Breaking News

သီအိုဇော် - ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှတရားမျှတလွတ်လပ်သော အနာဂတ်ဆီသို့ (၃)

သီအိုဇော် - ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှတရားမျှတလွတ်လပ်သော အနာဂတ်ဆီသို့ (၃)

(မိုးမခ) မတ် ၅၊ ၂၀၂၁


ပြီးခဲ့သောဆောင်းပါးမှာ Chenoweth ၏ အရှေ့တောင်အာရှရဲ့ ကမ္ဘာသိလူထုအုံကြွမှု့ကြီးနှစ်ခုဖြစ်တဲ့ ဖိလစ်ပိုင် People Power Revolution နဲ့ မြန်မာနိုင်ငံ က ၈•၈•၈•၈ အရေးတော်ပုံ အကြောင်း သုံးသပ် ထားတာ ကိုရေးသားခဲ့ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ “loyalty shift “ဘက်ပြောင်းခွဲထွက်လာမှု့ဟာ လူထုလှုပ်ရှားမှု့ရဲ့ရေချိန်ကို ပြောင်းလဲစေနိုင်စေတယ်ဆိုတာက အရှိတရားပါ။ အာဏာရှင်အစိုးရကိုထောက်ခံရာကနေ ရုတ်ချည်း တပ်ဖွဲ့အားလုံး သို့မဟုတ် အများစု ဘက်ပြောင်းသွားဖို့ ဆိုတာ၊ အချိန်နဲ့အမျှ ပြောင်းလဲရွေ့လျားနေတဲ့ ဖြစ်စဉ်တစ်ရပ်လုံးကို မျက်ချေမပြတ် လေ့လာနိုင်မှု့ပေါ် လည်း မူတည်နေပါတယ်။ ဆုံးဖြတ်ချက် ချရမယ့်သူတွေရဲ့ ဥာဏ်အမြော်အမြင်၊ ခြုံငုံသုံးသပ်နိုင်တဲ့ အရည်အချင်းနဲ့ သူတို့ မှန်ကန်တဲ့သတင်းအချက်အလက် မည်မျှရရှိကြလဲ ဆိုတာကလည်း ၊ ထည့်သွင်းစဉ်းစားရပေးမယ့် အချက်တွေ ဖြစ်ပါတယ်။

ဘယ်လောက်ပဲအတွင်းစည်းထဲ ကျွံနေပေမယ့် လိုအပ်လျင်လိုအပ်သလို၊ ကာလဒေသနဲ့သင့်တော်တဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ သူများလဲရှိတယ် ဆိုတာ ဖိလစ်ပိုင်ဖြစ်ရပ်က သက်သေပါ။ အရပ်သားရှေ့နေ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး၊ အရပ်သားအုပ်ချုပ်ရေးတစ်လှည့်၊ စစ်အုပ်ချုပ်ရေးတစ်ခါနဲ့ နှစ်ပေါင်း၂၀ ကျော် အာဏာရှင်စနစ်တည်ဆောက်ခဲ့တဲ့ မားကိုစ်ဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် အရေးပါတဲ့စစ်ဖက်အရပ်ဖက်နေရာများကို၊ သူ့ရဲ့အတွင်းစည်းကလူများအား တာဝန်ပေးတတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။အာဏာရှင်တစ်ယောက်အတွက်တော့ ဒီလိုအကွက်ချစီစဉ်ခြင်းမျိုးဟာ အဆန်းတကြယ်တော့မဟုတ်။ သူ့ရဲ့ကာကွယ်ရေး ဝန်ကြီး Juan Ponce Enrile ကို သူကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့တဲ့၊ အနီးကပ်ဆက်ဆံရေးရှိသူ တစ်ဦးအနေနဲ့ လူသိများကြပါတယ်။ ဒုဗိုလ်ချုပ်ကြီး Fidel Ramos ကတော့ သူ့ရဲ့ နှစ်ဝမ်းကွဲညီတော်ပါတယ်။ ဒီလိုလူမျိုးနှစ်ယောက်ရဲ့ မားကိုစ်ကိုထောက်ခံမှု့ရုပ်သိမ်းလိုက်ခြင်း က People Power Revolution ကို အရှိန်မြှင့်တင် ပေးနိုင်ခဲ့တယ်။ ဒီအလှည့်အပြောင်းဟာ“နိုင်ငံရေးမှာမဖြစ်နိုင်တာ မရှိဘူး”ဆိုတဲ့စကားကို ပေါ့ပေါ့လေး မတွေးကြဖို့ ပြောလိုက်သလိုပါပဲ။

Chenoweth ရဲ့စာအုပ်မှာ ဖိလစ်ပိုင်လို ၈•၈•၈•၈ မအောင် မြင်ခဲ့ရတာ ဦးဆောင်လှုပ်ရှားသူတွေနဲ့ ဘက်ပြောင်းဖို့အလားအလာရှိနိုင်သူများကြာ းအပြန်အလှန်နားလည်မှု့တည်ဆောက်ပြီး ချဉ်းကပ် ဆွေးနွေးမှု့မရှိခဲ့တာလည်း အကြောင်းတစ်ရပ်လို့ဆိုခဲ့ပါတယ်။ အခြေအနေပေးမှု့နဲ့ တကယ် ကြိုးစားအားထုတ်မှု့ရှိမရှိခဲ့ဆိုတာကိုတော့ ကာယကံရှင်များမှပဲ သိနိုင်မှာပါ။

