Breaking News

မောင်ရစ် - အနှစ် ၃၀ကျော် ဖြတ်သန်းခဲ့သော မှတ်တိုင်များ




မောင်ရစ် - အနှစ် ၃၀ကျော် ဖြတ်သန်းခဲ့သော မှတ်တိုင်များ

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁

အခု Gen-Z တွေ ပြီးတော့ မျိုးဆက်သစ် ကျောင်းသား လူငယ် အလုပ်သမား လယ်သမားတွေရဲ့ Flowers Power နဲ့ #Civil_Disobedience_Movement တွေကို ငေးကြည့်နေမိတယ်။ အဝေးက လူဆိုတော့ ငေးကြည့်ရုံ အားပေးကူညီရုံသာ တတ်နိုင်ပါတယ်။ သူတို့တွေနဲ့ မြန်မာပြည်ကြီး အနာဂတ်အတွက် တော်လှန်ရုန်းကန်နေချိန်မှာ ကိုယ်တတ်နိုင်တာဆိုလို့ စာရေးတဲ့အလုပ်၊ သတင်းစု ဖြန့် လိုက် အလုပ်ပဲ လုပ်နိုင်ပါတယ်။

သည်လိုနဲ့ ဘ၀တူတွေအချင်းချင်း စကားစမြီပြောရင်းနဲ့ ကိုယ့်တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ သင်ခန်းစာယူစရာတွေကို စိတ်ထဲပေါ်သလောက် ချရေးဖြစ်တယ်။

၈၈ တုန်းကတော့ လူကြီးတွေက ခေါင်းဆောင်မှု စုစည်းမှု ချက်ခြင်း မပေါ်ခဲ့ဘူး။ ၁၉၈၈ တုန်းက အတိုက်အခံခေါင်းဆောင်တွေ တစုတစည်းတည်း ကြားဖြတ်အစိုးရမခေါ်နိုင်ခဲ့ဘူး။ ဦးနုက စင်ပြိုင်အစိုးရထောင်တော့ လူတွေကြားထဲ စိတ်ဝမ်းကွဲကြတယ်။

အဲသည်တုန်းက စစ်ထောက်လှမ်းရေး ကောလဟလတွေကော၊ သွေးခွဲတာကော၊ အကြမ်းဖက်တာကော၊ ဆူပူလှုံ့ဆော်တာတွေ အများကြီး လုပ်ခဲ့တယ်။ ထိုးဖောက်ဝင်ရောက်ခဲ့တယ်။

အဲသည်နောက် အရေးတော်ပုံဟာ ပြည်သူလူထုနဲ့ မသက်ဆိုင်ဘူး။ ကိုလိုနီလက်သစ် ပုဆိန်ရိုးတွေ၊ ဗကပကွန်မြူနစ်တွေ လုပ်ကြံဖန်တီးတာဖြစ်တယ်ဆိုပြီး ဝါဒဖြန့်ခဲ့တယ်။ အဲသည်အမှားတရားကို အမှန်လုပ်ပစ်ခဲ့ကြတယ်။

စစ်တပ်က အာဏာသိမ်းပြီးတော့ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတော့ ပါတီပေါင်း ရာချီဖွဲ့ပြီး စုပြီး ရင်ဆိုင်ကြမယ့်ပုံသဏ္ဍာန်မှာ - တပ်ပေါင်းစုလား တပ်ဦးလား မဟာမိတ်လမ်းလား ဆိုပြီး ကွဲကြပြန်တယ်။ အဲသည်တုန်းက အားကြီးတဲ့ပါတီ NLD မှာ ကြီးလေးကြီးထဲက ဦးအောင်ကြီးကတဘက်နဲ့ ဒေါ်စု၊ ဥိးကြည်မောင်၊ ဦးတင်ဦးတို့ တဖက် ကွဲကြပြန်တယ်။

မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့လှုပ်ရှားမှုကလည်း ဒေါ်စုအဖမ်းခံရအပြီး ပြိုကွဲသွားတယ်။ ကျောင်းသားတွေ တပ်ဦးတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်ပြီး စစ်ဆန့်ကျင်ရေး လုပ်ကြရတယ်။

ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးလည်း ငြင်းကြရပြန်တယ်။

ကျောင်းတက်ရေး မတက်ရေးလည်း ကွဲကြတယ်။

သမဂ္ဂ တရားဝင် ယူမယူလည်း ငြင်းကြရပြန်တယ်။

ကျောင်းသား ပါတီ တက်ကြွလှုပ်ရှားသူတွေကို လူခွဲပြီး နှိမ်နင်းတော့ စုစည်းလို့မရ အထိအခိုက် အသေအဆုံး အဖမ်းအဆီး ကြီးစွာ များခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်တော့လည်း အင်န်အယ်ဒီပါတီကို အဓိကဝန်းရံရေးအဆုံးအဖြတ်က နောက်ဆုံးအချိန်မှာမှ ချကြရတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ NLD အများဆုံး အနိုင်ရတယ်။ စစ်တပ်က အာဏာမလွှဲဘူး။ ရွေးကောက်ခံအမတ်တွေက ဂန္ဒီညီလာခံကနေ လွှတ်တော် ခေါ်ဖို့ ကြိုးစားတာကို အကုန်လိုက်ဖမ်းပြီး တားဆီးခဲ့တယ်။ အဲသည်ကနေ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ၉၀ရွေးကောက်ပွဲနိုင် အမတ်အချို့ နယ်စပ်ကို လွတ်မြောက်လာပြီး အဝေးရောက်ညွန့်ပေါင်းအစိုးရ ထူထောင်တယ်။

စစ်အစိုးရက ၉၀ ရွေးကောက်ပွဲအမတ်တွေကို ဖိအားပေး နှိပ်စက်ပြီး အမတ်အဖြစ်က နှုတ်ထွက်စေတယ်၊ ထုတ်ပစ်တယ်။ သည်လိုနဲ့ ၉၀ ရွေးကောက်ပွဲနိုင် အမတ်အင်အားကို ချိနဲ့သွားအောင် လုပ်ပစ်တယ်။

နောက်ပိုင်းမှာလည်း ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေက အကြိမ်ကြိမ် ဆန္ဒပြကန့်ကွက်မှုတွေကို ၁၉၉၁ ကနေ ၁၉၉၉ အထိ လုပ်တယ်၊ ဖြိုခွဲခံရတယ်။ ၈၈ မျိုးဆက်တွေဟာ ထောင်ထဲမှာ နယ်စပ်ဒေသတွေမှာ အသီးသီး ရောက်ရှိသွားကြတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုက ပိတ်ဆို့အရေးယူမှုတွေက ၁၉၉၇ နောက်ပိုင်းမှ အရှိန်ကောင်းလာတယ် ဆိုရမယ်။ အာဆီယံနဲ့ တရုပ် အိန္ဒိယ ရုရှား အကူအညီနဲ့ မြန်မာစစ်အစိုးရက ကြံ့ကြံ့ခံနိုင်ခဲ့တယ်။

၁၉၉၂ မှာ စစ်တပ်က အမျိုးသားညီလာခံ စတင်ပြင်ဆင်၊

၁၉၉၅ မှာ ဒေါ်စု အင်န်အယ်ဒီက သပိတ်မှောက်၊ ဒေါ်စု ခေတ္တလွတ်မြောက်ပြီးနောက် အမျိုးသားညီလာခံကနေ နှုတ်ထွက်လိုက်တယ်။ တွေ့ဆုံဆွေးနွေးရေးတွေ အကြိမ်ကြိမ်ရှိသော်လည်း မအောင်မြင်ခဲ့ဘူး။


၁၉၉၇ မှာ စစ်ကောင်စီ ပြန်ဖွဲ့တယ်။ ပထမစစ်ကောင်စီက တိုင်းမှူးတွေကို အစိုးရဝန်ကြီးခန့်တယ်။ စစ်တိုင်းမှူးအသစ်တွေ လဲတယ်။

