်လယ်ကမ်းခြေနှင့် လွန်စွာဝေးကွာလှသော အရပ်ဒေသတွင် နေထိုင်နေရင်း ပင်လယ်ကမ်းစပ်မှ ခရုခွံတစ်ခုကို နားတွင်ဖိကပ်ထားခဲ့ဖူးသည်။ ကျွန်တော်၏ နားထဲတွင် ပင်လယ်အော်မြည်သံ၊လိှုင်းပုတ်သံများနှင့် လေတဟူးဟူးတိုက်ခတ်နေသော အသံများကို ကြားခဲ့ရဖူးသည်။ ထို့ အပြင် ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်သွားကြသူတို့၏ ခြေရာလေးများ၊ယိမ်းနွဲ့စိမ်းစိုနေသော အုန်းပင်ပျိုများကိုပါ မှိတ်ထားသော မျက်လုံးတွင် မြင်လာခဲ့ရသည်။ထိုစဉ်အချိန်လေးတွင် ကျွန်တော့်မှတ်ဉာဏ်သို့ အတိတ်ကာလအကြောင်း သတင်းပို့ချက်များ တဖွဲဖွဲဖြင့် ဝင်ရောက်လာကြသည်။

ပင်လယ်ကြီး အနားကို ကျွန်တော် ရောက်ခဲ့ဖူးပါသည်။

၃။၂၀၁၉ ခုနှစ်၏ ပူပြင်းလှသော မတ်လအချိန်တွင် လွန်စွာဝေးကွာခဲ့ပြီးဖြစ်သည့် သံလမ်းများပေါ်သို့ ပြန်ရောက်ခဲ့ရသည်။ မြန်မာပြည်၏ မြောက်ဘက်တောင်ကုန်းဒေသမှ ရန်ကုန်မြို့၏ သံလမ်းများပေါ်သို့ ပြန်လည်ရောက်ရှိလာရခြင်း ဖြစ်သည်။

အင်ဒိုနီးရှား ရထားကုမ္ပဏီတစ်ခုမှ ကျွန်တော့်ထံသို့ ဖုန်းဝင်လာချိန်တွင် ဂေါ်လီလုံးအရွယ်ရှိ ကျောက်ရိုင်းတစ်ခဲကို ကျောက်ကြည့်ဓာတ်မီးဖြင့် ထိုးကြည့်နေချိန်လည်း ဖြစ်သည်။ ကျောက်ရိုင်း၏ မျက်နှာပြင်ပေါ်ရှိ ယမ်းစ ယမ်းနလေးများ၏ အနုအကြမ်းကို စစ်ဆေးကြည့်နေချိန်ဖြစ်သည်။ဖုန်းကို ပခုံးဖြင့်ဖိကပ်ကာ နားထောင်နေရင်း ကြည့်နေလက်စ ကျောက်ရိုင်းလေးကို စားပွဲပေါ် အသာအယာပြန်ချထားလိုက်သည်။ဓာတ်မီးကို ပိတ်လိုက်သည်။

ထိုနေ့ညပိုင်းတွင် ထွက်ခွာမည့် ရန်ကုန်ကားလက်မှတ်ကို သွားဝယ်ရင်း အတိတ်ကာလတစ်ချို့ကို ပြန်လည်သတိရမိပြန်သည်။

၁၉၉၉ခုနှစ် တွင် သာစည်ဘူတာသို့ သံသေတ္တာတစ်လုံးဖြင့် ကျွန်တော်ရောက်လာသည်။ ထို့နေ့သည် ရုံးပိတ်ရက်ဖြစ်လေသည်။ ကျွန်တော့်ခရီးဆက်ရမည်မှာ မိတ္ထီလာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ ဖြစ်သည်။ ရထားပေါ်မှ သံသေတ္တာလေးကို ချပြီးသည့်အချိန်တွင် အဖြူ၊အပြာ ယူနီဖောင်းဝတ်ထားသော လူတစ်ဦးရောက်လာပြီး "သံလမ်း သင်တန်းလာတက်တာလား... ဘယ်ဘူတာက ပါလာတာလဲ... ဘယ်သူလဲ"စသဖြင့် မေးခွန်းတစ်ချို့မေးသည်။ ကျွန်တော့်အဖြေကို ကြားရသည်နှင့် လေးလံလှသည့် သံသေတ္တာကိုင်း တစ်ဖက်ကို ဆွဲမပြီး "ဟိုဖက်က မ,....လာ ကားပေါ်တင် ရအောင်"ဟု ပြောသည်။ ထိုသူသည် သာမန်ကိစ္စ များအတွက် ပြောဆို ပြုမူရာတွင် စိတ်မြန်လက်မြန် ရှိသော်လည်း သံလမ်းလုပ်ငန်းဖြင့် ပတ်သက်သောအခါ သွေးအေးတိကျလှသော ဆရာဦးခင်မောင်ဖြူ ဖြစ်နေမှန်း ပို့/ဆက်ကျောင်းရောက်သောအခါမှ သိခဲ့ရသည်။

