Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၉ရက် မြောက်နေ့ မြင်ကွင်း ...

ပြင်းထန်စွာဖိနှိပ်ခံထားရတဲ့ကြားက ဒီနေ့လမ်းပေါ်ထွက်ချီတက်လာတဲ့ မြစ်ကြီးနားလူထု


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၉ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁

မနေ့ မြင်ကွင်းကို ရေးရတာ စိတ်လှုပ်ရှားစရာပါ။ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ CDM ဝန်ထမ်းသပိတ်တိုက်ပွဲတွေနဲ့ ပြည်သူလူထုဟာ ဘောလုံးစကားနဲ့ ပြောရရင် အဝေးတင်ကန်ဘောတွေ ဂိုးရှေ့ကို ပို့ပေးနေကြတယ်။ ဂေါင်းတိုက်ပဲ သွင်းမလား၊ ဘယ်ခြေအယောင်ပြပြီး ညာခြေနဲ့ တန်းပြီးပဲ ကစ်လိုက်မလား မျော်နေကြတယ် ဆိုကြပါစို့။

ပြည်ပရောက် မြန်မာတွေကလည်း စိတ်အားတက်ကြွနေကြတာကို တွေ့ရပါတယ်။ CDM ကို ပံ့ပိုးဖို့ကို နိုင်ငံတကာက မြန်မာတွေ လုပ်နေကြတာ အားရစရာပါ။ ဆန္ဒပြဖို့ကလည်း နေရာတိုင်း နိုင်ငံတိုင်းမှာ အပတ်စဉ် လုပ်နေဖို့ များပါတယ်။ နိုင်ငံခြားရောက် စစ်အုပ်စုခေါင်းဆောင်တွေရဲ့ သားသမီးတွေ အဆက်တွေကို ဖော်ထုတ် အရေးယူနိုင်ဖို့ကိုလည်း ဆွေးနွေးနေကြတယ်။ ပြည်ပရောက် မြန်မာသံရုံးတွေက စစ်အုပ်စုလက်အောက်ကနေ ရုန်းမထွက်နိုင်ကြတော့ ပြည်ပရောက် မြန်မာတွေ စိတ်ဆိုးနေကြတယ်။ သူတို့ဘက်ကလည်း အစွမ်းကုန် အားထုတ်နေကြတယ်။ သူတို့လည်း အဝေးကန်တင်ဘောတွေ မပို့နိုင်ရင်တောင်မှ ထောက်ပံ့ရေး အားပေးရေး ပိတ်ဆို့ရေးတွေအတွက် ပြည်ပကမြန်မာတွေ တစည်းတလုံးတည်းရှိနေတာကို ပြည်တွင်းက မြန်မာတွေကို သိစေချင်ပါတယ်။

လက်ရှိအနေအထားမှာ လမ်းပေါ်သပိတ်နဲ့ ဝန်ထမ်းသပိတ် ဆော်ဩကြ၊ ဆန္ဒထုတ်ဖော်ကြ၊ လှုံဆော် စည်းရုံးကြ၊ ဟောပြောကြလုပ်နေကြတဲ့ ခေါင်းဆောင်တွေ အစုအဖွဲ့တွေဟာ အားရစရာ။ ပြည်သူတွေက နောက်ကနေ ကြံ့ကြံ့ခံ ရပ်တည်ပေးကြတာလည်း အလွန် ကြည်ညိုစရာ ကောင်းလှတယ်။ နေ့ရော ညရော သတိဝီရိယနဲ့ အထွေထွေသပိတ်တိုက်ပွဲကြီးကို ကြံ့ကြံ့ခိုင်ခိုင် တိုက်နေကြတာ ဖြစ်ပါတယ်။

သည်အချိန်မှာ စစ်အုပ်စုဘက်က ဆိုက်ဝါးတွေအပြင် ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပြီး ပုတ်ခတ်တာတွေ ထွက်လာတယ်။ မြေပြင်မှာလည်း လိုက်လံ ဖမ်းဆီးတာ နှိမ်နင်းတာ အကြမ်းဖက်တာတွေ ဆက်ကျုးလွန်နေတယ်။ ညဖက်မှာ တိတ်တဆိတ်ခြေလှမ်းတွေကို မည်သူကမှ မမြင်တွေ့နိုင်ကြဘူးလေ။ သူတို့ဘက်ရပ်တည်တဲ့ ဝန်ထမ်းတွေ ပါတီတွေ လူပုဂ္ဂိုလ်တွေ ပညာရှိတွေကိုလည်း ပွဲထုတ်ပြီးရင်း ထုတ်ရင်းပဲ။

