ဆောင်းယွန်းလ - "ဒါဟာ နောက်ဆုံးအောင်ပွဲရဲ့ တိုက်ပွဲဖြစ်တယ်"
ဆောင်းယွန်းလ - "ဒါဟာ နောက်ဆုံးအောင်ပွဲရဲ့ တိုက်ပွဲဖြစ်တယ်"
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁
ငါတို့အားလုံး တသွေးတည်းဖြစ်နေချိန်မှာ
တသားတည်းမဖြစ်နိုင်သူတချို့ကို
အနိဌာရုံထဲမှာထားခဲ့ကြရုံသာ
ခွေးလှေးခုန်လို့ ဖုန်မထပါဘူး
ဒီယုန်မြင်လို့ ဒီခြုံထွင်လည်း
ဒီပုံပြင်တွေ ကြားရဖန်များလို့ ရိုးလှပေါ့
ခေတ်မီနည်းပညာတွေကို ကျေးဇူးတင်မိသလို
မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ဂုဏ်ယူမိတယ်
လောလောဆယ်မှာ
အဝီဇိကခွေးကြီးတစ်ကောင်လွတ်နေတယ်
ငရဲခွေးဟာ ပြည်သူအပေါင်းကို ကျွတ်နေတယ်
ဒီမိုကရေစီ လွတ်လွတ်ကျွတ်ကျွတ်ရဖို့အရေးတွက်
ငါတို့အားလုံး ရုန်းထွက်ရမယ်
ရုံးမတက်ကြနဲ့
ဖုန်းအဆက်အသွယ်လည်းမဖြတ်ကြေး
အာဏာရှင်ရေးတဲ့ မတရားဥပဒေမှန်သမျှ
တာဝန်အရ ဖီဆန်ကြ
အာဏာရှင်ထုတ်တဲ့ မတရားအမိန့်မှန်သမျှ
တာဝန်အရ ဖီဆန်ကြ
အာဏာရှင်ဟာ တပ်ပျက်နေတယ်
အာဏာရှင်ဟာ သွေးပျက်နေတယ်
သွေးကွဲရင် ခွေးဆွဲခံရမယ်ဆိုတာ မမေ့ကြနဲ့
၆၂ ကို မမေ့ကြနဲ့
၈၈ကိုလည်းမမေ့ကြနဲ့
၂၀၂၁ ဟာ ငါတို့ရဲ့နောက်ဆုံးတိုက်ပွဲ
ဒီတစ်ပွဲကို အနိုင်နွှဲရမယ်
အရေးတော်ပုံ......အောင်ရမည်။
ဆောင်းယွန်းလ