၁၉၉၈ မှာ ၉၀ရွေးကောက်ပွဲအမတ်လက်ကျန်များက သူတို့ကိုယ်စားလှယ်များ သတ်မှတ်ပြီး လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPP ဖွဲ့တယ်။ ဒါကလည်း စစ်အုပ်စု၏ ကန့်သတ်တားဆီးမှုများ ခံရပြီး ရပ်ဆိုင်းသွားတယ် ဆိုရမယ်။

၂၀၀၀ နောက်ပိုင်းမှာ အင်တာနက်တို့ အီးမေးတို့ မြန်မာပြည်တွင်း စတင်ဝင်ရောက်လာတယ်။ အဲသည်အချိန်မှာ ပြည်ပရောက် မြန်မာတွေကြားမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေ အွန်လိုင်းမှာ အခြေကျနေပြီ ဖြစ်တယ်။ နယ်စပ်မှာလည်း လှုပ်ရှားမှုအဖွဲ့တွေ မီဒီယာတွေ အရှိန်စတင်လာတယ်။ သမိုင်းသင်ခန်းစာတွေကများနေပြီလို့တောင်ပြောလို့ရတယ်

နေအိမ်အကျယ်ချုပ်ကနေ ဒေါ်စုကို စစ်အုပ်စုက လွှတ်ပေးမှု အကြိမ်ကြိမ်ရှိပါတယ်။ ဒေါ်စု၏ ခရီးစဉ်များ တားဆီးခံခဲ့တာချည်းပဲ။ အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်သည်ဟု စစ်အစိုးရက စွပ်စွဲတယ်။

၂၀၀၃ မေ ဒီပဲယင်း လုပ်ကြံမှုကြီးနဲ့ ဒေါ်စုနဲ့ NLD ပါတီကို အကြမ်းဖက်သတ်ဖြတ်ဖို့ ကြိုးစားတယ်။ ပါတီဝင်များ ဒဏ်ရာရတာ သေဆုံးတာတွေ ရှိတယ်။ ဒေါ်စုအပါအဝင် အားလုံးကို စစ်တပ်က ဖမ်းဆီးလိုက်တယ်။ အကြမ်းဖက်သူများကို စစ်အစိုးရက အရေးမယူဘူး။ ဒေါ်စုကို ကြိုတင်သတင်းပေးသည့်ကြားက ခရီးစဉ်ကို ဒေါ်စုက ဆက်သွားခဲ့တယ်လို့ သတင်းများက ဆိုတယ်။

၂၀၀၄ မှာ စစ်တပ်က စိုးဝင်း၊ သိန်းစိန်၊ ခင်ညွန့် ၊ ရွှေမန်းတို့ ခေါင်းဆောင်တဲ့ စစ်အစိုးရအသွင်ပြောင်းမှု ဖော်ဆောင်ပြန်တယ်။ ခင်ညွန့်ကို ဖယ်ရှားတဲ့ စစ်အုပ်စု စုဖွဲ့မှု ပြန်ဖြစ်တယ်။ အမျိုးသားညီလာခံပြန်စပြီးနောက် သူတို့ အခြေခံဥပဒေကို ပြီးအောင် ရေးဆွဲကြတယ်။ အတည်ပြုပြီးနောက် လူထုဆန္ဒခံယူပွဲလုပ်မယ်လို့ ဟန်ပြင်တယ်။ ဗိုလ်ချုပ်မှူးကြီးကတော့ ဦးသန်းရွှေပဲ။

၂၀၀၆ နောက်ပိုင်းမှာ ၈၈ မျိုးဆက်များ နိုင်ကျဉ်းများ လွတ်မြောက်လာကြတယ်။ နိုင်ငံရေးလှုပ်ရှားမှုများ ပြန်ဖော်ဆောင် လာကြတယ်။

