Breaking News

စိမ်းစို - လူထု ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင် စနစ်ကို အဆုံးသတ် နိုင်မှာလား

Photo- Chan Mya( Mandalay)

လူထု ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင် စနစ်ကို အဆုံးသတ် နိုင်မှာလား
စိမ်းစို
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁

ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲများနှင့် သပိတ်မှောက်မှုများက မြန်မာစစ်တပ် ၏ လူထုလှုပ်ရှားမှု များအား ငြိမ်သက်သွားစေရန် အားထုတ်မှုများအား ဖီဆန်နိုင်ခဲ့ကြပါသည်။
ယခု တနင်္လာနေ့တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ ဖြစ်ပွားခဲ့သည့် လူထုသန်းနှင့်ချီ၍ ပါဝင်ဆင်နွှဲ ခဲ့ကြသည့် ဆန္ဒပြမှု များက စစ်အာဏာရှင်စနစ်နှင့် လုံးဝ ထိပ်တိုက် တွေ့ဆုံနိုင်ခဲ့သည်အထိ အားကောင်းခဲ့ပါသည်။
တက်ကြွလှုပ်ရှားသူများ၏အဆိုအရ နိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့ နှင့်တကွ အပြင်အပရှိ အခြားမြို့ကြီးများ နှင့် မြို့ငယ်များ၏လမ်းများပေါ်တွင် ရှိနေခဲ့သော လူထုတစ်ရပ်လုံး၏အရေအတွက်သည် အလွန်များပြားကြောင်း သိခဲ့ရပါသည်။
ထွက်ပေါ်လာသော ဓာတ်ပုံ အထောက်အထား များတွင် တွေ့ရသည့် အနီရောင်ဆိုင်းဘုတ်များကိုင်ဆောင်ပြီးလုပ်ငန်းခွင်သုံး ဦးထုပ်များဆောင်းထားသည့် လူပင်လယ်ကြီးမှာ မျက်စိတစ်ဆုံးမျှ ရှည်လျားများပြား လှပါသည်။
ဆန္ဒပြသူများထဲတွင် သက်ဆိုင်ရာ ဌာနများမှ အလုပ်သမားအစုအဖွဲ့အသီးသီး ာမက လူထုလူတန်းစား အလွှာစုံမှ ပြည်သူများ ပါဝင်ခဲ့ကြသည် ကို တွေ့ကြရပါသည်။ စီးပွားရေး လုပ်ငန်းများနှင့် ဈေးဆိုင်ကန္နားများမှာလည်း ပိတ်ထားခဲ့ကြပါသည်။ ထို့ပြင် လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ် အရေအတွက်မှာလည်း ဆန္ဒပြပွဲများအား ထောက်ခံမှု ပြသသည့် အနေဖြင့် အနည်းငယ်မျှသာ ရှိနေခဲ့ပါသည်။