ထို့နောက် အလောင်းစည်သူအိပ်ဆောင်တွင် နှစ်ပတ်လည်သည်အထိ အတူတူနေထိုင်ခဲ့ရသည့် သူငယ်ချင်း ၂၈ ယောက်၏ မျက်နှာများ၊ နာမည်များကို ပြန်သတိရမိပြန်သည်။ ထို့အပြင် ကသ နံပါတ်အလိုက် စီတန်းချထားသော ကုတင်များကို မျက်လုံးထဲမြင်ယောင်လာသည်။

ကျောင်းအုပ်ကြီး ဗိုလ်မှူးဝင်းအောင်မှ စ၍ သင်တန်းကတိက ဦးတင်မောင်ထွန်း၊ လက်ထောက်ကထိက ဦးစိုင်းကျော်မြင့်နှင့် ကာယဆရာများ ဖြစ်ကြသည့် ဦးသန်းညွန့်၊ ဦးခင်မောင်ဦး၊ ဦးကြည်ထွေးနှင့် ဦးဒေါနီတို့ကိုပါ မြင်လာမိသည်။ မနက်ခင်းတွင် မကြားချင်သေးသော်လည်း အမြဲလိုကြားရသည့် ခရာမှုတ်သံ။ ကြိုးကြာမသောက် ရေမနောက်ဟု ဆိုရိုးရှိခဲ့သည့် မိတ္ထီလာကန်တော်ကြီးဆီသို့ ကျွန်တော်အုပ်စု ပြေးနေကြပုံ။ဝေလီဝေလင်းအချိန် ကန်ပေါင်အနီးတွင် ကာယလေ့ကျင့်ခန်း လုပ်ကြစဉ်တိုင်း ကြုံရသည့် ပညာရေးကောလိပ်မှ ဆရာမလေးများ။

"သံလမ်းဟာ ပျော့သလား၊မာသလား"ဟု ဆရာဖြူက မေးလာသောအခါ "မာတယ်ဆရာ"ဟု သင်တန်းသားအများစုက အဖြေပေးကြသည်။

အမှန်စင်စစ်တွင် သံလမ်းသည် ပျော့ပါသည်။ ပျော့ညံ့သည်ဟု မဆိုလိုပါ။ အင်မတန်ပင် ပျော့ပျောင်းနူးညံ့သည်ဟု ဆိုနိုင်ပါသည်။ သံလမ်းသည်သာ မာကျောခဲ့ပါက ရထားလမ်းဟူသမျှသည် အဖြောင့်အစင်းကြီး အတိုင်းသာ ရှိနေပေလိမ့်မည်။

သင်တန်းဆင်းလာပြီး တာဝန်ထမ်းဆောင်ရချိန်၌ကျွန်တော့်ဘေးလွယ်အိတ်လေးထဲတွင် ခေါက်ချိုးပေတံတစ်ချောင်းနှင့်သံလမ်းအင်ဂျင်နီယာလက်စွဲ စာအုပ်လေး အမြဲတမ်းပါခဲ့ပါသည်။

၄။ အင်ဒိုနီးရှား ရထားကုမ္ပဏီသည် မင်္ဂလာဒုံ၊ ခရေပင်ရိပ်မွန်အိမ်ရာတွင် အိမ်တစ်လုံးငှားရမ်းကာ ရုံးခန်းဖွင့်ထားသည်။ ထိုရုံးခန်းသို့ ကျွန်တော်ရောက်သွားသည့်အခါ စကားပြန်မှတစ်ဆင့် ကုမ္ပဏီ၏ ပရောဂျက်မန်နေဂျာနှင့် စကားပြောဆိုရသည်။ အငယ်တန်းအင်ဂျင်နီယာ(သံလမ်း) သင်တန်းဆင်းထားသည့် လက်မှတ်လေးကို ကြည့်ပြီးထိုနေ့တွင်ပင် ချက်ချင်းအလုပ်ခန့်လိုက်သည်။ (location)လိုက်ပြချင်သည်ဟု ဆိုကာ သူ့ကားလေးဖြင့် သံလမ်းများရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။

သံလမ်းများရှိရာသို့ သူနှင့်ကျွန်တော် ထွက်လာကြသည့်အခါ စကားပြန်ဖြစ်သူ ပါမလာတော့ပါ။မှတ်မှတ်ရရ ကျွန်တော့် ဘေးလွယ်အိတ်လေးထဲတွင် သစ်သားဖြင့်ပြုလုပ်ထားသော ၂ပေခေါက်ချိုးပေတံတစ်ခု၊လက်သမားသုံးကျင်တွယ်တစ်လက်၊အမှတ်အသားပြုလုပ်သည့် ကံ့ကူဆံတစ်ချောင်းနှင့်မြန်မာ့မီးရထား သံလမ်းအင်ဂျင်နီယာလက်စွဲစာအုပ်အစိမ်းလေးသာ ပါရှိခဲ့ပါသည်။

