Breaking News

ဒီခေတ် - ၂၀၂၁ လူထုတိုက်ပွဲ နဲ့ လူထုလမ်းစဉ်



ဒီခေတ် - ၂၀၂၁ လူထုတိုက်ပွဲ နဲ့ လူထုလမ်းစဉ်

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁

နိုင်ငံရေးမှာလည်း ပကတိလက်တွေ့နဲ့ စိတ်ကူးယဉ်မှု ဆိုပြီး ရှိတာပါပဲ။ စိတ်ကူးယဉ်မှုဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် ပကတိလက်တွေ့အချက်အလက်တွေအပေါ်မှာ အခြေခံတဲ့ စိတ်ကူးယဉ်မှုဖြစ်ဖို့ လိုပါတယ်။ ကိုယ်ဖြစ်ချင်တာတွေအပေါ်မှာ၊ ကိုယ်မဖြစ်စေချင်တာတွေအပေါ်မှာ အခြေခံတဲ့ စိတ်ကူးယဉ်မှု ဖြစ်လို့မရပါဘူး။ ပကတိလက်တွေ့အပေါ်မှာ အခြေမခံတဲ့ စိတ်ကူးယဉ်မှု ဖြစ်ခဲ့ရင် မူဝါဒ စဉ်းစားဆုံးဖြတ်သူနေရာကဆိုရင် အကောင်အထည်ဖော်လို့မရတဲ့၊ အမှန်တရားနဲ့ကင်းလွတ်တဲ့ အစွန်းထွက်မူဝါဒတွေ ချမှတ်မိပါလိမ့်မယ်။
အမှန်တရားဆိုတာ အစွန်းလွတ်ပါတယ်။ နိုင်ငံရေးမှာ လက်ဝဲစွန်းပဲဖြစ်ဖြစ်၊ လက်ယာစွန်းပဲဖြစ်ဖြစ် စွန်းနေရင် အဲဒီ့ လမ်းစဉ်မူဝါဒ၊ လုပ်နည်းလုပ်ဟန်တွေဟာ မှားယွင်းနေပြီဆိုတာ သေချာပါတယ်၊ လူထုလမ်းစဉ်လည်း မဖြစ်တော့ပါဘူး။

ဒီနေ့ အရေးတကြီးလိုအပ်ချက်ကတော့ ၂၀၂၁ ဖေဖေါ်ဝါရီ လူထုတိုက်ပွဲရဲ့ အစွန်းလွတ်နိုင်ငံရေး လမ်းစဉ်တရပ်ကို ဘယ်လို ချဉ်းကပ် ဖော်ထုတ်မလဲ ဆိုတာပါပဲ။

မဟာဗျူဟာ နဲ့ နည်းဗျူဟာ (Strategy and Tactic)

(Strategy and Tactic ကို သေနင်္ဂဗျူဟာ နဲ့ နည်းပရိယာယ်ဆိုတဲ့အသုံးအနှုန်း ပိုကြိုက်ပေမယ့် လူအများကြားမှာ ချက်ချင်း အလွယ်တကူသိပြီးဖြစ်တဲ့ မဟာဗျူဟာ နဲ့ နည်းဗျူဟာဆိုတဲ့အသုံးကိုပဲ သုံးပါမယ်။)
နိုင်ငံရေးပြောရင် သမိုင်းဖြစ်စဉ်သဘောကို ထည့်မပြောလို့ မရသလို၊ နိုင်ငံရေးအတွေးအခေါ် အယူဝါဒတွေလည်း ပါလာပါတယ်။

ယုံကြည်သက်ဝင်ကြတဲ့ နိုင်ငံရေးအယူဝါဒတွေလိုက်လို့ နိုင်ငံတနိုင်ငံကို ရောက်ရှိစေချင်တဲ့ အနေအထားတရပ် ရောက်အောင် ပုံဖေါ်လျှောက်လှမ်းကြပါတယ်။ ရောက်ရှိစေချင်တဲ့အနေအထားတရပ်ဖြစ်တဲ့ အန္တိမရည်မှန်းချက်ကို မဟာဗျူဟာ မြောက်ရည်မှန်းချက် (Strategic Goal) လို့ဆိုနိုင်ပါတယ်။ သမိုင်းဖြစ်စဉ်သဘောအရ မဟာဗျူဟာမြောက်ရည်မှန်းချက်ကို ချက်ချင်း တန်းရောက်သွားအောင် လုပ်လို့ မရပါဘူး။ နည်းဗျူဟာ အဆင့်ဆင့်နဲ့ ဖြတ်သန်းသွားရတာပါ။

နည်းဗျူဟာအဆင့်တခုရဲ့အကျိုးဆက်တိုင်းဟာ နောက်နည်းဗျူဟာအဆင့်တခုရဲ့အကြောင်းတရားတွေအဖြစ် ချိတ် ဆက်သွားပြီး၊ နောက်ဆုံးမှာ မဟာဗျူဟာမြောက် နည်းဗျူဟာအဆင့်ကို ရောက်ပါတယ်။

လူထုလမ်းစဉ်

လူထုလမ်းစဉ်ဆိုတာ ဒီနေ့ အသုံးများနေကြတဲ့ public policy ဆိုတဲ့အသုံးအနှုန်းထက်၊ mass line ကို ဆိုလိုတာပါ။ လူထုအများစု လက်ခံတဲ့လမ်းစဉ်ကို ဆိုချင်တာပါ။ လူထုလမ်းစဉ်မှာ အရေးကြီးဆုံးအချက်က လူထုထံက လာတာဖြစ်ဖို့ပါပဲ။ ဒါကြောင့်လည်း ပြည်သူလူထုဘက်က ရပ်တည်သူတွေရဲ့လူထုလမ်းစဉ်ဆိုတာ "လူထုထံမှ လူထုထံသို့" ပြန်သွားတဲ့လမ်းစဉ်ဖြစ် ပါတယ်။ လူတယောက်၊ လူတစု၊ ပါတီအဖွဲ့အစည်းတခုက ကိုယ်ဘာသာကိုယ် ဖြစ်သင့်တယ်လို့ထင်တဲ့ လမ်းစဉ်မူဝါဒတွေကို လူထုလမ်းစဉ်လို့ မခေါ်နိုင်ပါဘူး။ အဲဒီ့လမ်းစဉ်ဟာ လူတစုလမ်းစဉ်၊ အဖွဲ့အစည်းတခုရဲ့ လမ်းစဉ်ပဲဖြစ်မှာပါ။

လူထုလမ်းစဉ်ဖြစ်ဖို့ အဓိအားဖြင့် အချက်(၃)ချက် အရေးကြီးပါတယ် -
၁) လူထုအသံကို ယူရမယ်။
၂) မဟာဗျူဟာ နဲ့ နည်းဗျူဟာအဆင့်တွေကို ခွဲခြားရမယ်။
၃) အမြင့်ဆုံးဖြစ်နိုင်ခြေ နဲ့ အနိမ့်ဆုံးဖြစ်နိုင်ခြေ တွက်ချက်ရမယ်။

ဒီနေ့လူထုတိုက်ပွဲ နဲ့ လူထုလမ်းစဉ်
လက်ရှိဖြစ်ပေါ်နေတဲ့ ၂၀၂၁ လူထုတိုက်ပွဲနဲ့ လူထုလမ်းစဉ်ကို ဖော်ထုတ်နိုင်ဖို့အတွက် အခုပြောခဲ့တဲ့အချက်(၃)ချက်ကို အခြေခံရပါမယ်။

၁) လူထုအသံ
ဒီနေ့ နိုင်ငံတနံတလျားမှာ ဖြစ်ပေါ်နေတဲ့ အထွေထွေသပိတ် လူထုလှုပ်ရှားမှုရဲ့ နိုင်ငံရေးကြွေးကြော်သံတွေလို့ ဆိုနိုင်တဲ့ လူထုအသံတွေရှိပါတယ်။ (အမေစု)ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ မတရားဖမ်းဆီးခံများ လွှတ်ပေး ရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ မဲပေးခဲ့တာ NLD၊ သမ္မတကြီး ဦးဝင်းမြင့်အစိုးရ ငါတို့အစိုးရ၊ Respect Our Votes ဆိုတာတွေက လူထုထဲက ထွက်ပေါ်လာတဲ့အဓိကကြွေးကြော်သံတွေပါ။
လူထုကြွေးကြော်သံတွေကို နိုင်ငံရေးအရ ပြန်ဖော်ပြရရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အသိအမှတ်ပြုရေး၊ မဲရလဒ်နဲ့အညီ တရားဝင်အစိုးရကို အသိအမှတ်ပြုရေး၊ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖျက်သိမ်း ရေးတို့ပဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

