Breaking News

မကြာခင် ရက်ပိုင်းအတွင်း ICJ တရားရုံးက အမိန့်ချမယ့် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်

May be an image of text 

မကြာခင် ရက်ပိုင်းအတွင်း ICJ တရားရုံးက အမိန့်ချမယ့် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်  

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၆

 

၂၀၁၇ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ (မြန်မာအစိုးရ ၃ ဆက်လုံး ရိုဟင်ဂျာလူမျိုး မရှိကြောင်း ငြင်းဆိုထားကြ)တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု Genocide ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ လျှောက်ထားခဲ့တဲ့ အမှုကို ၇ နှစ်ခန့်အကြာ လာမဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ စီရင်ချက်ချမှတ်မယ်လို့ ICJက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နံနက်အရုဏ်တက်ချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းနဲ့ နယ်ခြားစောင့် ကင်းစခန်း ၃၀ ကျော်ကို ARSA လက်နက်ကိုင်အဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရစစ်တပ်က အဆိုပါ နယ်မြေတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်ဆောင်ရာမှာ ကျေးရွာတွေက အရပ်သား၊ ကလေးငယ်၊ အမျိုးသမီး၊ အသက်အရွယ်ကြီးသူတွေ မကျန် သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီစစ်ဆင်ရေးလုပ်ဆောင်ရာမှာ ၂၀၁၂ ခုနှစ် မောင်တော အရေးအခင်း၊ အဆိုပါနှစ်မှာပဲ အောက်တိုဘာလမှာ မြောက်ဦး၊ ကျောက်ဖြူ၊ ပေါက်တောတို့မှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယအရေးအခင်းနဲ့ ၂၀၁၃ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တို့လို ဖြစ်စဥ်တွေ ဖြစ်ပွားတဲ့ ကာလတွေတုန်းကတောင် ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းနဲ့ ရခိုင်လူမျိုးတွေအကြား ပြဿနာမဖြစ်ပွားခဲ့တဲ့ အင်းဒင်ကျေးရွာလိုမျိုးမှာပါ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ စတင်လိုက်တဲ့ မီးပွားဟာ ၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်း စစ်တပ်ရဲ့ အပြင်းထန်ဆုံး ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ခဲ့ပြီး ရိုဟင်ဂျာ အရပ်သား သေဆုံးမှု အနည်းဆုံး ၆၀၀၀ ကျော်ကနေ အများဆုံး ၁၀၀၀၀ ဝန်းကျင်ခန့်ထိ ရှိမယ်လို့ သတင်းမှတ်တမ်းတွေ ဆက်စပ်ကြည့်ချက်အရ ကောက်ချက်ချရပါတယ်။ ARSA လက်နက်ကိုင်အဖွဲ့က ကျူးလွန်တဲ့ ရာဂဏန်းချီရှိတဲ့ အရပ်သားတွေကို သတ်ဖြတ်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့ ARSA လက်နက်ကိုင်အဖွဲ့က ကျူးလွန်တဲ့ သတ်ဖြတ်မှု အရေအတွက်နဲ့ အစိုးရတရပ်ရဲ့ စစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုကိန်းဂဏန်းတွေက နှိုင်းယှဥ်လို့ မရအောင် ကွာခြားတဲ့ အနေအထားဖြစ်ပါတယ်။

ရခိုင်မှာ ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး လပိုင်းအတွင်း ကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာအစိုးရ စစ်တပ်နဲ့ ရဲလုံထိန်းတပ်တွေက အဖွဲ့ဝင်အချို့ရဲ့ ပြန်လည်ပြောပြချက်တွေအရ သတ်ဖြတ်ခံခဲ့ရတဲ့ အရေအတွက် အကြမ်းဖျင်းကို ခန့်မှန်းနိုင်မှာ ဖြစ်ပေမဲ့ ထိုစဥ်က အစိုးရ တာဝန်ယူထားတဲ့ NLD ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုလို့ မမြင်သည့်တိုင် စစ်ရာဇဝတ်မှု အနေနဲ့လည်း မရှုမြင်ခဲ့ကြတဲ့ သဘောလို့ နားလည်ရပါတယ်။

ဒီဖြစ်ရပ်တွေ ရဲ့ အကျိုးဆက်ဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကနေ ၁ သန်းနီးပါးကို လက်ခံနေရာပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရခိုင်မြောက်ပိုင်းက သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားရုံးမှာ တိုင်ကြားတာမျိုး မရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် မှာတော့ ဂမ်ဘီယာနိုင်ငံက ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက ဖြစ်ရပ်တွေအတွက်  လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ICJ ထံ လျှောက်ထားခဲ့ပါတယ်။

