Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၇ ရက် မြောက်နေ့ မြင်ကွင်း ...



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၇ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁

ဖေဖော်ဝါရီ ၂၇ မှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲပါတယ်။ သတင်းထောက်တွေအပြင် ဆန္ဒပြသူတွေ ပြည်သူလူထုတွေလည်း ဖမ်းဆီးခံရပါတယ်။ မုံရွာမှာလည်း အကြမ်းဖက်ဖြိုခွဲခဲ့တာကို လူအများက ဆိုရှယ်မိဒီယာမှာ အားလုံးတွေ့မြင်ရပါတယ်။

စစ်တပ်က ၂၅ ရက်နေ့ကစပြီး ဆက်တိုက် အကြမ်းဖက်မှုတွေ ကျူးလွန်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်လာပါတယ်။ ရဲတွေအကြမ်းဖက်တာကို အငိုက်မိတဲ့ပြည်သူတွေ အများအပြားအဖမ်းခံရပြီးနောက် လူထုနဲ့ ဆန္ဒပြသူတွေ သပိတ်စစ်ကြောင်းတွေက နောက်တွန့်သွားမယ့် ပုံ မရှိပါဘူး။

နက်ဖြန် ဖေဖော်ဝါရီ ၂၈ မှာ တပြည်လုံး အုံကြွမှု Milk Tea Alliance လှုပ်ရှားမှုကို ထုတ်ပြန်ထားပါတယ်။ လူထုဟာ စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်မှု စော်ကားမှုကြောင့် အလွန် စိတ်ဆိုးဒေါသထွက်နေပြီး စစ်ကောင်စီမျှော်လင့်ထားသလို ကြောက်ရွံ့နောက်တွန့်သွားမယ့်ပုံ မရှိပါဘူး။

မင်းကိုနိုင်နဲ့ စည်သူမောင်တို့က သူ့တို့ဖေ့စ်ဘွတ်ပ်ု့စ်မှာ တင်ထားတာက ငြိမ်းချမ်းစွာ ဆန္ဒပြမယ်။ မိမိကိုယ်ကိုယ်လည်း ခုခံကာကွယ်ခွင့် ရှိတယ်။ ကျင့်သုံးရမယ်လို့ ပြောဆိုထားပါတယ်။ မြန်မာသတင်းဌာနပေါင်းစုံက သတင်းထောက်တွေကလည်း ဆန္ဒပြုသူနဲ့အတူ ရပ်တည်ပြီး သတင်းထုတ်လွှင့်နေတာကြောင့်လည်း ရဲနဲ့ စစ်သား၏ အကြမ်းဖက် နှိပ်ကွပ်မှုကို မျက်ဝါးထင်ထင်တွေ့ကြရပြီ ဖြစိ်တာကြောင့် မိမိကိုယ်ကိုယ်ကာကွယ်ဖို့ သူတပါးကို ကာကွယ်ဖို့ဟာ အရေးကြီးသောကိစ္စဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။

သပိတ်စစ်ကြောင်းတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်တပ်ကို တွန်းလှန်ဖို့ဟာ အရေးတကြီးကိစ္စဖြစ်လာပါတယ်။ CRPH နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲံ့တွေရဲ့ ခြေလှမ်းတွေကတော့ အဲသည်နောက်က ထပ်ချပ်လိုက်ပါလာလိမ့်မယ်လို့ မျော်လင့်ပါတယ်။ စစ်တပ်၏ မူလရုပ် ဖက်ဆစ်ဝါဒကို သရုပ်ပေါ်နေပြီမို့ ၂၈ ရက်နေ့ က ရှေ့ဆက်မည့် မြန်မာပြည်အနာဂတ်ဟာ ပြတ်ပြတ်သားသားရွေးရတော့မှာ ဖြစ်ပါတယ်။ စစ်အုပ်ချပ်ရေးကနေ ပြည်သူအုပ်ချုပ်တဲ့ အရေးပေါ်အစိုးရတရပ် ပေါ်ထွန်းဖို့နဲ့ ပြည်သူကို ကာကွယ်ပေးဖို့ ပြည်သူ့စစ်တွေ လိုအပ်နေပြီလားဆိုတာ ကာယကံရှှုင်တွေက ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

မိုးမခမီဒီယာက မောင်ရစ်ကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့အကြိုမှာ သည်ပုဂ္ဂိုလ်ရေးခံစားချက်ကို ရေးထားတာ တွေ့ရပါတယ်။

အကြမ်းဖက် ရန်စလာသူတွေကို မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်။ ပတ်ဝန်းကျင်ကလည်း မတရားစော်ကားတာကို တွေ့ရင် တားမြစ် ကာကွယ်ပေးရမယ်။ ဒါဟာ လူ့အခြေခံဥပဒေသတခုပဲ။ ခေါင်းငုံ့ခံစရာမလိုဘူး။ ဘေးကနေ ဝိုင်းကြည့်ပေးစရာမလိုဘူး။ ကျားအလိုက်ခံရတဲ့ သမင်တွေလို လူတွေက တိရစ္ဆာန်မှ မဟုတ်တာ။

လမ်းပေါ်ထွက်မယ်ဆိုကတည်းက မိမိအတွက် အကာအကွယ်အရံအတား အချိတ်အဆက်အကုန်ပြင်ဆင်ပြီး ထွက်ရမှာပဲ။ ဖက်ဆစ်တွေကို ဆန့်ကျင်တာကို လူထုနည်းနဲ့ ထုတ်ဖော်တာအပြင် ဖက်ဆစ်တွေ စော်ကားလာရင် တွန်းလှန်ဖို့ပါ တခါတည်း ဆုံးဖြတ်ပြီး ထွက်ရတာ ဖြစ်တယ်။

မိမိလမ်းပေါ်က ပြည်သူတွေ ကျောင်းသားတွေကို အိမ်ထဲက ပြည်သူတွေကလည်း ကာကွယ်ပေးဖို့ ဝန်းရံပေးဖို့ အဆင်သင့်ပြင်ပြီး စောင့်ကြည့်နေတာဖြစ်တယ်။ စုတ်လေးတသပ်သပ်နဲ့ မျက်ရည်လေးခိုးသုတ်ဖို့ မဟုတ်ဘူး။

ငါ့သား ငါ့သမီး လမ်းပေါ်ထွက်သွားပြီ။ ငါကတော့ ငါ့ရှေ့က သူများသားသမီးတွေ အစော်ကားခံရရင် သားသမီးချင်းကိုယ်ချင်းစာပြီး အသက်နဲ့လဲပြီး ကာကွယ်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး ရှိရတယ်။

တိုက်ပွဲထဲ တိုက်ရိုက်မပါနိုင်တဲ့သူတွေက ဖက်ဆစ်တွေကိုသပိတ်မှောက်မယ်၊ လူထုကို စောင့်ရှောက်မယ်၊ စစ်တပ်ကို မထောက်ခံဘူး၊ ကိုယ့်သဘောထား ထုတ်ပြောမယ်၊ ကိုယ့်ဝန်းကျင်ထဲမှာ ဖက်ဆစ်အလိုတော်ရိတွေကို ဖယ်ရှားမယ်။ သတင်းပေးမယ်။ တသက်လုံး သပိတ်မှောက်ရ မှောက်သွားမယ်။ ထောက်ခံသွားမယ်။ သည်လို သံန္နိဌာန်နဲ့ ကိုယ့်မျိုးဆက်တွေကို စောင့်ရှောက်ရတယ်။

ကျနော်ကတော့ တိုက်ရိုက်မပါနိုင်ဘူး။ ဒါပေမယ့် ကျနော့်သားသမီးတွေကို ဆက်ပြီး ကူညီစောင့်ရှောက်သွားမှာပဲ။ အမွေဖြတ်ကြောင်း မိမိနဲ့ မဆိုင်ကြောင်း ကြေညာတဲ့ ဒူးထောက်မျက်ရည်ခံထိုးတဲ့ မိဘမျိူး မဟုတ်ဘူး။ ငါတို့တုန်းကလည်း တကောင်တည်း ထွက်ရင်း တမျိူးဆက်လုံးနဲ့ လမ်းပေါ်ဆုံကြတာ။ ခုထိ သည်လမ်းပေါ်မှာ အားလုံးအတူတူ ဆက်လျောက်ဖြစ်ခဲ့တယ်။ ဘယ်တုန်းကမှ နောက်မဆုတ်ဘူး။