Breaking News

ခင်လွန်း - "တိုက်ပွဲထဲက ဇာတိရုပ်များ"

Art - Than Htay Maung


ခင်လွန်း - "တိုက်ပွဲထဲက ဇာတိရုပ်များ"

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁

- ငါ ဒီအချိန်မှာ သတိကြီးကြီးထားတယ်
စစ်အာဏာရှင် အလိုတော်ရှိလား
သတင်းပေး သတင်းယူ
သူ့လူလား ကိုယ့်လူလား
အောက်ဆွဲလား...

ငါ ဒီအချိန်မှာ သတိကြီးကြီးထားတယ်
ငါတို့အောင်ပွဲအတွက် ချီတက် တိုက်ပွဲဝင်နေသူကို
လမ်းမှန်ကမ်းမှန် ဦးဆောင်နေသူလား
ပုဂ္ဂလ လူတွင်ကျယ် ဟန်ရေးပြသမားလား
ဘက်မှန် ကမ်းမှန် ရပ်တည်ချက်မှန်သူလား
အချင်းချင်းကြား ဝေဝေဝါးဝါး မပြတ်မသား မပွင့်မလင်းနဲ့
ငါတို့ရဲ့အရှိန်အဟုန်နဲ့တက်ကြွထက်မြနေတဲ့စိတ်ကို
ချိုးနှိမ်ပစ်နေသူလား ဆွဲချနေသူလား

ငါ ဒီအချိန်မှာ သတိထားတယ်
ငါ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့စိတ် ရင်မှာပိုက်ထားဖို့။

တပြိုင်ထဲ ငါ သတိထားတယ်
ကိုယ်ရည်သွေး ဟန်ရေးပြသမား
လေးဖင့်နှောင့်နှေး အချိန်ဆွဲသမားများ
အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်ရေးမှာတောင်
အရာရာ ချုပ်ကိုင်ခြယ်လှယ်လိုသူများ..

ခေတ်အဆက်ဆက်မှာ ငါတို့ပြည်သူပြည်သား
တိုင်းရင်းသား လူမျိုးပေါင်းစုံ
ဘာသာပေါင်းစုံတို့ဟာ
လူထုလက်ထဲကလုယူသွားတဲ့ နိုင်ငံတော်အာဏာကို
စစ်ဘုရင်တွေ သက်ဦးဆံပိုင်စစ်မင်းတွေလက်ကပြန်ရယူဖို့
အယူဝါဒ အတွေးအမြင် အမျိုးမျိုး
တိုက်ပွဲပုံစံ(ပုံသဏ္ဍန်)အမျိုးမျိုးနဲ့
ရင်ဆိုင်စစ်ခင်းကြတာဖြစ်တယ်

ဒီပေါ်မှာ အရောင်ချင်းတူစရာမလို

စစ်အာဏာရှင်ဆန့်ကျင်သူမှန်သမျှ
ကိုင်ဆောင်ရာအလံချင်း တူစရာမလို


တိုက်ပွဲဝင်သူတို့ရဲ့ကိုယ်ပိုင်အသွင်သဏ္ဍန် လက္ခဏာ
ငါတို့လက်ခံကြရမှာပဲ

ဒီမိုကရေစီခေတ် ချစ်တယ် လိုလားတယ် မျှော်မှန်းတယ်ပြောပြောပြီး
အမြီးအမောက်တည့်မတည့် ငါသတိထားတယ်

မြန်မာနိုင်ငံသားအားလုံးဟာ
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ
ပုံစံအမျိုးမျိုးနဲ့ အားလုံးပါဝင်နိုင်ရမယ်


ငါတို့အားလုံး
စစ်အာဏာရှင်အကြွင်းမဲ့ပြုတ်ကျရေးမှာ
ယုံကြည်ရာအလံကိုလွှင့်ထူကြ ကိုင်စွဲကြ


ဘုံရန်သူ စစ်မင်းများတုန်လှုပ်သွားအောင်
ရောင်စုံအလံတွေ လွှင့်ထူကြ
ကိုင်စွဲကြ

၁၃၅၀ ပြည့်အရေးတော်ပုံတိုက်ပွဲလို့ခေါ်တဲ့
၈၈ လူထုအရေးတော်ပုံကြီးတုန်းကလို
အားလုံး ပြည်လုံးကျွတ်
ကမ္ဘာလုံးကျွတ် ပါဝင်နိုင်ရမယ်
ကျယ်ပြန့်တဲ့ ရိုးရှင်းပွင့်လင်းတဲ့
သွက်လက်မြန်ဆန်တဲ့
ပုဂ္ဂလိက ချွန် ထွက်နေရေးထက်
ညီညွတ်ရေးကို ရှေးရှုတဲ့ တိုက်ပွဲဝင်စိတ်မွေးပါ

ငါ ဒီအချိန်မှာ သတိကြီးကြီးထားကြည့်နေတယ်


ရပ်တည်ချက်မှန်ကန်တဲ့ ရလဒ်ကောင်းကိုယုံကြည်တိုက်ပွဲဝင်တဲ့
ပြည်သူ့သူရဲကောင်းလား
အလိုတော်ရိသစ္စာဖောက်လား
အကျိုးမျှော်ကိုးငံ့လင့်မှုတွေဆာလောင်နေတဲ့
အောက်ဆွဲ နောက်လိုက်လားဆိုတာ.....
ငါ ဒီအချိန်မှာ သတိကြီးကြီးထားလျက် ....
-

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