မောင်ကျော်မော် - အရေးတော်ပုံအကျိုးအမြတ်” ထိုက်ထိုက်တန်တန်ရရှိရေး ဦးလည်မသုန်ဆောင်ရွက်ကြ

Win Zaw Latt Photo

မောင်ကျော်မော် - အရေးတော်ပုံအကျိုးအမြတ်” ထိုက်ထိုက်တန်တန်ရရှိရေး ဦးလည်မသုန်ဆောင်ရွက်ကြ
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁၁။ တချို့က NLD နဲ့ ‘အာဏာသိမ်းစစ်အုပ်စု’ ပြန်ပေါင်းထုတ်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ကြည်စေအေး ပြန်ဖြစ်၊ ‘၂၀၀၈ အခြေခံဥပဒေ’ လည်း ရှေးမူမပျက် တည်မြဲသွားလိမ့်မယ်လို့ စဉ်းစားစိုးရိမ်ပူပန်တာကို ကျနော်အဖို့ အံ့ဩလို့မဆုံး အဖြစ်ရဆုံးပဲ။ ဘယ်လိုနည်းတွေနဲ့များ ဗျူဟာမြောက်စဉ်းစားကြသလဲ မပြောတတ်ပါဘူးဗျာ။ ပေါက်ပေါက်ရှာရှာစဉ်းစားတတ်တယ်။ မုန့်ဆီကြော်က ဘယ်နေမှန်းမသိသေးဘူး နှုတ်ခမ်းနာနေကြတာများ။
၂။ အဆိုးဆုံးအတွက်မျှော်တွေးပြီး ကြိုတင်ပြင်ဆင်စဉ်းစားမယ်ဆိုရင် အာဏာသိမ်း စစ်အုပ်စုက ဆင်ကန်းတော တိုး သလို မိုက်တွင်းအနက်ဆုံး တူးပြိီး (သမိုင်းလက်တွေ့တွေလည်းအကြိမ်ကြိမ် ရှိဖူးတော့) အကြမ်းဖက် ဖိနှိပ်ချေ မှုန်းလို့ အရေးတော်ပုံကြီး သွေးမြေကျရပြီး အရေးနိမ့်သွားခဲ့သော်(ခဲ့သော်) အရေးတော်ပုံကို သယ်ဆောင်ပြီး ဘယ်လိုနည်းလမ်း နဲ့ ရှေ့ခရီးဆက်လှမ်းသွားကြမလဲ။
၃။ အခုလို ကာလကြီးထဲမှာ တချို့နေရာတွေက ဒေသလက္ခဏာနဲ့ဖြစ်ပျက်နေတာတချို့ကို သာဓကဆောင်ပြီးတင် ပြပါရစေ၊ ဆန္ဒပြသူတွေကို ရဲက ဖမ်းသွားလို့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူ အချို့က ရဲစခန်း သွားတောင်းပြီး ပြန်လွတ်လာတာ။ ရဲကားတစ်စီးနဲ့ ရဲတချို့ကို ဖမ်းဆီးထားတာ။ ဒေသခံလူမျိုးစု လက်နက် ကိုင်အဖွဲ့ ကသေနတ်နဲ့လိုက်ပါစောင့်ရှောက်ပြီး (CDM)စီတန်းလှည့်လည်နေတာ စတဲ့ ဖြစ်ရပ်တွေကို ဓာတ်ပုံနဲ့တကွ မြင်ရတော့၊ အဲဒီလို တစ်စိတ်တစ်ဒေသလက္ခဏာကို အရေးတော်ပုံကြီးရဲ့ တစ်ခုလုံးလက္ခဏာအဖြစ် ပြောင်းလဲ သွားအောင် တတ်နိုင် ခဲ့ရင်ကောင်းမှာပဲလို့ (စဉ်းစား) စဉ်းစားမိတာပါ။
ပြည်သူ့အရေးတော်ပုံကြီးတွေဟာ အရှိန် အဟုန်ကြီးမား တာ မှန်ပေ မယ့် အုပ်စိုးသူတွေကသေနတ်နဲ့အကြမ်းဖက်ချေမှုန်းလာတဲ့အခါကစဉ့်ကလျားနဲ့အရေးနိမ့်သွားကြရပါတယ်။ အားမတန် လို့မာန်လျှော့ကြရပါတယ်။ အဲဒီလိုအင်မတန် နာကျည်းရတဲ့ ခါးသီးမှုမျိုးကို မကြုံချင်မကြားချင်တော့ဘူး။ ဒီတော့ အရေးတော်ပုံကိုသေနတ်တွေနဲ့များထောက်ခံလိုက်ရင်(သို့တည်းမဟုတ်)သေနတ်ကိုင်ထားတဲ့တပ်တွေက အရေးတော်ပုံ ဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်လိုက်ရင် (သို့တည်းမဟုတ်) အရေးတော်ပုံကြီးကိုယ်၌က