၂၀၀၇ ဩဂုတ် ၈လေးလုံးအခမ်းအနားအပြီး အဆိုပါတက်ကြွသူများ နှိမ်နင်းခံရပြန်တယ်။

စက်တင်ဘာမှာ ရွှေဝါရောင် သံဃာသပိတ်နဲ့ စစ်အစိုးရကို ဆန့်ကျင်ကြပြန်တယ်။ ဒေါ်စုအိမ်ရှေ့အထိ သံဃာများရောက်ခဲ့ပြီး ဒေါ်စုက ထွက်နှုတ်ဆက်လိုက်တယ်။ မကြာခင်မှာပဲ ရွှေဝါရောင် ဖြိုခွဲခံရတယ်။ သံဃာတွေကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးနှိပ်နင်းတယ်။ ၈၈ နှင့် ၂၀၀၇ မျိုးဆက်များ ထောင်ဒဏ် နှစ်ရှည် ချခံရတယ်။

၂၀၀၈ မေ နာဂစ်မုန်တိုင်း ဖြစ်တယ်။ စစ်တပ်က မုန်တိုင်းကို သတိမပေးခဲ့လို့ မြန်မာတွေ သိန်းချီပြီး သေကျေပျက်စိးတယ်။ အဲသည်အချိန်မှာပဲ ၂၀၀၈ အခြေခံဥပဒေ ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ အတည်ပြုလိုက်တယ်။ မုန်တိုင်းကပ်ဘေးအောက် ဒုက္ခရောက်နေချိန်မှာ မဲစာရင်းတွေကို လိမ်ညာပြီး ထုတ်ပြန်တယ်လို့ အားလုံးက သဘောထားတယ်။ စစ်တပ်က မဲပေးသူ ၁၀၀% ကျော်တယ်လို့တောင် ပြောတယ်။

လူထု၏ ကိုယ်ထူကိုယ်ထ နာဂစ်ကယ်ဆယ်ရေးကို သန်းရွှေအစိုးရက အစိုးရဆန့်ကျင်ရေးအဖြစ် သဘောထားပြီး ပြင်းထန်စွာ နှိမ်နင်း ဖမ်းဆီးတယ်။ လူ ထောင်ပေါင်းများစွာ ဖမ်းခံရပြန်တယ်။

၂၀၀၉ ဦးဝင်းတင် လွတ်လာတယ်။

၂၀၀၉ မှာ ဒေါ်စုအိမ်ထဲ နိုင်ငံခြားသားကျုးကျော်မှုကို တရားစွဲပြီး ဒေါ်စု ကို ၂၀၁၀ ရွေးကောက်ပွဲမပါနိုင်အောင် ကန့်သတ်လိုက်တယ်။ ဦးဝင်းတင်က လူထုနဲ့အတူ ရပ်တည်ပြီး အင်းစိန်တရားရုံးချိန်းတွေမှာ လူထုအင်အားကို ပြသခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်က NLD ကို ဖြိုခွဲရန် ကြိုးပမ်းမှု ဦးဝင်းတင်ကြောင့် မအောင်မြင်ခဲ့။ သို့သော် စစ်အုပ်စုထောက်ခံတဲ့ ပါတီများ တိုင်းရင်းသားများ နယ်စပ်ဒေသက မြန်မာအရေးအဖွဲ့များကို ပြန်လည်ဖိတ်ခေါ်ပြီး ရွေးကောက်ပွဲအပြောင်းအလဲကို ထောက်ခံဖို့ လက်ခံဖို့ စစ်အုပ်စုက လုပ်ဆောင်ခဲ့တယ်။

NLD မပါတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွတ်ပါတီက သူတို့ချည်း အနိုင်ရတယ်လို့ ကြေညာတယ်။