ဘက်ပြောင်းလဲမှု့ဆိုသည်မှာ အစခက်သလို၊ဆက်လက် ရှင်သန်ကြီးထွားအောင် ထိန်းသိမ်း ရခြင်းမှာလည်း မလွယ်ကူလှပါဘူး။ People Power Revolution ရဲ့ တပ်တွင်းခွဲထွက်ခြင်း ကို  Enrile က တပ်ဖွဲ့အင်အား ၄၀၀ ခန့်နဲ့ စခဲ့တာပါ။ သူ့ကို Ramos က ထောက်ခံပြီးချိန်အထိ မားကိုစ်သစ္စာခံကာကွယ်ရေးဦးစီးချုပ်လက်အောက်ခံတပ်ဖွဲ့အင်အားကို ဘယ်လိုမှမယှဉ်နိုင်သေးပါဘူး။ မားကိုစ့်က မြေပြင်တပ်ဖွဲ့ရော လေတပ်အကူအညီနဲ့ပါ ချေမှုန်းဖို့ကြံခဲ့ပါသေးတယ်။

နေရာမှာကက်သလစ်သာသနာပိုင်ချုပ် Cardinal Jaime Sin ရဲ့ အခန်းကဏ္ဍကို ချန်လှပ်၍မရနိုင်ပါ။ ရိုမန်ကက်သလစ်ဘာသာဝင်အများစုဖြစ်တဲ့ ဖိလစ်ပိုင်မှာ၊ ကာဒီနယ်ဆင်းဟာ ဩဇာတိက္ကမ ကြီးသူတစ်ဦးဆိုလျင် မှားမည်မဟုတ်၊ သူဟာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သလို မားကိုစ့် အစိုးရရဲ့ လူ့အခွင့်အ​ရေးချိုးဖေါက်မှု့ နဲ့ နှိပ်စက်ညှင်းပန်းမှု့တို့ကို အတိအလင်းဝေဖန်ကန့်ကွက်သူတစ်ဦး လည်းဖြစ်တယ်။ လူထုဆန္ဒပြပွဲများအတွက်လည်းလှုံ့ဆော်ပါတယ်။ သူပြောကြားတဲ့ ခွဲထွက်လာတဲ့ Enrile နဲ့ Ramos တပ်ဖွဲ့တွေကို ပြည်သူလူထုက ထောက်ခံအားပေးကြဖို့ တိုက်တွန်းနှိုးဆော်ချက်ကို ရေဒီယိုကကြားရပြီးတဲ့နောက်၊ ဧရာမလူအုပ်ကြီးဟာခွဲထွက်တပ်ဖွဲ့တွေရဲ့ စစ်စခန်းကိုဝန်းရံလိုက်ကြပါတယ်။ လူအုပ်ကြီးနဲ့အတူ ကက်သလစ်ဘုန်းတော်ကြီးများ၊သီလရှင်များကလည်း ရှေ့တန်းကပါဝင်လာပါတယ်။ဓမ္မသီချင်းသီကျူးသံ၊ဆုတောင်းသံများနဲ့ လူထုကြီးဟာဖြိုခွင်း ဖို့လာတဲ့ တင့်ကားတွေ၊လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ရှေ့ကရပ်ပြီး ကာကွယ်ပေးခဲ့လို့တပ်တွေ ပြန်ဆုတ်သွားခဲ့ရတယ်။ ဒီနောက်နိုင်ငံအဝှမ်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ တဖွဲဖွဲနဲ့ အာဏာဖီဆန် လာခဲ့ကြတယ်၊ လေတပ်ကိုပစ်ခတ်နှိမ်နင်းဖို့အမိန့်ပေးတော့လည်းမနာခံတော့ဘူး၊ နောက်ဆုံးသွေးတစ်စက်ကျန်တဲ့အထိခုခံမယ်လို့ ဆိုခဲ့တဲ့မားကိုစ့်ဟာအာဏာစွန့်လွှတ်ပြီးဖိလစ်ပိုင်က ထွက်ပြေးခဲ့ရတယ်။

People Power Revolution လို့ခေါ်တွင်တဲ့အတိုင်း လူထုစွမ်းအားအဓိက ဖြစ်တဲ့ တော်လှန်ရေးတစ်ခုပါ။ သတ္တိရှိသော၊စည်းလုံးညီညွတ်သော၊အာဏာရှင်စနစ်အောက်မှ ရုန်းထွက်လိုသောဆန္ဒ ပြင်းပြသည့် ပြည်သူလူထုကြောင့်အောင်မြင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ပြည်သူနဲ့အတူရပ်တည်မယ်လို့ဆုံးဖြတ်ခဲ့တဲ့စစ်တပ်ခေါင်းဆောင်များပေါ်ပေါက်ခဲ့ခြင်းအပြင်၊ အဖိနှိပ်ခံပြည်သူဖက်က ပြတ်ပြတ်သားသား ရပ်တည်ကာ၊ အာဏာရှင်ကိုဆန့်ကျင်သော ဘာသာရေးခေါင်းဆောင်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းတို့ဟာ သွေးမြေမကျခဲ့သည့် သမိုင်းဝင် အကြမ်းမဖက်လူထုလှုပ်ရှားမှု့ ကို ကြီးစွာအထောက်အကူပြုစေခဲ့သည်ကိုတော့လက်ခံရမည်ပင်။

Reference
Chenoweth, E., & Stephan, M. (2011). Why civil resistance works: The strategic logic of nonviolent conflict. Columbia University Press.

(သီအိုဇော်)