ကိုယ်တိုင် လက်နက် တပ်ဆင်ထားတဲ့ လက်နက်ကိုင်တော်လှန်ရေး အရေးတော်ပုံကြီး အဖြစ် အရည်အချင်းအရ ခုန်ကူးပြောင်းလဲ သွားရင် ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုး စိတ်ကူးမိလာစေပါတယ်။ တစ်စိတ် တစ်ဒေသမှာ (ယာယီပဲဖြစ်ဖြစ်) ဖြစ်နိုင်ရင်တယ်ဆိုရင် တစ်ခုလုံးမှာလည်း ဘာလို့မဖြစ်နိုင်ရမှာလဲလို့ စဉ်းစားမိတယ်။
၄။ ခြေဆုံးခေါင်းဆုံးခေတ်မီလက်နက်တပ်ဆင်ထားတဲ့ ရဲတပ်၊ လုံထိန်းတပ်၊ စစ်တပ်တွေကို ‘ရေသန့်ဘူး၊ လောက်လေးခွ၊ လောက်စာလုံး၊ ပေသီး၊ မူလီ၊ ကုံးသီး၊ ဂျင်ဂလိတို့နဲ့ ပစ်တာဟာ’ နဲနဲလေးမှ မလွန်ပါဘူးဗျာ။ ဘာ ရာဇဝတ်မှုမှလည်း မမြောက်ပါဘူး။ သေနတ်နဲ့ပစ်တဲ့ ကောင်တွေကို ကိုယ့်မှာရှိတာလေးနဲ့ ပြန်လည် ခုခံပစ်ခတ်ဝံ့ တဲ့ ပြည်သူတွေရဲ့ သူရသတ္တိကို ကျနော်ကတော့ အင်မတန် အားကျ လေးစား ဂုဏ်ယူတယ်။ မဟုတ်မတရားမှုတွေ၊ အကြမ်းဖက်ဖိနှိပ်မှုတွေကို ဆန့်ကျင်ရုံပဲဆန့်ကျင်နေရုံနဲ့မလုံလောက်ပါဘူး။ ဒီလိုမျိုးနာကျင် ခါးသီးစရာတွေ ပြန်မလာစတမ်းချုပ်ငြိမ်းသွား အောင် လက်စတုံးလုပ်ပစ်ရမှာမဟုတ်လား။ အပြီးအပြတ်ဖြစ်သွားအောင် တိုက်ဖျက် ပစ်ရမှာ မဟုတ်ပါလား။ ဒင်းတို့ရဲ့ မတရားမှု အနိုင်ကျင့်မှုကို ပြည်သူများက အုံကြွ ဆန့်ကျင်အာခံလိုက်၊ ဒင်းတို့က အကြမ်းဖက်ချေမှုန်း လိုက်လို့ ပြည်သူတွေက ငြိမ်ကျသွားရပြီး ဗိုလ်နေမြဲကျားနေမြဲပြန်ဖြစ်သွားလိုက်၊ တဖန်ပြန် ပြီး ပြည်သူတွေက ထကြွ ဆန့်ကျင်လိုက်ဆိုတဲ့သံသရာလည်တမ်း ကစားသလိုလုပ်နေလို့ ဘယ်လိုမှ မဖြစ်ပါဘူး။ အရေးတော်ပုံဆိုတာ ကစားစရာ မဟုတ်ပါဘူး။
၅။ သင်္ချာတွက်တွက်ရင် ၁၉၃၈ (၁၃၀၀ပြည့်အရေးတော်ပုံ)နဲ့၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ (၈ လေးလုံးအရေးတော်ပုံ) က နှစ်ပေါင်း ၅၀ ကွာခြားတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနဲ့ ယနေ့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီး က ၃၃ နှစ်ကွာတယ်။ အရေးတော်ပုံဘယ်နေ့ဖြစ်မယ်ဆိုတာ ဘယ်သူမှအတိအကျခန့်မှန်းတွက်ချက်နိုင်တာ မဟုတ် ဘူး။ အခုဖြစ်ရပ်တွေကိုပဲကြည့်လေ။ ၂၀၂၀ မှာ ဒီချုပ်ပါတီက အခုလို တခဲနက်အနိုင်ရလိမ့်မယ်လို့ ဘယ်သူက အတိအကျ ခန့်မှန်းနိုင်ကြလို့လဲ (တချို့ဆရာကြီးတွေဆို သူတို့တွက်ကိန်းနဲ့သူတို့ အရှက်တွေသောက်သောက် လဲကွဲနေတာ)၊ အကျိုးဆက်အားဖြင့် ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စုက အာဏာသိမ်းမှာပဲလို့ ဘယ်သူကရော ခန့်မှန်း တွက်ဆပြခဲ့ဖူးသလဲ။ ပြီးတော့ဆက်တိုက်အကျိုးဆက်အဖြစ်သံပုံးတီးသံတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အခုလိုလူတန်းစား လူ့အလွှာစုံပါဝင်နေကြတဲ့ (CDM)ပြည်သူ့လှုပ်ရှားမှုကြီးတစ်ခုဟာ ကိုဗစ် - ၁၉ ကပ်ရောဂါကာလကြီးထဲမှာ တိုင်း တုန်ပြည်လှုပ်ပေါ်ထွက် လာလိမ့် မယ်လို့ ဘယ် နိုင်ငံရေးပရောဟိတ်ဆရာကြီးတွေကများ ကြိုတင်ဟောကိန်း ထုတ် နိုင်ခဲ့ကြလို့လဲ။
၆။ အရေးတော်ပုံကြီးရဲ့ ‘ရှေ့အလားအလာ’၊ အရေးတော်ပုံကြီးရဲ့ ‘အကန့်အသတ်’၊ အရေးတော်ပုံကြီးက ‘မရှောင် မလွဲ ရင်ဆိုင်ရမယ့်ကိစ္စတွေ’ ကို ကြိုတင်စဉ်းစားထားကြဖို့လိုပါပြီ။ အရေးတော်ပုံကြီးရဲ့ ‘အကန့်အသတ်’ ဆိုတာ မကျော်လွှာနိုင်တဲ့ ချိနဲ့ချက်မျိုးတော့ လုံးဝမဟုတ်ပါဘူး။ စိတ်ကူးယဉ်မှုနဲ့ကင်းပြီး လက်တွေ့နဲ့၊ လူထုနဲ့ တကယ်နီး စပ်တဲ့ ဦးစီးခေါင်းဆောင်မှုမျိုးနဲ့သာဆိုရင် စွန့်စားပြီး ကျော်လွှားလို့ ရနိုင်ပါတယ်။
၇။ သံပုံးတီးနေတာတွေ၊ ရုံးမတက်ဘဲ ရုန်းထွက်တာတွေ၊ စီတန်းလှည့်လည်ကြွေးကြော်ကြတာတွေ၊ အလွှာမျိုးစုံရဲ့ ပါဖောင်းမန့်တွေဟာ ‘အကန့်အသတ်’ ရှိပါတယ်။ ဒါတွေဟာ အရေးတော်ပုံရဲ့တကယ့်အင်အားနဲ့အာဏာပိုင်မှုကို စုဖွဲ့ တည်ဆောက်နိုင်တဲ့ အဆင့်တွေအထိ တက်လှမ်းသွားနိုင်ဖို့လိုပါတယ်။ ဒီလို ခြေလှမ်းတွေနဲ့လုပ်နေတာကို အာဏာသိမ်း စစ်အုပ်စုက လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ပါဘူး။ အခုလည်း ခြိမ်းချောက်လှည့်စားတဲ့ဖြိုခွဲ မှုမျိုး စုံ၊ အကြမ်းဖက် ချေမှုန်းဖို့အတွက် အာဘော်မျိုးစုံကိုလွှင့်ထုတ်ပြင်ဆင်နေသလို တဖက်ကလည်း သွေးတိုးစမ်း ဖမ်းဆီး ဖိနှိပ်တာတွေ ပစ်ခတ်တာတွေ အဆက်မပြတ် လုပ်လာနေပြီ မဟုတ်ပါလား။
၈။ ဒီကနေ့ ပေါ်ပေါက် ဖြစ်ပွားနေတဲ့ လှုပ်ရှားမှုကြီးဟာ ဘယ်လိုရေခံမြေခံမှာ ပေါ်ပေါက်လာပြီး ဘာကြောင့်အခုလို မြန်မြန် ဆန်ဆန်ကြီးထွား အားကောင်းလာရသလဲဆိုတဲ့အချက်တွေကို ဆန္ဒစွဲကင်းကင်းနဲ့ကြည့်နိုင် မြင်နိုင်ကြဖို့လိုသလို အကျအဆုံးနဲနိုင်သမျှ အနဲဆုံးနဲ့အများဆုံးအကျိုးအမြတ်ကိုရယူနိုင်ကြဖို့ဆိုတဲ့ “အရေးတော်ပုံအကျိုးအမြတ် ထိုက်ထိုက် တန်တန်ရရှိရေး” ကို ဦးလည်မသုန်လုပ်ကြရမှာပဲ မဟုတ်ပါလား။
(ကျနော့်ရေးသားတင်ပြချက်တွေဟာ ဟို အဝေးက သဲတစ်မှုန်ရဲ့ တစ်ခေါင်းတစ်ဉာဏ်စဉ်းစားမှုပါ အားလုံးပါဝင်နေကြ တဲ့ အရေးတော်ပုံကြီးမှာ ကျနော်တတ်နိုင်တဲ့နည်းနဲ့ပါဝင်တာပါ။ မချေမငံပါရှိသွားရင် ဝေဖန်တည့်မတ်ပေးကြပါလို့ တည်ကြည်စွာ ပန်ကြားပါတယ်)
ရိုသေစွာဖြင့်
မောင်ကျော်မော်
၁၂ ဖေဖေါ်ဝါရီ ၂၀၂၁
မောင်ကျော်မော်
၁၂ ဖေဖေါ်ဝါရီ ၂၀၂၁