၂) မဟာဗျူဟာရည်မှန်းချက် နဲ့ နည်းဗျူဟာအဆင့်
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေး ကောက်ပွဲရလဒ်တွေကို ဆုတ်ကိုင်ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအောက်၊ စစ်အာဏာရှင်စနစ်အောက်က လွှတ်တော်နိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံရေးလုပ်ရ၊ အစိုးရလုပ်ရတာပါ၊ ဒါကြောင့်လည်း စစ်တပိုင်းအစိုးရဆိုတဲ့အသုံးအနှုန်း ပေါ်လာ တာပါ။

ဒီနေရာမှာ အထူးသတိထားရမယ့်ကိစ္စကတော့ အခုကျူးလွန်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဆိုတာကိုက ၂၀ဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးမှ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ဝင်တဲ့ စစ်အာဏာသိမ်းအုပ်ချုပ် ရေးပါ။

ဒါကြောင့် ဒီအခင်းအကျင်းကြီးတခုလုံးဟာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၊ စစ်အာဏာရှင်စနစ် အောက်မှာဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းပါ။

ဒါဆိုရင် ဒီနေ့ လူထုလှုပ်ရှားမှုကရော ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲ။

ဒီနေ့လူထုအသံနဲ့ ရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်အရ၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးဟာ မဟာဗျူဟာရည်မှန်းချက်ဖြစ်ကြောင်း ထင်ထင်ရှားရှားပေါ်လွင်သွားပါပြီ။ တချိန်တည်းမှာ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ရင်ကြားစေ့ရေးနည်းနာတွေနဲ့လည်း စစ်အုပ်စုဟာ ဘယ်လိုမှ မယဉ်ပါးနိုင်ဘူးဆိုတာ ရွေးကောက်ပွဲအနိုင်ရ အစိုးရတရပ်ကို အာဏာသိမ်းပြလိုက်ခြင်းနဲ့ သက်သေထူပြခဲ့ပါပြီ။

စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးဟာ အကျုံး ဝင်ပါတယ်။ ဒီနေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့လိုအပ်ချက်အရ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပြီး တည်ဆောက်ရ မှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းဖို့ပါပဲ။

ဒီနေရာမှာ ဆန်းစစ်ရမှာက မဟာဗျူဟာရည်မှန်းချက်ကို အောင်မြင်ရရှိဖို့အတွက် ဒီနေ့ရောက်ရှိနေတဲ့ တိုက်ပွဲ အဆင့်ဟာ မဟာဗျူဟာမြောက် နည်းဗျူဟာအဆင့်ဖြစ်နေပြီလား၊ ဒါမှမဟုတ် ရှေ့ဆက်သွားရဦးမယ့် နည်းဗျူဟာ အဆင့်တဆင့်လား ဆိုတာပါပဲ။

၃) အမြင့်ဆုံးဖြစ်နိုင်ခြေ နဲ့ အနိမ့်ဆုံးဖြစ်နိုင်ခြေ

ဖြစ်နိုင်ခြေတွေကို မတွက်ချက်ခင်မှာ ရှစ်လေးလုံးလူထုဒီမိုကရေစီအရေးတော်ပုံကြီး အဆုံးသတ်အောင်ပွဲ မရခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ကြည့်ဖို့လိုပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ လူထုအခန်းကဏ္ဍက အတိုင်းထက်အလွန် လုံလောက်ပါတယ်။ ရှစ်လေးလုံး အထွေထွေသပိတ်ကြီးဟာ ပြည်သူတရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ကြရုံတင်မက၊ အခု လှုပ်ရှားမှုမှာ အရေးကြီးနေတဲ့ CDM လှုပ်ရှားမှုလိုမျိုး၊ ရှစ်လေးလုံးအထွေထွေသပိတ်ကာလတုန်းက အလုပ်သမားတွေ၊ ဝန်ထမ်းတွေ မဆလအစိုးရကို အာခံတဲ့လှုပ်ရှားမှုဟာ အစိုးရယန္တရား ရပ်သွားရုံတင်မက၊ တချို့အစိုးရယန္တရားတွေဟာ အထွေထွေသပိတ်ရဲ့ယန္တရား၊ လူထုယန္တရားအဖြစ်ပါ ပြောင်းလဲသွားတာပါ။ လူထုလှုပ်ရှားမှုရဲ့အပိုင်းက တော်လှန်ရေး တရပ်အတွက် ပြည့်စုံလုံလောက်ခဲ့ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီး အဆုံးသတ်အောင်ပွဲ မရခဲ့တဲ့အကြောင်း တွေက လုံလောက်တဲ့ ခေါင်းဆောင်မှုမရခဲ့တာ၊ နိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ သက်ဆိုင်တဲ့ အင်အားစုတွေအားလုံး ညီညီညွတ်ညွတ် နဲ့ ဟန်ချက်ညီမလှုပ်ရှားနိုင်ခဲ့ကြတာ အဓိကအကြောင်းတွေ ဖြစ်ခဲ့ပါတယ်။

