Breaking News

ထွန်းဝင်းငြိမ်း - ကျားစာ



ထွန်းဝင်းငြိမ်း - ကျားစာ

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

ရွှေရည်စိမ် ဒီမိုကရေစီနဲ့
စစ်အရေခြုံ ပါတီစုံအောက်မှာ
သင်္ကြန်အမြောက် ဖောက်ခဲ့တာတွေ
ရပ်လိုက်ကြပါစို့။
 
အနာဂတ်ကို
ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့
ဗာလနံတို့ရဲ့ ဥပဒေဘောင်ထဲက
ဖွဲ့စည်းပုံရဲ့ အခန်းကဏ္ဍဆိုတာ
ခဝါချလိုက်တော့။

နှစ်ထောင့်ရှစ် ဖျက်ခံရမှာ
ကြောက်ကြသူတွေဟာ
ဒီမိုကရေစီ ခွေးကတက်ကနေ
စစ်အုပ်စုကို
ခြေသလုံးဖက်ခဲ့သူတွေသာဖြစ်တယ်။

စစ်အာဏာရှင် အလိုမရှိဆိုပြီး
လက်သုံးချောင်းထောင်
လက်ရုံးတွေဆန့်တန်းကြတာ
နှစ်ထောင့်ရှစ်ကို ဖျက်သိမ်းခိုင်းနေတာ
မဟုတ်လား။

ရုံးမတက်နဲ့ ရုန်းထွက် ဆိုတာကလည်း
နှစ်ထောင့်ရှစ်အောက်က လွတ်မြောက်ဖို့
စီဒီအမ်ဝန်ထမ်းနဲ့ ပြည်သူတွေရဲ့
ကြွေးကြော်သံပါပဲ။

ပြည်သူကရွေးတဲ့
ပြည်သူ့ကိုယ်စားလှယ်ဆိုတာ
ပြည်သူကို သစ္စာခံရစမြဲပါ
နှစ်ထောင့်ရှစ်ကိုသာ သစ္စာခံရမယ်လို့
ထင်မှတ်မှားနေရော့သလား။

ကယ်တင်ရှင်မျော်သူတွေနဲ့
ကိုယ့်အားကိုယ်ကိုး လိုသူတွေဟာ
အမြဲလိုလို အားပြိုင်ရပါတယ်။

စေ့စပ်ဖို့ ထိုင်စောင့်နေရုံနဲ့
စစ်အာဏာပြုတ်ကျပြီး
ဒီမိုကရေစီ ရလာမှာ
မဟုတ်ဘူး။

ရန်သူကို စက္ကူကျား လို့
သဘောထားဖို့လိုပါတယ်
ကျားသေကိုအသက်သွင်းသူတွေက
ကျားစာဖြစ်နေရတာ
ဝမ်းနည်းစရာပါ။

အခု ခေတ်စားနေတဲ့
ဂျင်ဇီတွေရဲ့
သံပုံးတီးသီချင်းထဲကလို
အမှန်တရားအတွက်
ရဲရင့်ဖို့ လိုပြီ
အရေးတော်ပုံအောင်ရမည်။

ထွန်းဝင်းငြိမ်း
၂၅၊ ၂၊ ၂၀၂၁