မြင်တွေ့ခဲ့ရသည့် ဆန္ဒပြမှုများ၏ပမာဏမှာ ယခု လဆန်းပိုင်းတွင် တိုင်းပြည်၏ အာဏာ ကို သိမ်းယူခဲ့သည့် စစ်အစိုးရ တုန်လှုပ်လောက်သည့် အတိုင်းအတာ ဖြစ်ပါသည်။ သို့သော် လူအတော်များများက ယခုကဲ့သို့ ကြီးမားကျယ်ပြန့် သည့် လူထုှဆန္ဒဖော်ထုတ်မှုများက စစ်ဗိုလ်ချုပ်များ၏ လက်တုံ့ပြန်မှုကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်မည်ကို စိုးရွံ့နေကြပြန်ပါသည်။
ယခင်သီတင်းပတ်ကမူ တိုင်းပြည်၏ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးတွင် ဆန္ဒပြမှုများကို အာဏာ ပိုင်များက လက်ဖြောင့်တပ်သားများကို အသုံးပြုသည် အထိ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ပြီး လူနှစ်ဦးထက်မနည်းသေဆုံး၍ လူအယောက်သုံးဆယ်(၃၀)ထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပါသည်။
သေဆုံးခဲ့သူတွေထဲကတစ်ယောက်မှာ အသက်ဆယ့်ခြောက် (၁၆)နှစ်သာ ရှိသေးသော လူငယ်လေးတစ်ဦး ဖြစ်ပါသည်။ ယခုအခါတွင်မူ သူ့ကိုပစ်သတ်ခဲ့သော လက် ဖြောင့်တပ်သား၏ အခင်းဖြစ်သောနေရာတွင် ရိုက်ယူရရှိခဲ့သော ဓာတ်ပုံကိုပလက်ဖောင်းများပေါ်တွင် ပြန့်ကြဲနေသော ပိုစတာများပေါ်တွင် တွေ့နိုင်ပါသည်။ ပိုစတာပေါ်တွင်မူ ‘အရပ်သားများကို စနိုက်ပါ ဖြင့် ပစ်သတ်ခဲ့သော သွေးဆာနေသည့် လူသတ်သမားက လူမဆန်စွာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကို ဘယ်တော့မှ မေ့ပျောက်ခြင်း ခွင့်လွှတ်ခြင်း ပြုလိမ့်မည်မဟုတ်’ ဟု အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထားပါသည်။
လမ်းများပေါ်ရှိ ဂစ်တာသမားများက နာမည်ကြီး တော်လှန်ရေးသီချင်း ဖြစ်သည့် ‘သွေးသစ္စာ’ သီချင်းကို တီးခတ်သီဆိုနေစဉ်မှာပင် ဆန္ဒပြ ချီတက်သွားလာသူများက ယင်း စစ်သား၏ ဓာတ်ပုံအပေါ်မှ ရည်ရွယ်ချက်ရှိရှိ နင်းဖြတ်၍ သွားလာနေကြပါသည်။
အမှန်စင်စစ် တွင်မူ ရဲများနှင့် စစ်သားများသည် ယခုထက် များစွာ သွေးမြေကျစေမည့် အကြမ်းဖက်နှိမ်နင်း မှု များကို ပြုလုပ်နိုင်သည် ကို အားလုံးက သိကြပြီး ဖြစ်ပါသည်။ ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်ဆိုးရွားသည့် နှိမ်နင်းသတ်ဖြတ်မှု များကို အားလုံးက သတိရနေကြဆဲ ဖြစ်ပါသည်။
ရန်ကုန်မြို့၏ အချက်အချာကျသော နေရာနှစ်နေရာတွင်မူ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို လူစုခွဲရန် ကြိုးစားခဲ့ပါသည်။ ကိုင်ဆောင်ထားသည့် ဒိုင်းလွှားများကို နံပါတ်တုတ် များဖြင့် ရိုက်နှက်ကာ ဟစ်အော်သံများ ပေး၍ ရဲများက အတန်းလိုက် ရှေ့တိုး ခြောက်လှန့် သည်တွင် ဆန္ဒပြသူများ ပြိုကွဲ၍ အလျင်အမြန် လူစုခွဲသွားကြ ပါသည်။
ရဲများက လေးဘက်လေးတန်မှ ဝိုင်းရံပိတ်ဆို့ထားသည့် ဖြုတ်ချခံထားရသော နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏အိမ်နားတွင် ရှိသော တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်တွင်မူ ထောင်နှင့်ချီသည့် လူအုပ်ကြီးက ထိုင်သပိတ် ဆင်နွှဲနေခဲ့ကြပါသည်။
သို့သော် နေ့လယ်ဘက်တွင်မူ ဆန္ဒပြပွဲကို စီမံခန့်ခွဲ နေသူများက ယနေ့အဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှု အောင်မြင်ပြီ ဖြစ်သောကြောင့် ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်နှိမ်နင်းမှုများကို ရှောင်လွှဲနိုင်ရန် လူစုခွဲကြတော့မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
ဆန္ဒပြသူများ ၏ အကြမ်းဖက်ဖြိုခွဲ ခံရမည် ကို စိုးရွံ့မှုများ ကို ကောင်းစွာ နားလည်နိုင်ပါသည်။ သို့သော် ထိုကဲ့သို့ ခြိမ်းခြောက်ခံနေရခြင်း အား တုံ့ပြန်နိုင်မည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိခြင်း မရှိသရွေ့စစ်အစိုးရ သည် အာဏာအား ဆက်လက် ဆုပ်နိုင်ထားနိုင်ဦးမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဆန္ဒပြမှု များအား ဆက်လက် ပြုလုပ်ရန် နှင့် ထို ဆန္ဒပြမှု များအား နှိမ်နင်းခံရခြင်းမှ ကာကွယ်ရန် မှာ မရှိမဖြစ် လိုအပ်သော ကနဦး ခြေလှမ်းတစ်လှမ်း မျှသာ ဖြစ်ပါသည်။
ယခု ဖြစ်ပွားနေသော လူထုလှုပ်ရှားမှု အတွက် နောက်ထပ်အန္တရာယ်တစ်ခု ရှိနေပါသေးသည်။
ယခုအခါ လမ်းပေါ်တွင် ရှိနေသော လူအတော်များများက ကုလသမဂ်ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် ဝင်ရောက် စွက်ဖက်ပါရန် တောင်းဆိုနေကြပါသည်။
သို့သော်  မြန်မာနိုင်ငံ သည် ကမ္ဘာ့အင်အားကြီး နိုင်ငံများအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပြင် တရုတ်နိုင်ငံ နှင့် ထိစပ်နေသည့် ဗျူဟာကျသော ပထဝီဝင် အနေအထားမှအပ မက်လောက်စရာမရှိဘဲ ဖြစ်နေပါသည်။ စင်စစ်အားဖြင့် ယင်းအင်အားကြီးနိုင်ငံများအား မြန်မာ့ဒီမိုကရေစီရေးအတွက် အားကိုးလောက်စရာ အင်အား စုများအနေဖြင့် မျှော်မနေကြပါရန် အရေးကြီးပါသည်။

https://socialistworker.co.uk/art/51368/Mass+strike+in+Myanmar+can+shake+the+military?fbclid=IwAR1YZLW-Rulo-jL00rJudQR1Dor_m5Nv4URytGiaUnwpBhqJU6KFZKYn55s  ကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်။

စိမ်းစို