Breaking News

ကျော်မော် - (CDM) ပြည်သူ့လှုပ်ရှားမှုကြီးနဲ့ အလားအလာ ၂ ရပ်

BBC Photo - Funeral Service for Mya Thwe Thwe Khine, killed by police in Nay Pyi Daw


မောင်ကျော်မော် - (CDM) ပြည်သူ့လှုပ်ရှားမှုကြီးနဲ့ အလားအလာ ၂ ရပ်

(မိုးမခ) ဖေဖေါ်ဝါရီ၂၁၊ ၂၀၂၁

၁။ ဒီကနေ့ လူတန်းစားလူ့အလွှာစုံက ပြည်သူများ ပါဝင်လှုပ်ရှားနေကြတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးဟာ ဗိုလ်မင်းအောင် လှိုင် စစ်အုပ်စုရဲ့ ‘ဖေဖေါ်ဝါရီလ ၁ ရက်’ အာဏာသိမ်းမှုကနေ တိုက်ရိုက်ပေါ်ထွက်လာတဲ့ အကျိုးဆက်ရလဒ်ဖြစ်ပါတယ်။ ‘အာဏာသိမ်းမှု’ သာမပေါ်ပေါက်ခဲ့သော် ဒီလှုပ်ရှားမှုကြီး အခုလို ဗြုံးစားကြီးပေါ်ထွက်လာစရာ အကြောင်းအချက်မရှိနိုင်ပါ။ ‘မသမာသူ လူတစ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်’ ဒီကနေ့ ပြည်သူ့လှုပ်ရှားမှုကြီးပေါ်ပေါက်လာရတာလို့ အာဏာသိမ်း စစ်အုပ်စုက ပြောဆိုနေသည်မှာ အင်မတန် အရှက်ကင်းမဲ့ပြီး ရယ်ဖွယ်ကောင်းလေစွ။

၂။ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးရဲ့ ထင်ရှားတဲ့ တောင်းဆိုချက်က ၂ ခုက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ ‘၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်’ ကို ထိန်းသိမ်းကာကွယ်ပြီး ထိုရလဒ်အတိုင်း မလွဲမသွေ ဆက်လက် အကောင်အထည်ဖော်ရေးဖြစ်ပါတယ်။

၃။ ထို ၂ ချက်ကို အကောင်အထည်ဖော်ရေး လက်တွေ့ကြွေးကြော်သံအဖြစ် ‘ ရုံးမတက်နဲ့ရုန်းထွက်’ ဆိုတာကို ကြွေးကြော် ရင်း ဝန်ထမ်းအားလုံး လှုပ်ရှားမှုထဲပါဝင်လာကာ အုပ်ချုပ်ရေးယန္တရား လုံးလုံးလျားလျား ရပ်ဆိုင်းသွားအောင် လှုံ့ဆော် စည်းရုံး နေခြင်းဖြစ်ပါတယ်။ ယခုထိုလှုပ်ရှားမှုကြီးဟာ အာဏာသိမ်းသည်ကနေ စတင်ရေတွက်လျှင် ရက်ပေါင်း ၂၀ ကျော် မျှ ရှိလာခဲ့ပြီ။

၄။ ယခုအခါ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ပြည်သူများ အသက်ဆုံးရှုံးရမှု သွေးမြေကျရမှု တွေ တစတစတိုးများလာခဲ့ပြီ။ ပြည်သူမနာသော - ပြည်သူတွေအသက်မပေးရသော အရေးတော်ပုံဟူ၍ ဘယ်တိုင်းပြည်ရဲ့ သမိုင်းလက်တွေ့မှာမျှ မရှိခဲ့ဖူးပါ။ ဘယ်သောအခါမျှလည်း ရှိနိုင်လိမ့်မည် မဟုတ်ပါ။

၅။ (CDM) ပြည်သူ့လှုပ်ရှားမှုကြီး၌ အကြောင်းအကျိုးဆီလျော်ပြီး မလွဲမသွေလှမ်းရမယ့် ခြေလှမ်း ၂ ရပ်လည်းပါရှိနေတယ်လို့ နားလည်ယူဆထားပါတယ်။ ပထမခြေလှမ်းမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကတဆင့် ပြည်သူများက တရားဝင် ပေးအပ်လိုက်သော ရွေးကောက်ပွဲရလဒ် (ဝါ) mandate ဖြင့် လွှတ်တော်နဲ့ အစိုးရကို ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ဒါဟာ မလွဲမသွေ မပျက်မကွက် တက်လှမ်းရမယ့်ခြေလှမ်းဖြစ်သလို နဲနဲလေးမှ အလျှော့ပေးလို့ မရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုရဲ့ အဓိကချေမှုန်းရေးပစ်မှတ်က ဒီအချက်ပဲ ဖြစ်ပါတယ်။ ဒုတိယခြေလှမ်းမှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ် တစ်ရပ်နဲ့ အလျင်အမြန် အစားထိုးရေးဖြစ်ပါတယ်။ ဒီခြေလှမ်း ၂ ရပ်ကို ဟန်ချက်ညီအောင် လှမ်းတတ်ဖို့ သိပ်လိုအပ်ပါတယ်။ ထို ခြေလှမ်း ၂ ရပ် အပြည့်အဝ အကောင်အထည်ဖော်ပြီးသည့် အချိန်အထိ ယနေ့ပြည်သူများရဲ့ အင်အား၊ အရှိန်အဟုန်နဲ့ လှုပ်ရှားမှုကို ထိန်းသိမ်းထားကြရမယ်လို့ ယူဆပါတယ်။