ရွေးကောက်ပွဲအပြီး ကြံ့ဖွတ်ချည်းပဲ အနိုင်ရပြီးနောက် ၂၀၁၀ နှစ်ကုန်ဒေါ်စု လွတ်မြောက်လာတယ်။ ၈၈ မျိုးဆက်တွေလည်း ပြန်လွတ်လာတယ်။ ဦးသိန်းစိန်က နိုင်ကျဉ်း တော်တော်များများ လွှတ်ပေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို စစ်အုပ်စုဘောင်ထဲကနေ အကန့်အသတ်နဲ့ လုပ်လာတယ်။

လွှတ်တော်ပြင်ပနိုင်ငံရေးအဖြစ် ရပ်တည်လှုပ်ရှားနေတဲ့ ဒေါ်စုနဲ့ NLDဟာ ၂၀၀၈ ခြေဥဩဇာခံ လွှတ်တော်တွင်းနိုင်ငံရေးလုပ်ရန် ဆုံးဖြတ်လိုက်တယ်။ ဦးသိန်းစိန် ကြိုဆိုမှုနဲ့ ၂၀၁၂ ကြားဖြတ်မှာ ဒေါ်စုနဲ့ ပါတီဝင် ၁၂ ဦး ဝင်ပြိုင်တယ် အနိုင်ရကြတယ်။

အဲသည်ကစပြီး လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုအခြေခံပြီး လှုပ်ရှားရာက ၂၀၁၅ မှာ လွှတ်တော်မှာ အများစုနိုင်ပြီး အစိုးရဖွဲနိုင် အတိုင်ပင်ခံဖြစ်သွားပါတော့တယ်။ အဲသည်အချိန်ကစပြီး မြန်မာပြည်ကြီးဟာ အကောင်းဖက် အတက်ဖက်ကို လှည့်ပြီလို့ ပြည်သူတွေမျှော်လင့်ချက်တွေ ခိုင်မာလာပါတယ်။

အဲဒါတွေက အတက်အကျအနိမ့်အမြင့်တွေ - တိုင်းပြည် အတွက် အတက်ထက် အကျတွေများလွန်းတဲ့ သင်ခန်းစာတွေ လို့ထင်ပါတယ်။

(ထပ်မံဖြည့်စွက်ချက် -

၂၀၁၀ ဦးသိန်းစိန်ခေတ် ရွှေရည်စိမ်ဒီမိုကရေစီကာလတွင်းမှာ မျိုးဆက်သစ်တွေရဲ့ သမဂ္ဂ တပ်ဦး အလုပ်သမား လယ်သမား လှုပ်ရှားမှုတွေ ပြန်လည် ဦးထောင်လာတယ်။ စစ်မှန်သော ဒီမိုကရေစီအပြောင်းအလဲကို တောင်းဆိုကြတယ်။ စစ်တပ်က ဖိနှိပ်ပစ်လိုက်တာချည်းပဲ။ လှုပ်ရှားမှုတွေကို ပြန်ကြည့်ရင် - ဧရာ၀တီမြစ်ဆုံဆည် ဖျက်သိမ်းရေးလှုပ်ရှားမှု၊ လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနိစီမံကိန်း ဖျက်သိမ်းရေး နဲ့ လက်ပံတန်းမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရခြင်း စတဲ့မှတ်တိုင်တွေ ရှိပါတယ်။

အဲသည်ကစလို့ မျိုးဆက်သစ် ကျောင်းသား လူငယ် အလုပ်သမား လယ်သမား အစုအဖွဲ့ သမဂ္ဂ တပ်ဦးတွေ ရှင်သန်ဖြစ်တည် အားကောင်းလာခဲ့တယ်။ ဒေါ်စုလက်ထက်မှာလည်း လွှတ်တော်ပြင်ပ Civil Society Moevement တွေ ဆက်ပြီး ရှိနေခဲ့တယ်။ အခု Civil Disobedience ဖြစ်ပေါ်လာတာကလည်း သူတို့မျိူးဆက်တွေ လက်ဆင့်ကမ်း ထမ်းဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ )


ဒေါ်စု ဦးဆောင်တဲ့ NLD အစိုးရနဲ့ လွှတ်တော်ဟာ ၂၀၀၈ ခြေဥ ကန့်သတ်ချက်များအပြင် ပြည်တွင်းစစ် ၊ လူမျိုးရေး၊ အဓိကရုဏ်းများ ၊ ရခိုင် - ဘင်္ဂလီ အရေးအခင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၅% အမတ်နေရာ ယူထားတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အပြည့်အ၀မရခဲ့ပါဘူး။

တရားဥပေဒစိုးမိုးရေးမှာလည်း အငြင်းပွားမှုများစွာ ရှိပါတယ်။ ရှေ့နေဦးကိုနီကို စစ်အုပ်စုထောက်ခံသူများက လုပ်ကြံခဲ့ပါတယ်။ အဓိကတရားခံကို မဖမ်းနိုင်ပါ။ နေပြည်တော်က ဗစ်တိုးရီးယားကလေး အဓမ္မလိင်အကြမ်းဖက်ခံရတာကိုလည်း မဖော်ထုတ်နိုင်ခဲ့ပါ။ ၂၁ ရာစု ပင်လုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်ထောင်စု သဘောတူညီချက်တွေလည်း တန့်နေခဲ့ရပါတယ်။ လူ့အခွင့်အရေး လွတ်လပ်စွာ ထုတ်ဖော်ခွင့်စသည်နေရာတွေမှာလည်း ဝေဖန်ခြင်းခံရပါတယ်။

သို့သော်လည်း ဒေါ်စုအပေါ် လူထုထောက်ခံမှုက မကျဆင်းဘူးလို့ ဆိုနိုင်ပါတယ်။ နောက်ဆုံး ၂၀၂၀ ကိုဗစ်၁၉ ကပ်မှာ ဒေါ်စုအစိုးရကိုင်တွယ်မှုကို ပြည်သူက ထောက်ခံကြပါတယ်။ ကျေနပ်မှု ပြသခဲ့ကြပါတယ်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲကို ကိုဗစ်အကန့်အသတ်များကြားကနေ ဖြစ်အောင် ကျင်းပလို့ အတိုက်အခံပါတီများ တိုင်းရင်းသားပါတီများ တပ်မတော်အပါအဝင် မေးခွန်းတွေ ထုတ်ကြပါတယ်။ တဖက်သတ်ရွေးကောက်ပွဲအဖြစ် သူတို့က ဝေဖန်ကြပါတယ်။ ဒေါ်စုက သူ့ပါတီကိုပဲ ပြည်သူတွေ ဆက်မဲပေးကြဖို့ တိုက်တွန်းပါတယ်။ သူ့ပါတီနဲ့ လက်တွဲမယ့် အခြားမဟာမိတ်တွေ တိုင်းရင်းသားပါတီတွေနဲ့ အတူတွဲရွေးကောက်ပွဲဝင်တာထက် စစ်တပ်နဲ့ အပေါင်းအပါတွေကို အနိုင်ရဖို့ မဲမကွဲဖို့ လိုတယ်၊ NLD ကိုပဲ ထည့်ရမယ်လို့ ဒေါ်စုက ရပ်တည်ခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း NLD ပဲ အများဆုံးနိုင်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲစာရင်းကို မေးခွန်းထုတ်ပြီး အကြပ်အတည်းများ တောင်းဆိုမှုများ ထုတ်ဖော်လာတယ်။ သတင်းများအရ မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီးသက်တမ်း တိုးပေးဖို့နဲ့ သမတအဖြစ် ခန့်ပေးဖို့တွေလည်း ပါတယ်လို့ ဆိုကြပါတယ်။

ဒေါ်စုက ငြင်းဆန်လိုက်တယ်လို့ ကြားသိရပြီး နောက် ၃ ရက်အတွင်း စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းလိုက်တော့တာပါပဲ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ပါ။