ခရေပင်ရိပ်မွန်အိမ်ရာဝင်းမှ အပြင်သို့ ထွက်လာခဲ့ကြပြီး လမ်းသွယ်များအတိုင်း ကားကို မောင်းနှင်ခဲ့ပါသည်။ကျွန်တော့်ခေါင်းပေါ်မှ လေယာဉ်ပျံကြီးတစ်စင်း နီးကပ်စွာ ဖြတ်ကျော်သွားပါသည်။ လမ်းနံဘေးတစ်ဖက်တွင် အပြိုင်ရှိနေသော ရထားလမ်း(ရထားလမ်းဟု ဆိုပါသော်လည်း သံလမ်းရှိမနေပါ။ မြေကြီးနီနီများသာ ခင်းထားပါသည်)၊ တစ်ဖက်တွင် အုတ်တံတိုင်းကြီးကို တွေ့ရပါသည်။ လေယာဉ်ပျံကြီးက အုတ်တံတိုင်းကာရံထားရာ ဝင်းကြီးထဲသို့ ထိုဆင်းသွားသဖြင့် လေယာဉ်ကွင်းဟု ကျွန်တော်သိလိုက်သည်။ 

"ဝေဘာဂီ...ဝေဘာဂီ.."ဟု အင်ဒိုပြောသည့် စကားသံလိပ်လိပ်ကို နားစိုက်ထောင်ရသည်။ ထို့နောက် သူနှင့်ကျွန်တော် မြေညီလမ်းကူးတစ်ခုအနီးတွင် ကားရပ်ထားပြီး လမ်းလျှောက်ခဲ့ကြသည်။ အင်ဒိုက သူတို့ကုမ္ပဏီ၏ လုပ်ကွက်နေရာကို အင်္ဂလိပ်စကားဖြင့် ရှင်းပြသည်။ သူ့စကားသံက အဆုံးပိုင်းတွင် အတွန့်အလိပ်များစွာပါနေသည်။ ကျွန်တော်က အင်္ဂလိပ်ဘာသာစကားနှင့် လွန်စွာမှ ဝေးကွာခဲ့သူဖြစ်သည်။ ထို့နေ့မတိုင်မီအထိ ကျွန်တော်ကြားခဲ့ရသော စကားသံများမှာ မြန်မာလိုပြောကြသည့် တိုင်းရင်းသားသံ ဝဲဝဲများ။ ပြချက်၊ယမ်း၊ကြိုး၊ရေခွံ၊မြေမှန် စသည့် မှော်ထဲ(ဖားကန့်)နှင့်ဆိုင်သည့် ဝေါဟာရများသာ။ မီတာ၊ မီလီမီတာ၊ အယ်လီဗေးရှင်း၊ ကာ့ဖ် စသည့် ဝေါဟာရများကို ကျွန်တော့်မှတ်ဉာဏ်ထဲ လျှင်မြန်စွာဝင်ရောက်လာစေရန် ပြန်လည်စုစည်းနေရသည်။ ထို့နောက်တွင်တော့ ကျွန်တော်နှင့်သူ စကားပြောလိုက်ကြ၊လက်များကို ကွေးလိုက် ဆန့်လိုက်ကြ၊ ပြုံးလိုက်ကြ၊ မဲ့လိုကျဖြင့် နားလည်မှု ရရှိသွားခဲ့ပါသည်။ ထိုစဉ်က သူနှင့်ကျွန်တော် ကားရပ်ထားပြီး လမ်းဆင်းလျှောက်ခဲ့သော မြေညီလမ်းကူး(level crossing)လေးသည် မြောက်ဥက္ကလာပမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ်ကို ပိုင်းခြားထားသော နေရာလေးတစ်ခုဖြစ်ကြောင်း များမကြာမီ သိလာခဲ့ရပါသည်။

​ရန်ကုန်မြို့ကြီး၏ မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်ရာတွင် site engineer တစ်ယောက်အဖြစ်ပါဝင်ခွင့် ရခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော်နှင့် အခြေအနေမတူတော့ပြီ။ လွန်ခဲ့သော ကာလများက ကျွန်တော်တို့ အသုံးပြုခဲ့ကြသည့် လက်မ၊မူး၊ပဲ နေရာများတွင် မီလီမီတာ၊စင်တီမီတာများ အစားထိုးဝင်ရောက်နေကြပြီ ဖြစ်သည်။ အိန္ဒိယ၏ ရထားသွားလာမှု စံနစ်ဖြစ်သည့် အင်ဒီယန်းရေးဝေးထရက် ကို အခြေခံထားသည့် မူများ ရှိရာသို့ ဂျပန်၏ မူများ ချင်းနင်းဝင်ရောက်လာကြပေပြီ။

