Breaking News

မောင်ထိန်လင်း(မြို့သာ) - တချို့က နေစိမ့်တယ်



မောင်ထိန်လင်း(မြို့သာ) - တချို့က နေစိမ့်တယ်

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁

တချို့က နေစိမ့်တယ်
သူ့ခွေးက ဟောင်နေတာတောင် နေစိမ့်တယ်
သူခိုးမဟုတ်လို့ ကြောက်စရာမလိုဘူး
ပြောရအောင်
ခွေးက သူခိုးနံ့ အနံ့ခံနိုင်လား။

တချို့က နေစိမ့်တယ်
သူ့ခွေးက လမ်းဘက်ထွက်လာတာတောင် နေစိမ့်တယ်
မကိုက်တတ်ဘူး ဟောင်ရုံဟောင်တာလို့
ပြောရအောင်
ခွေးမှာ အစွယ်တွေ၊ သွားတွေ မပါဘူးလား။

တချို့က နေစိမ့်တယ်
သူ့ခွေးက နောက်က လိုက်ဆွဲနေတာတောင် နေစိမ့်တယ်
ခွေးပဲဗျာ ဘာသိတာမှတ်လို့
ပြောရအောင်
လူက ငြိမ်ခံနေရမှာလား။

တချို့က နေစိမ့်တယ်
သူ့ခွေးက လည်မြိုတက် ကိုက်နေတာတောင် နေစိမ့်တယ်
လေ့ကျင့်ထားပေမယ့်
အမိန့်ပေးထားတာ မဟုတ်ဘူးတဲ့
ပြောရအောင်
ခွေးက လူမို့လို့လား။

တချို့က နေစိမ့်တယ်
အတော့်ကို နေစိမ့်တယ်
တကယ့်ခွေးတွေ။

မောင်ထိန်လင်း(မြို့သာ)
၂၀.၂.၂၀၂၁ မနက် ၉နာရီ ၄၉မိနစ်။