မောင်ကျော်မော် - အရေးတော်ပုံ - ရေစုန်မမျောစေဖို့
မောင်ကျော်မော် - အရေးတော်ပုံ - ရေစုန်မမျောစေဖို့
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁
၁။ သပိတ်၊ ဆန္ဒပြပွဲ၊ အရေးအခင်းနဲ့ တတိုင်းတပြည်လုံး တခဲနက်ပါဝင်လာကြတဲ့ ပြည်သူ့အရေးတော်ပုံကြီးတွေဟာ ပေါ်ပေါက်လာရတဲ့ ‘အကြောင်းအကျိုးအချက်အလက်’ အခိုင်အမာရှိသလို တပြိုင်နက်ထဲမှာ ‘အကန့်အသတ်’လည်း ပါရှိစမြဲ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အလေးမထား အသိအမှတ်မပြုဘဲ၊ မျက်ကွယ်ပြုမယ်ဆိုရင် အရေးတော်ပုံရေစုန်မျော တတ်ပါတယ်။ ဒီတော့ အဆုံးအရှုံးနည်းနိုင်သမျှ အနည်းဆုံးနဲ့အကျိုးအမြတ်အများဆုံး ရနိုင်အောင် အရေးတော်ပုံကြီးကို ကျယ်ပြန့်တဲ့ အမြော်အမြင်နဲ့ဆက်လက်လုပ်ဆောင်ကြရမှာမဟုတ်ပါလား။
၂။ (ဆက်ပြီးသည်းခံနေဖို့ မဖြစ်နိုင်တဲ့ အကြောင်းအချက်) + (ဆက်ပြီးငုံ့ခံနေလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အကြောင်းအချက် နှစ်ရပ် ထိပ်တိုက်တွေ့မှု ) = (CDM)
ပြည်သူ့လှုပ်ရှားမှုကြီး တစ်ဖက်မှာ ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စုအနေနဲ့ ၂၀၂၀ ပြည့်အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့အစိုးရတွေရဲ့တည်ရှိမှု ဆက်ပြီးသည်းခံဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်းအချက်နဲ့ အခြားတစ်ဖက်မှာတော့ တိုင်းပြည်နဲ့ပြည်သူလူထုဟာ သူတို့ ဆန္ဒမဲပေးရွေးချယ်ခဲ့တဲ့ ခေါင်းဆောင်၊ အစိုးရနဲ့ ရွေးကောက်ပွဲရလဒ်ကို တစ်ဖက်သတ် ဖျက်သိမ်းပစ်ပြီး စစ်အုပ်စုကလက်နက်နဲ့အာဏာသိမ်းအနိုင်ကျင့်မှုကို ငုံ့ခံနေလို့ မဖြစ်နိုင်တော့တဲ့ အကြောင်း အချက် နှစ်ခု တို့ မလွှဲနိုင်မရှောင်နိုင်တော့ဘဲ ပေါင်းဆုံသွားရာကနေ ဒီကနေ့ တတိုင်းတပြည်လုံးက လူတန်းစားလူ့အလွှာအသီးသီး အရှိန် အဟုန်နဲ့ ပါဝင်ဆင်နွှဲနေကြတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးပေါ်ထွက်လာရတာပါ။