အဲဒီနှစ်နှောင်းပိုင်းမှာ နယ်သာလန်နိုင်ငံ ICJ တရားရုံးက ဆင့်ခေါ်တာကို ထိုစဥ်က အစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုစဥ်က မြန်မာလူထုတွေအတွင်းမှာ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအရေးနဲ့ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ အများစုက လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ICJ မှာ တရားစွဲတာကို ဆန့်ကျင်တဲ့ သဘောထားရှိခဲ့ကြပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုတွေ အကြောင်းကို ဂဃနဏ မသိရှိခဲ့ကြတဲ့ အနေအထားမျိုးလို့ ဆိုနိုင်ပါတယ်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံကို ICJ ထံ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခံရခြင်းဟာ အမိန့်ပေးသူ၊ ကျူးလွန်သူ အစရှိတဲ့ လူတဦးတယောက်ကို စွဲဆိုတာမျိုးမဟုတ်ဘဲ နိုင်ငံကို စွဲဆိုတာ ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ စစ်တပ်ဦးစီးချုပ် စတဲ့သူတွေ ပြောင်းလဲသွားတဲ့တိုင် နိုင်ငံကို ဦးတည်စွဲဆိုတာဖြစ်လို့ ဆက်လက်တာဝန်ယူတဲ့ နိုင်ငံအစိုးရက ဒီတရားစွဲဆိုမှုကို ရင်ဆိုင်ရမဲ့သဘော ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ICJ ထံမှာ ၄င်းတို့ကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အမှုရင်ဆိုင်ခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမဲ့ ICJ ကတော့ နေပြည်တော်က အာဏာသိမ်းစစ်အစိုးရကိုပဲ ဆက်လက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက်တင်သွင်းခဲ့တဲ့ အမှုမစွဲဆိုသင့်ကြောင်း လျှောက်ထားချက်ကို NUG က ရုပ်သိမ်းကြောင်းလည်း ကြေညာခဲ့ပေမဲ့ ICJ ကတော့ အဆိုပါ ကြေညာချက်ကိုလည်း ထည့်သွင်းစဥ်းစားခြင်း ပြုပုံမရပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ၆ နှစ်နီးပါးကာလအတွင်း နယ်သာလန်နိုင်ငံကို ၂ ကြိမ်သွားရောက်ကာ လျှောက်လှဲချက်တွေလည်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အမှုစတင် တင်သွင်းလျှောက်ထားပြီးနောက် ၇ နှစ်ကျော် အကြာမှာ အခုလို မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှု စွဲဆိုထားတဲ့ အမှုရဲ့ အပြီးသတ်အမိန့်ကို ချမှတ်တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံရေးအနေအထားအရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ကို အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးလ်တို့က အသိအမှတ်မပြုဖို့ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေချိန် ICJ ကိုလည်း မကြာသေးမီက ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ အမျိုးသမီး တရားသူကြီး နာဗာပီလေး ပါဝင်နေခြင်းအပေါ် ယုံကြည်ဖွယ်မရှိကြောင်း သံတမန်ရေးအရ ပြောဆိုတိုက်ခိုက်နေချိန် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးမထားတဲ့ ICC မှာလည်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရပ်သားတွေ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်နဲ့ပဲ ထိုစဥ်က စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူတွေကို ဖမ်းဝရမ်း ထုတ်ပေးဖို့ အာဂျင်တီးနားနိုင်ငံက လျှောက်ထားခဲ့ပေမဲ့ ခုချိန်ထိ ဆုံးဖြတ်တဲ့အမိန့်ချ မှတ်နိုင်ခြင်း မရှိသေးပါဘူး။

လာမဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ICJ အနေနဲ့ မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုမြောက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရင် ICJ တရားရုံးဖွဲ့စည်း ပေါ်ပေါက်လာခဲ့ချိန်ကစပြီး အခု လက်ရှိ အချိန်ထိတော့ ICJ တရားရုံးအနေနဲ့ ကမ္ဘာနိုင်ငံတနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် မချမှတ်ခဲ့ဖူးသေးပါဘူး။ အဖြစ်အပျက်ကိုတော့ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ကြောင်း သတ်မှတ်ခဲ့တာရှိပေမဲ့ အစိုးရတရပ်၊ နိုင်ငံတနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့ သာဓက ဖြစ်ရပ် မရှိသေးတဲ့သဘော ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ကျော်မှာ ဖြစ်ပွားခဲ့တဲ့ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲက ဆာဘရီနစ်ကာမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သား ဘော့စနီးယားမွတ်ဆလင် ထောင်နဲ့ချီ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ဆုံးဖြတ်ကြေညာခဲ့ပေမဲ့ ဆားဗီးယားနိုင်ငံကို သတ်ဖြတ်မှုအတွက် တိုက်ရိုက်တာဝန်ယူရမဲ့ အဖြစ်အပျက်မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နောက် ၁၀ ရက်အကြာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့က ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာအရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်အတွက်  မြန်မာနိုင်ငံ လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံဟာ ပထမဆုံးသော လူမျိုးတုံး သတ်ဖြတ်မှု စီရင်ချက်ချခံရတဲ့နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar