Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၃ ရက် မြောက်နေ့ မြင်ကွင်း ...

Mandalay, March 5th, 2021


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၃ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) မတ် ၅၊ ၂၀၂၁


မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်တွေ့ကျတဲ့ လုပ်ငန်းစဉ် ၃ ချက်ကို ထုတ်ပြန်ပါတယ်။ ရပ်/ကျေး ပ.အ.ဖ များအတွက် လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက် -

(၁) ရပ်ရွာလူထု အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရေး
(၂) စစ်အုပ်စုလက်ပါးစေများကို Social Punishment ပြုလုပ်ရေး
(၃) အကြမ်းဖက်လုပ်ရပ်များကို မှတ်တမ်းတင် ဖော်ထုတ်ရေး ဖြစ်ပါတယ်။ အခုဆိုရင် ရပ်ကွက်တိုင်းမှာလည်း မသင်ကာသူ လူစိန်းများကို တာဝန်အရ ရပ်တန့်စစ်ဆေးတာတွေ စည်းကမ်းတကျ လုပ်ပါတယ်။ အကြမ်းဖက်သမား သတင်းပေးသမားတွေကို သူတို့မြို့နယ်က ရဲလက်ကို ပြန်အပ်ကြပါတယ်။ များသောအားဖြင့် အဲသည်လူတွေက ရဲတွေ စစ်တပ်က လူတွေ မဘသတွေ ဖြစ်နေတာ တွေ့ရပါတယ်။

NLD ပြည်သူ့ကိုယ်စားလှယ် စည်သူမောင်က - ဘဏ်တွေ CDM တကယ်လုပ်ပါ။ CRPH နဲ့ပူးပေါင်းပါ။ Tax ဆောင်ဖို့ကြိုးစားနေတဲ့ Company ကြီးတွေ CRPH ရဲ့ စာကိုလက်ခံပါ။ အဲ့လိုမှ မဟုတ်ရင်တော့ပြည်သူတွေခတ်မဲ့ဒဏ်ကို ခံရဖို့အသင့်ပြင်ထားပါ လို့ သတိပေးစာ ရေးထားပါတယ်။ CRPH က မူအားဖြင့် ပြည်သူ့အစိုးရ အာဏာပြန်မရမချင်း ဝန်ထမ်းတွေအတွက် ရုံးပိတ်ရက်ဖြစ်တယ်လို့ ကြေညာထားပါတယ်။ မတ်လ ၁၀ ရက် နောက်ဆုံးထားပြီး မြန်မာပြည်အနှံ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အပြီးဖွဲ့စည်းခိုင်းထားပါတယ်။

မိုးမခအယ်ဒီတာ (ရန်ကုန်)ကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ နောက်တနင်္လာနေ့ ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာ ဖွင့်ဖို့ ဗဟိုဘဏ်က ညွှန်ကြားစာထွက်လာပါတယ်။ ဆန္ဒပြသူတွေဘက်က စီဒီအမ်လုပ်ဖို့ နှိုးဆော်မှုကြောင့် အေတီအမ်အချို့ကို ငွေဖြည့်တာကလွဲရင် ဘဏ်လုပ်ငန်းတွေ မလုပ်ဖို့ တိုက်တွန်းထားတာပါ။ ပုဂ္ဂလိက ဘဏ်တွေရဲ့ ကောင်တာတွေမဖွင့် ခြင်းက အစိုးရရဲ့ ယန္တရားကိုပါ ရပ်တန့်စေဖို့ရည်ရွယ် တာလည်းဖြစ်ပါတယ်။ တဖက်မှာလည်း အရေးတော်ပုံကိုထောက်ခံအားပေးနေတဲ့ လူထုဘက်က ငွေကြေးလှည့်ပတ်သုံးစွဲမှု အခက်အခဲဖြစ်နိုင် မဖြစ်နိုင်ဆိုတာကိုလည်း တွက်ချက်ဖို့လိုပါတယ်။ ငွေကြေး လှည့်ပတ်နိုင်ဖို့ ဘယ်လို အကြံဉာဏ်ပေးမလဲ၊ စီဒီအမ်ကာလအတွင်း ပြည်သူအချင်းချင်းအကြား ငွေသား များများစားစားမသုံးရပဲ ဖလှယ်တာမျိုး၊ သို့မဟုတ် ဘဏ်စာရင်းနဲ့လွှဲတာမျိုး ပိုလုပ်ကြဖို့ လှုံဆော်မလား စတာတွေ စဥ်းစားကြည့်ဖို့လိုပါတယ်။ စီဒီအမ် မှာပါဝင်သူတွေကို ကူညီတဲ့ အစီအစဥ်လိုပဲ ခုကာလ စက်ရုံတွေ အလုပ်ရုံတွေ ပိတ်ထားလို့ ဝင်ငွေ မရသူတွေကို ပြည်သူအချင်းချင်း ဘယ်လို ကူညီကြမလဲဆိုတာမျိုးတွေလည်း စဥ်းစား ကြဖို့ လိုအပ်ပါမယ်။

ကိုအောင်ထက်ကတော့ - မဖွင့်နဲ့ ... သုံးစရာမရှိလည်း တောင့်ခံမယ် ... လို့ ဘဏ်တွေအပေါ် သူ့သဘောထားပေးထားပါတယ်။

ကျော်ကျော်မြရည်စမ်းက မှတ်ချက်ပေးတာ တခုကတော့ - မြန်မာနောင်းရဲ့ ဆောင်းပါးပါ အချက်အလက်အရ လမ်းမထက် လူထုတိုက်ပွဲမှာ လှိုင်သာယာက အလုပ်သမားပေါင်း ၁ သိန်း ဝန်းကျင် ပါဝင်ခဲ့တယ် ။ ရန်ကုန် တမြို့လုံးအတိုင်းအတာနဲ့ အလုပ်သမားပေါင်း ခြောက်သိန်းပါဝင်ခဲ့တယ်။ အလုပ်သမားတွေ အခုလို လူထုတိုက်ပွဲမှာ ပါဝင်တဲ့အတွက် အလုပ်ရှင်က အလုပ်ဖြုတ်တာမျိုးရှိတယ်။ အချို့ အလုပ်သမားတွေအနေနဲ့ လစာဖြတ်ခံရတယ်။ စားရေးသောက်ရေး အခက်အခဲ ရှိလာသလို အဆောင်လခ မပေးနိုင်တာမျိုး ရှိလာတယ်။ အဆောင်ပိုင်ရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ အဆောင်လခ ကို မကောက်ခံဖို့ အလုပ်သမားသမဂ္ဂအဖွဲ့တွေက မေတ္တာရပ်ခံတာမျိုးတော့ ရှိတယ်။ သူတို့အနေနဲ့ လူထုတိုက်ပွဲမှာ တတပ်တအား ဆက်လက်ပါဝင်ချင်ပေမယ့် ရှင်သန်ရပ်တည်ဖို့ အခက်အခဲကြောင့် မပါဝင်နိုင်တာမျိုးရှိလာတယ်။ လအိုဗာတိုင် ဆင်းတဲ့အခါမှာလည်း ကာဗျူး အချိန်ထက် ကျော်လွန်ပြီး ည ၁၀ နာရီခေါက်ထိ အလုပ်ဆင်းရတာမျိုးရှိတယ်။ CDM ဝန်ထမ်းတွေကို ကူညီကြသလို အလုပ်သမားတွေအတွက်လည်း ကူညီပေးကြပါ။ Speak out လုပ်ပေးကြပါ။

CRPH က နိုင်ငံရေးရည်မှန်းချက်တွေကို အကျယ်တဝင့်တင်ထားပါတယ်။ ဖေဖော်ဝါရီ ပထမပတ်ကတည်းက သပိတ်စစ်ကြောင်း အစုအဖွဲ့များ၊ GSCC, GSCN, GSC စသည့် သပိတ်ကော်မီတီများ၊ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များ တစိုက်မတ်မတ်တောင်းဆိုနေသော အချက်များကို နိုင်ငံရေးရည်မှန်းချက်၊ ဘုံသဘောထားအဖြစ် လက်ခံလိုက်ခြင်းဖြစ်ပါတယ်။

(၁) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး
(၂) သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး
(၃) ဒီမိုကရေစီရရှိရေး
(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အဲသည်အတွက် တက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ မောင်ဆောင်းခက မှတ်ချက်ပေးရာမှာတော့ - ယနေ့ထုတ်ပြန်လိုက်တဲ့ CRPH ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ထောက်ခံကြိုဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း အာဏာသိမ်းစစ်ကောင်စီနဲ့မပေါင်းတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် အခြားသော နိုင်ငံရေးအင်အားစုတွေနဲ့ ထပ်မံတွေ့ဆုံပြီး နိုင်ငံရေးလမ်းပြမြေပုံတစ်ခုကို အတူတကွရေးဆွဲကြဖို့ တိုက်တွန်းလိုပါတယ်။ NLDက အစဥ်တစိုက်သုံးစွဲခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ဆိုတဲ့အသုံးအနှုန်းအစား ဖက်ဒရယ်ဒီမိုကရေစီစနစ်လို့ CRPH က ဒီနေ့ကြေညာချက်မှာ စတင်ပြောင်းလဲသုံးစွဲလာတဲ့အတွက်လည်း CRPH ကို ကျေးဇူးတင်ပါတယ် - လို့ သူ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ဒေါက်တာဆာဆာရဲ့ ဖေ့စ်ဘွတ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကရင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ အများကြီး အကျိုးရှိတယ်လို့ ရေးထားပါတယ်။ အဲသည်တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်တွေ ရှိတဲ့ ဒေသတွေမှာ CRPH ၏ လှုပ်ရှားမှု ဆောင်ရွက်မှုတွေ ပြည်သူတို့၏ ရုန်းကန်နေမှုတွေကို ဘယ်လောက်ထိ ထောက်ခံ အားပေးရပ်တည်ပေးမလဲဆိုတာ သည်တပတ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ မင်းအောင်လှိုင်စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လဲ ပြောတယ်။ အပစ်ရပ်ထားတယ်လည်း ပြောကြတယ်။ သို့သော် ရှမ်းပြည်နယ်ထဲက TNLA ဧရိယာနဲ့ ပတ်သက်ပြီး နေချိုသွေးက သူ့ဖေ့စ်ဘွတ်မှာ သည်လိုမျိုး ရေးထားတာ တွေ့ရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ၊ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့(4.3.2021)မှာ PSLF/TNLA တ‌အာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနေနဲ့ စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ပြီး လူထုနဲ့အတူ ရပ်တည်ကြဖို့ တိုက်တွန်းတဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်း (12)ဖွဲ့ရဲ့ပူးတွဲထုတ်ပြန် ကြေညာချက်နဲ့အတူ ယနေ့ ၅ ရက်နေ့မှာ PSLF/TNLA တ‌အာင်းတိုင်းရင်းသားလက်နက်ကိုင်တပ်တွေ လားရှိုးမြို့ရဲ့ မြို့ပြင် အနောက်တောင်/မြောက်တကြောမြို့ ဧရိယာ အစပ်နားအထိ ဝင်ရောက်လာမှုတွေနဲ့အတူ မြို့ထဲမှာ ဆန္ဒပြသပိတ်ကို အကြမ်းဖမ်းဖြိုခွဲ့တဲ့ စစ်တပ်အင်အားကို မတွေ့ရတော့ပဲ ဆန္ဒပြလူထုအနေနဲ့ ယနေ့ 5.3.2021နေ့ မနက်9:30နာရီ ရုံဟော်ရှေ့စုရပ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပြည်သူ့အစိုးရထံအာဏာပြန်အပ်‌ရေး ရုံးဝန်ထမ်းတွေ CDMမှာပါဝင်လာရေး ကြွေးကြော်ဆန္ဒထုတ်ဖော်မှု ရဲအင်အားတွေနဲ့ ဖြိုခွဲဖို့ ပြင်ဆင်လာပေမယ့် ပင်မဆန္ဒပြသပိတ်ရဲ့ သတ်မှတ်ထားတဲ့အချိန် နေ့လည် 11:15 နာရီထိ ငြိမ်းချမ်းစွာ ကြွေးကြော်ဆန္ဒထုတ်ဖော်ပြီး အထိအခိုက်မရှိ အောင်မြင်စွာ လူစုခွဲခဲ့ကြပါကြောင်း။ (TNLA ဆိုတာက လတ်တလောမှာတင် AA ၊ ကိုးကန့်တို့နဲ့ ၃ ညီနောင်လက်တွဲပြီး မင်းအောင်လှိုင်စစ်တပ်နဲ့ အပစ်အခတ်ရပ်ထားတာကို ကြေညာထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အဖွဲ့ USA က ပြောရေးဆိုခွင့်ရှိသူ ဦကျော်၀ဏ္ဏက ထုတ်ပြောတာတခုကတော့ Social Punishment မှာ ဘာသာရေးခေါင်းဆောင်တွေက စံပြရပ်တည်ချက်တွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် - အမေရိကန်ပြည်ထောင်စုမှာ ပထမဦးဆုံး တည်ထောင်ခဲ့တဲ့ LA (La Punte) မြန်မာဘုန်းတော်ကြီးကျောင်းက အာဏာလု စစ်/ရဲ ထောက်ခံ ဝန်းရံသူများကို စတင် ကံဆောင်ပြီ။ စစ်တပ်နဲ့ ပတ်သက်သူ တွေ မှန်သမျှကို သပိတ်မှောက်ကံဆောင်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာမျက်နာစာမှာကတော့ မြန်မာအရေးလှုပ်ရှားမှုတွေက အသာစီးရနေပါတယ်။ အမေရိကန်ဝါရှင်တန်သံရုံးက မြန်မာပြည်သူတွေ ဘက်က ရပ်တည်မယ်လို့ ထုတ်ပြောထားပါတယ်။ ဒေါက်တာဆာဆာကလည်း မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ ပြည်တွင်း ပြည်ပခေါင်းဆောင်တွေ အဖွဲ့တွေနဲ့ ဆွေးနွေးနေပါတယ်။ အမေရိကန်က စစ်ရေးကို နောက်ဆုံးမှ စဉ်းစားမယ်လို့ ပြောထားပြီး ကုလသမဂ္ဂကတော့ တရုတ်နဲ့ ရုရှားကန့်ကွက်မှုကို ထည့်သွင်းစဉ်းစားနေတယ်လို့ ပြောပါတယ်။ CRPH အနေနဲ့ကလည်း တရုတ်၊ ရုရှားနဲ့ အာဆီယံနိင်ငံတွေကို နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတဲ့ ရွေးချယ်မှုကို ရွေးပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တိုက်တွန်းနေလိမ့်မယ်လို့ မျော်လင့်ရပါတယ်။