၃။ ဒီကနေ့ အရှိန်အဟုန်နဲ့ပေါ်ပေါက်နေတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးမှာ မိမိဆန္ဒနဲ့ ဘယ်လိုမှ ခွဲခွာပစ်လို့ မဖြစ်နိုင်တဲ့ ခြေလှမ်းနှစ်ခု မျက်စာနှစ်ဖက်ပါရှိနေပါတယ်။ ပထမတစ်ဖက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဖော်ပြပေးအပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒနဲ့ရွေးကောက်ပွဲရလဒ်ဟာ တစ်ဆက်ထဲလည်းဖြစ် တစ်ထပ်တည်းကျသလို၊ ယနေ့ပေါ်ပေါက်နေတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးဟာ အဲဒီပြည်သူ့ဆန္ဒ၊ ရွေးကောက်ပွဲရလဒ်နဲ့ တစ်ဆက်တည်းတစ်ထပ်တည်းဖြစ်တယ်။ ဒါကြောင့် အဲဒီအကြောင်းအကျိုးအခြေခံအပေါ်ကနေ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရေး (လွှတ်တော် ခေါ်ရေးနဲ့အစိုးရဖွဲ့စည်းရေး) ကို ဆက်လက်လုပ်ဆောင်သွားရေးဆိုတဲ့ ခြေလှမ်းနဲ့မျက်နှာစာဖြစ်ပါတယ်။ ဒီအချက်ဟာ နိုင်ငံရေးရှုထောင့်- တည်ဆဲဥပဒေရှုထောင့် - တရားမျှတမှုရှုထောင့် စသဖြင့် ဘယ်ရှုထောင့်ကနေ ကြည်ကြည့် အကြောင်း အကျိုးခိုင်လုံပါတယ်။ ဒီအကြောင်းအကျိုးအချက်ဟာ ဒီကနေ့ (CDM)အရေးတော်ပုံကြီး ပေါ်ပေါက်ကြီးထွား လာစေတဲ့ ပင်မစေ့ဆော်တဲ့အကြောင်းအချက်လည်းဖြစ်ပါတယ်။ ပြီးတော့ အကြောင်းအချက်ကို အခိုင်အမာကိုင်စွဲပြီး ဗိုလ်မင်းအောင် လှိုင်ရဲ့ အာဏာသိမ်းစစ်အုပ်စုကောင်စီ (SAC) ကို ဆန့်ကျင်တိုက်ပွဲတဲ့အခါမှာ ပြည်တွင်းပြည်ပ နှစ်ဌာနစလုံးမှာ အင်မတန် အကြောင်းအကျိုးလျော်ညီပြီး မလွဲမသွေဆက်လက်လုပ်ဆောင်ရမယ့်အချက်လည်းဖြစ်ပါတယ်။ စစ်အုပ်စုကို သူဖန်တီး ထားတဲ့ ကြိုးနဲ့သူ့ကိုပြန်လည်ချည်နှောင်ဖို့လိုအပ်ပါတယ်။ တပြိုင်နက်ထဲမှာ ဒီကိစ္စဟာ ပါးစပ်ကပြောရ လွယ်သလောက် လက်တွေ့လုပ်ရအင်မတန်ခက်ခဲပါတယ်။ အကန့်အသတ်တွေရှိပါတယ်။
၄။ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးရဲ့ ဒုတိယခြေလှမ်းနဲ့ ဒုတိယမျက်နှစာကတော့ ပထမခြေလှမ်းနဲ့ ပထမမျက်နှာစာကို ဘယ်လောက်အတိုင်းအတာနဲ့ဆောင်ရွက်အောင်မြင်နိုင်သလဲဆိုတဲ့ လက်တွေ့အနေအထားအပေါ်မှာ များစွာ တည်မှီနေပါ တယ်။ အဲဒါကတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အုပ်စုက ‘တပ်မတော်’ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံ ဗိုလ်ကျခြယ်လှယ်နေမှုတွေကို အလုံးစုံ အဆုံးသတ်ပစ်ပြီး အခြေခံဥပဒေသစ်ရေးဖို့ပါပဲ။ ဒီကိစ္စက လည်း ဆန္ဒစွဲနဲ့ ဖြစ်ချင်တာချည်းပြောနေလို့ မရတဲ့ အနေအထားဖြစ်ပါတယ်။