ထိုနေ့ညနေတွင် ကျွန်တော်တာဝန်ယူ ခင်းကျင်းရမည့် ရထားလမ်းပိုင်းများကို လိုက်လံကြည့်ရှုခဲ့ရသည်။ အပြန်ခရီးတွင် အင်ဂျင်နီယာသုံးပစ္စည်းများ ရောင်းချသည့်ကုန်တိုက်ကြီးတစ်ခုသို့ အင်ဒိုက ခေါ်သွားသည်။ ကျွန်တော်လိုအပ်မည်ဖြစ်သည့် စတီးပေကြိုးဗူးမှ အစ သံလမ်းအပေါက် အကျဉ်းအကျယ် တိုင်းသည့် ဘာနီယာကလေဘာအဆုံး ဝယ်ပေးခဲ့သည်။

ခရေပင်ရိပ်မွန်အိမ်ရာရှိ ရုံးသို့ ပြန်ရောက်ကြသောအခါ သစ်သားဖြင့်လုပ်ထားသည့် နှစ်ပေခေါက်ချိုး ပေတံလေးကို အင်ဒိုတွေ့သွားသည်။ ဧည့်ခန်းထောင့်ရှိ အမှုိက်ပုံးကို ညွှန်ပြရင်း "ပစ်လိုက်တော့... အသုံးမဝင်တော့ဘူး"ဟု ရယ်ရွှန်းပတ်ရွန်း မျက်နှာဖြင့် ပြောခဲ့သည်။

အင်္ဂလိပ်ဘာသာစကားကို အလေ့အကျင့်မရှိခဲ့သော ကျွန်တော်သည် သူ့အား လက်သီးဆုပ်ထောင်ပြလိုက်သည်။ ထို့နောက် ပြန်ပြောစရာစကားကို အပြင်းအထန် စဉ်းစားလိုက်သည်။"childhood memory"ဟု ကျွန်တော့် ပါးစပ်မှ ထွက်သွားသောစကားသည် ထိုအကြောင်းအရာနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နေပေလိမ့်မည်။ အင်ဒိုလူမျိုး ပရောဂျက်မန်နေဂျာသည် မတ်တတ်ရပ်ကာ ဦးညွှတ်ပြခဲ့သည်။


၅။ မီးရထားဥပဒေအရ ၁၀မီလီမီတာ ခန့်သာရှိသည့် သံလမ်းဖြတ်စလေးကို ကျွန်တော့်ထံတွင် အပိုင်သိမ်းဆည်းထား၍ မရခဲ့ပါ။

သံလမ်းတစ်ချောင်းလုံးသည် ပျော့ပျောင်းနူးညံ့နေသော်လည်း ထိုသံလမ်းဖြတ်စလေးမှာကား မာကျောနေပေလိမ့်မည်။

ရထားများ ရပ်တန့်သွားကြသည်။ ရထားဝန်ထမ်းအများစုသည် အလုပ်မဆင်းကြတော့ပေ။ ဆရာကြီးဗန်းမော်တင်အောင်၏ သမိုင်းဝင်စကားအတိုင်းပင် သူတို့သည် သူတို့ ခေတ်ကြီးက ပခုံးပေါ်တင်ပေးလိုက်သည့် တာဝန်ကို ထမ်းရွက်နေခဲ့ကြသည်။သူတို့၏ အသံများကို ခေတ်ကာလတိုးတက်မှုအရ တိပ်ရီကော်ဒါဖြင့် ဖမ်းထားစရာ မလိုတော့ပါ။ သူတို့အသံများက ဆိုရှယ်နက်ခ်ဝပ်တွင် တုန်ဟီးနေခဲ့ပြီ။

​တစ်နေ့နေ့တစ်ချိန်ချိန် တိတ်ဆိတ်သော ညဉ့်ဦးယံ၌ မြန်မာပြည်တစ်နံတစ်လျားရှိ မည်သည့်ရထားပြေးလမ်းတွင်မဆို နားစွင့်ရပ်နေကြည့်ပါ။ စစ်အာဏာရှင်စနစ်ကျဆုံးရေး...

ဒို့အရေး
ဒို့အရေး ဟူသော အသံကို သင်ကြားရပေလိမ့်မည်။

သံလမ်းလေးများသည် ပျော့ပျောင်းသော်လည်း လိုအပ်သည့်အချိန်တွင် အလွန်မာကျောတတ်မှန်း ကျွန်တော်သိနေပါသည်။

ကျော်ကျော် (မြရည်စမ်း)
၁၇/၂/၂၀၂၁