အတိတ်သင်ခန်းစာတွေနဲ့ လက်ရှိအခြေအနေရဲ့ပကတိလက်တွေ့အပေါ်မှာ သုံးသပ်ရရင် ဒီနေ့ ၂၀၂၁ လူထု လှုပ်ရှားမှုကြီးမှာလည်း အရေးကြီးလိုအပ်နေတာက အားကောင်းတဲ့ခေါင်းဆောင်မှု တည်ဆောက်နိုင်ရေး နဲ့ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ အင်အားစုတွေအားလုံး လုံလောက်တဲ့ညီညွတ်မှုနဲ့ ဟန်ချက်ညီ ဆက်စပ်လှုပ်ရှားကြရေး ပါပဲ။

အားကောင်းတဲ့ခေါင်းဆောင်မှု နဲ့ အင်အားစုတွေအားလုံး ဟန်ချက်ညီဆက်စပ်လှုပ်ရှားနိုင်တဲ့ ဒီဂရီ အနိမ့် အမြင့် လိုက်လို့ ၂၀၂၁ လူထုလှုပ်ရှားမှုကြီးရဲ့ အမြင့်ဆုံးဖြစ်နိုင်ခြေနဲ့ အနိမ့်ဆုံးဖြစ်နိုင်ခြေတွေ ပေါ်ထွက်လာမှာပါ။
အမြင့်ဆုံးဖြစ်နိုင်ခြေက မဟာဗျူဟာရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းပြီး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲနိုင်တာပါပဲ။

အနိမ့်ဆုံးဖြစ်နိုင်ခြေက ၂ ခု ရှိနေပါတယ်။ တခုက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ စစ်အုပ်စုကြား နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာပါလိမ့်မယ်။ နောက်တခုကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အောက်ကသာ မက၊ စစ်အုပ်စုစိတ်တိုင်းကျ ခင်းကျင်းတဲ့ ပါတီစုံလွှတ်တော်နိုင်ငံရေး ပြန်ပုံဖော်မှာပါပဲ။ ဘာဘဲဖြစ်ဖြစ် အနိမ့်ဆုံး ဖြစ်နိုင် ခြေတွေသာ ဖြစ်ပေါ်ခဲ့ရင် လူထုလိုလားတဲ့ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးအတွက် နည်းဗျူဟာ နောက်တဆင့် တက်ပြီး ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။

အခြေအနေတရပ်ကို တွက်ချက်တဲ့အခါ ဖြစ်နိုင်ခြေများ နဲ့ အမှန်တကယ်ဖြစ်နိုင်ခြေ (possibilities and reality) ဆိုပြီး တွက်ချက်ပါတယ်။

ဒီနေ့ ၂၀၂၁ လူထုလှုပ်ရှားမှုကြောင့် ပေါ်ထွက်လာတဲ့ ဖြစ်နိုင်ခြေတွေက အများကြီး ရှိနေပါတယ်။ အဲဒီ့ ဖြစ်နိုင် ခြေတွေထဲကမှ အမှန်တကယ်ဖြစ်နိုင်ခြေကဘာလဲဆိုတာ တွက်ချက်နိုင်ဖို့ လိုပါတယ်။ ဖြစ်စေချင်တာတွေ၊ ဖြစ်သင့် တာတွေ၊ စိတ်ဆန္ဒစွဲတွေအပေါ်မှာ ကြွေးကြော်သံတွေ လုပ်ငန်းစဉ်တွေ ချမှတ်လို့ မအောင်မြင်နိုင်ပါဘူး။ အမှန်တကယ် ဖြစ်နိုင်ခြေအပေါ်မှာပဲ လူထုအသံပါတဲ့၊ မဟာဗျူဟာ နဲ့ နည်းဗျူဟာအဆင့်တွေ ခွဲခြားထားတဲ့၊ လူထုလမ်းစဉ်နဲ့ ကိ်ုက်ညီ တဲ့ လုပ်ငန်းစဉ်တွေကို ချမှတ် ပြင်ဆင် လုပ်ဆောင်ကြရပါလိမ့်မယ်။ ။

ဒီခေတ်