၅။ လောလောဆယ်မြင်တွေ့ရတာတော့ အာဏာသိမ်းစစ်အုပ်စုက ဘက် ၃ ဘက်ကနေ အခုလိုလုပ်ဆောင်နေပါတယ်။ တစ်ဖက်မှာ ထိပ်သီးခေါင်းဆောင်မှန်သမျှ ဖမ်းဆီးထားသလို လက်တွေ့လှုပ်ရှားမှုမှာ အရေးပါတဲ့သူတွေကိုလည်း ဆက်လက် ဖမ်းဆီးနေပါတယ်။ အခြားတစ်ဖက်မှာတော့‘တိုင်းရင်းသားတွေ’ (နိုင်ငံရေးပါတီနဲ့လက်နက်ကိုင်တွေ) ကိုတော့ အချိုသပ်၊ အပျော့ဆွဲ ဆွဲပြီး သိမ်းသွင်းလျက်ရှိပါတယ်။ နောက်တစ်ဖက် ကတော့ ဒီကနေ့ဖြစ်ပွားနေတဲ့ (CDM) အရေးတော်ပုံကို သရုပ်ဖျက်ခြိမ်းခြောက်မှုတွေ အဆက်မပြတ်ပြုလုပ်နေပြီး အကြမ်းဖက်ဖိနှိပ်ချေမှုန်းနိုင်ဖို့ ‘အာဘော်’ ဖန်တီးနေတဲ့ အချက်ပါပဲ။ ဘယ်တော့ အပြီးသတ်ချေမှုန်းမလဲဆိုတာကတော့ ပထမ နှစ်ချက်ကို ပြည့်စုံအောင် လုပ်ဆောင်နိုင်ပြီလို့ ဒင်းတို့ဘက်က ယူဆတာနဲ့ အကြမ်းဖက်ချေမှုန်းမှုကို ဇက်ရဲလက်ရဲလုပ်မှာလို့ တွက်ဆပါတယ်။
၆။ ဒါကြောင့် ဒီအချိန်ကာလအတွင်းမှာ အရေးတော်ပုံဘက်တော်သားများဘက် လုပ်သင့်တာတွေကို ပြတ်ပြတ်သားသားလုပ် ဖို့အရေးကြီးပါတယ်။ အရေးတော်ပုံကြီးရဲ့ ကံကြမ္မာအကောင်းအဆိုးနဲ့အလှည့်အပြောင်းဟာ အောက်ပါ အကြောင်းအချက် ၃ ခုအပေါ်မှာတည်မှီနေပါတယ်။
(က) (CDM) အရေးတော်ပုံ အကြမ်းဖက်ဖိနှိပ်ချေမှုန်းခံရတာ
(ခ) နှစ်ဖက် တစ်စုံတစ်ရာ ညှိနှိုင်းပြေလည်တာ
(ဂ) တပ်မတော်ထဲကနေ ‘တိုင်းပြည်၊လူထုနဲ့ဒီမိုကရေစီအရေးကို အမှန်တကယ်ရှေ့ရှုတဲ့ အင်အားစုသစ်’ ပေါ်ထွက်လာတာ
(က) (CDM) အရေးတော်ပုံ အကြမ်းဖက်ဖိနှိပ်ချေမှုန်းခံရတာ
(ခ) နှစ်ဖက် တစ်စုံတစ်ရာ ညှိနှိုင်းပြေလည်တာ
(ဂ) တပ်မတော်ထဲကနေ ‘တိုင်းပြည်၊လူထုနဲ့ဒီမိုကရေစီအရေးကို အမှန်တကယ်ရှေ့ရှုတဲ့ အင်အားစုသစ်’ ပေါ်ထွက်လာတာ
၇။ ဒါကြောင့် ဒီအချိန်မှာ လက်ရှိအုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံး လုံးလုံးလျားလျား ပုံကျ ရပ်ဆိုင်းသွားအောင် အားစိုက် ခွန်စိုက် စည်းရုံးလုပ်ဆောင်ကြရမယ့် အနေအထားဖြစ်ပြီး၊ ‘လူမျိုးစုတိုင်းရင်းသားအင်အားစုများအနေနဲ့လည်း (CDM)အရေး တော်ပုံ ဘက်က ပြတ်သားစွာ ရပ်တည်ကြဖို့လိုအပ်ပါတယ်။ အခြားတစ်ဖက်မှာလည်း စစ်အုပ်စုကတော့ ဥပဒေတွေ - အမိန့်တွေ အမျိုးမျိုးထုတ်ပြီး သတ်ကွင်းကို ပြင်ဆင်နေတာကို သတိမပြတ်ရှိနေကြဖို့ပါပဲ။ (CRPH) အနေနဲ့လည်း ယခုထက်ပိုပြီး သွက်လက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားဖို့တိုက်တွန်းပါတယ်။
ရိုသေစွာဖြင့်
မောင်ကျော်မော်
၁၁ ဖေဖေါ်ဝါရီ ၂၀၂၁
မောင်ကျော်မော်
၁၁ ဖေဖေါ်ဝါရီ ၂၀၂၁