မြန်မာပြည်၏ ၁၉၈၈ မှ ၂၀၂၁ အထိ နိုင်ငံရေးစာမျက်နှာများ အနိမ့်အမြင့် အတက်အကျများကား ရင်မောဘွယ် အတိဖြစ်ပါတယ်။ သင်ခန်းစာထုတ်တတ်သူများ ဘာပြောမည် မသိ။

စစ်အစိုးရလက်ထက် အဆက်ဆက်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ - ကွန်မြူနစ်ရန် ၊ကိုလိုနီလက်သစ်ရန် ၊ ဘာသာခြားတို့၏ ရန်၊ လူမျိူးခြားတို့၏ ရန် စသည့် သွေးခွဲ ရန်တိုက် လုပ်ကြံဖန်တီးမှုများစွာကိုလည်း ရင်ဆိုင် ဖြတ်သန်းလာခဲ့ရပါသေးတယ်။ နောက်ကွယ်မှာ လက်မည်းကြီး ရှိတယ် ဆိုတာကြီးပဲ။

အဖြစ်အပျက်တွေက သဘောထားတွေ ညီညွတ်စုစည်းသွားလိုက် ၊ တချို့အချိန်တွေမှာ ရပ်တည်ချက်တွေ အချင်းချင်း ကွဲပြားသွားလိုက် တွေ့ရတယ်။

ဒီမိုကရေစီ ရရှိရေးဆိုရာမှာ မြေပေါ်ကနေ ပါတီထောင် လူထုလှုပ်ရှားမှု နည်းလမ်း၊ လက်နက်ကိုင် တော်လှန်တဲ့နည်းလမ်း အသွယ်သွယ် အမျိုးမျိုးရှိကြတာကိုလည်း ကြုံကြ ဖြတ်ကြရပါတယ်။

ပြည်တွင်းစစ်ကြောင့် စစ်တပ်ကြီးထွားလာတာလား၊ စစ်တပ်ရဲံ ဖိနှိပ်မှုကြောင့် ပြည်တွင်းစစ်ပေါ်တာလား ဒါမှမဟုတ် သူတို့တွေက အပြန်အလှန်အကျိုးပြုနေတဲ့ အကြောင်းအကျိုး ဖြစ်စဥ်တခုလား စဉ်းစားစရာ ပဟေဠိပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကံကြမ္မာက လက်နက်ကိုင်ပဋိပက္ခ ၊ ဖိနှိပ်မှု ၊ ချုပ်ချယ်မှုတွေ - အဲဒါကို လက်သင့်မခံလို့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင် ပြဌါန်းခွင့် အတွက် ရုန်းကန်မှုတိုက်ပွဲ စတာတွေ အကြား ဆယ်စုနှစ်များစွာ ဖြတ်သန်းနေရတဲ့ ကံကြမ္မာလည်း ဖြစ်လို့ နေပါတယ်။

ခုချိန်မှာ နောက်ပြန်လှည့်ကြည့်ပြီး သင်ခန်းစာယူဖို့ ဘာတွေဖြစ်မလဲ၊ တန်းတူညီမျှ ဆက်ဆံရေး စံနှုန်းပေါ် ရပ်တည်လျောက်လှမ်းကြရေး၊ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရေးကို နိုင်ငံရေး အင်အားစုတိုင်းက တန်ဖိုးထားဖို့ ၊ တပ်က တပ်နေရာမှာနေဖို့ ၊ နိုင်ငံရေးနယ်ပယ်ထဲက တပ်ဝင်မစွက်ဖက်ဖို့ လို့ ယူဆမိတယ်။

အတိတ်ကို ရဲရဲပြန်ကြည့်ပြီး သုံးသပ်နိုင်ကြမှသာလျင် လက်ရှိပစ္စုပ္ပန် မှာလည်း ကိုယ်ရဲ့ အားနည်းချက်တွေကို မြင်နိုင်မယ်ထင်မိတယ်။ ရှေ့အတွက် ပြင်ဆင်စရာ လျောက်စရာလမ်းကိုလည်း ထင်ရှားလိမ့်မယ် တွေးမိပါတယ်။