နောက်ခြေလှမ်းကတော့ ရိက္ခာစု လောင်စာဆီတွေ စုထားတာကို စစ်တပ်က ပြောင်ပြောင်ပဲ လုပ်နေတယ်။ ရိုက်တာသတင်းက လောင်စာတင်သွင်းတာ တန့်နေတယ်၊ ၂လပဲ လက်ကျန်ရှိမယ် ဆိုထားတယ်။ ပြည်သူတွေကို အင်တာနက်ဖြတ်၊ မီးဖြတ်၊ ရေဖြတ်၊ လောင်စာဖြတ်၊ စားသောက်ကုန်တွေ ဖြတ်တောက်နိုင်အောင် စစ်အုပ်စုက လုပ်နေမှာ သေချာပါတယ်။

လွှတ်တော်ကိုယ်စားပြုကော်မီတီဆီက ဒီထက်ပိုပြီး မြန်ဆန်ပြတ်သားတဲ့ ခေါင်းဆောင်မှုတွေ အလုပ်တာဝန်ထမ်းဆောင်မှုတွေကို ပြည်သူတွေက အများကြီး မျော်နေကြပါတယ်။ မင်းကိုနိုင်က ဆိုရှယ်မီဒီယာတွေ အသံလှိုင်းတွေကနေ လူထုနဲ့ရပ်တည်ပြီး အာဏာရှင်တွေကို ဖီဆန်တယ်၊ လူထုနဲ့ လူငယ်တွေကို အားပေးတယ်။ လူထုအသံကို ကိုယ်စားပြုတယ်။ သည်လိုမျိုးပဲ လွှတ်တော်ကိုယ်စားပြုကော်မီတီက ခေါင်းဆောင်တွေကလည်း သည်ထက် အသံကျယ်ကျယ် ထွက်လာဖို့ မျော်နေကြတာ သေချာပါတယ်။ ပြည်တွင်းကော ပြည်ပက မြန်မာတွေက မျော်နေကြတာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဦးဝင်းထိန်ကြီးကတောင် ငါ့ကို ထောင်ချမယ်ဆို အချိန်ဆွဲမနေနဲ့ အခုချက်ခြင်း မြန်မြန်ထောင်ချလိုက်လို့ ကြုံးဝါး စိန်ခေါ်လိုက်တယ်ဆိုတာ ဘယ်လောက်တောင် အားရှိစရာကောင်းတဲ့ လုပ်ရပ်လဲ။ အားလုံးက အာဏာဖီဆန်ပြီး ရဲရဲကြီး စိန်ခေါ်နေကြတာပါ။

အင်န်အယ်ဒီပါတီကလည်း သည်အချိန်ကို အခွင့်ကောင်းယူပြီးတော့ မိတ်ဆွေများ မဟာမိတ်များ တိုင်းရင်းသားညီအကိုမောင်နှမ အဖွဲ့အစည်းများနဲ့ ချိတ်ဆက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်တာတွေ အရှိန်မြင့်ကြလိမ့်မယ် ထင်ပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေက ဟန်ပြ လူမွေး တိုင်းရင်းသားတွေကို သွေးခွဲ ကြုံးသွင်းနေတာတွေ လုပ်နေတာဟာ အတုအယောင်တွေဖြစ်ပြီး ဒီမိုကရေစီအင်အားစုတွေအချင်းချင်း မိတ်ဆွေဖြစ်မှု မဟာမိတ်ဖြစ်မှုတွေဟာ အစစ်အမှန်တွေဖြစ်တယ်ဆိုတာ ပိုတိုးပြီး သက်သေပြကြရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက ဘယ်ဘောလုံးပရိသတ်တွေနဲ့ တူသလိုဆိုတော့ MU Fan တွေ နဲ့ တူပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် မန်ချက်စတာယူနိုက်တက်ပဲ။ MU ဆိုတာကလည်း လူကောင်းတွေချည်းနဲ့ ဖွဲ့ထားပြီး အသင်းလိုက်ကစားနိုင်တဲ့အပြင် ဂိုးသွင်းကောင်းတဲ့အသင်းတခုပဲ မဟုတ်လား။ သည်လိုပဲ မြန်မာပြည်နိုင်ငံအရေးမှာ ဂိုးသွင်းနိုင်တဲ့အသင်းကို ပြည်သူတွေ ချစ်နေ အားကိုးနေကြတာ သိသာထင်ရှား သက်သေပြနိုင်ဖို့ အချိန်ကျလို့ နေပါပြီ။