၆။ သို့ပါ၍ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးဟာ ‘အလားအလာ ၂ ရပ်’ ကို မဖြစ်မနေ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ပထမတစ်ခုမှ စစ်အုပ်စုက လှုပ်ရှားမှုကြီးကို မီးကုန်ယမ်းကုန်အကြမ်းဖက်နှိမ်နင်း သို့မဟုတ် ယခု လက်တွေ့ကျင့်သုံးနေသလို နေရာ ဒေသ ကွက်ပြီး အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြပြီး ပြည်သူတစ်ရပ်လုံး သွေးလန့်နောက်ဆုတ်သွားအောင် အချိန်ဆွဲအမှည့် ခြွေ ခြွေတဲ့အလားအလာဖြစ်ပြီး။ ဒုတိယအလားအလာကတော့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီး ဒီထက်ပိုမိုကြီးမားစွာ အရှိန် အဟုန် ပြင်းထန်လာတဲ့အတွက် တစ်စုံတစ်ရာ စေ့စပ်ညှိနှိုင်းကြရတဲ့ အလားအလာ ဟူ၍ဖြစ်ပါတယ်။

၇။ ထိုအလားအလာ ၂ ရပ်အတွက် အတွေးအခေါ်အရ လက်တွေ့အရ ပြင်ဆင်ထားဖို့လိုပါတယ်။ အလားအလာနှစ်ရပ်စလုံးမှာ မတူညီတဲ့ အခွင့်အလမ်းနဲ့ မဖြစ်မနေ ရင်ဆိုင်ဖြတ်သန်းရမယ့် စိန်ခေါ်မှုတွေ ကိုယ်စီရှိနေတယ်ဆိုတာကိုလည်း မမေ့မလျော့ သတိပြုကြဖို့လိုအပ်ပါ လိမ့်မယ်။ အထူးသဖြင့် အချိန်ဆွဲပြီး အမှည့်ခြွေခြွေနေတဲ့ နည်းလမ်းကို မခံရဖို့ဆိုလျှင် (CDM) လှုပ်ရှား မှုကို ပြတ်သားစွာ အရှိန်မြှင့်တင်ကြဖို့နဲ့၊ အာဏာသိမ်းစစ်အုပ်စု အသက်ရှုပေါက်ရသွားစေမယ့် လုပ်ရပ်များ လုံးဝ မပြုလုပ်မိ ကြဖို့ကလွဲပြီးအခြားနည်းလမ်းမတွေ့သေးပါ။ သို့ပါ၍အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အသက် ဆုံးရှုံးရမှုများ၊ သွေးမြေကျရမှုများကို တိုက်ပွဲအလံတံခွန်အဖြစ်လွှင့်ထူပြီး ပြည်သူတစ်ရပ်လုံးကို စည်းရုံးလှုံ့ဆော်ကြဖို့ လိုအပ် ပါတယ်။ အသက်သွေးပေးသွားသူများရဲ့ ကျေးဇူးသစ္စာကို အလေးအနက် စောင့်သိရိုသေကြဖို့လိုအပ်ပါတယ်။

၈။ သွေးမြေကျရမှုတွေကို ကျနော်တို့မလွဲမသွေ ရင်ဆိုင်ကြရမှာပါ။ အာဏာသိမ်းစစ်အုပ်စုက ခေတ်အဆက်ဆက် နှစ်ပေါင်း များစွာ အကြမ်းဖက်အုပ်စိုးခဲ့သူပီပီ လွယ်လွယ်နဲ့အလျှော့ပေးလိမ့်မည်တော့ကား မဟုတ်ပါ။ ကျနော်တို့ပြည်သူများရဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုကြီးဖက်ကလည်း ဘယ်လိုမှ နောက်ဆုတ်လို့၊ အညံ့ခံလို့ မဖြစ်နိုင်တော့ပါ။

ရိုသေစွာဖြင့်
မောင်ကျော်မော်
၂၁ ဖေဖေါ်ဝါရီ ၂၀၂၁