မောင်သံပုံး - ပြောင်းလဲတိုးတက်လာတဲ့ လူတန်းစားနှစ်ရပ်ရဲ့ ပဋိပက္ခ
မောင်သံပုံး - ပြောင်းလဲတိုးတက်လာတဲ့ လူတန်းစားနှစ်ရပ်ရဲ့ ပဋိပက္ခ
(မိုးမခ) မတ် ၃၁၊ ၂၀၂၁ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း မြန်မာပြည်က အဖိနှိပ်ခံပြည်သူနဲ့ ဖိနှိပ်သူအာဏာရှင် ဆိုတဲ့ လူတန်းစားနှစ်ရပ်ဟာ သူ့နည်းသူ့ဟန်နဲ့ ဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ဒါကြောင့်လည်း အဲဒီ လူတန်းစားနှစ်ရပ်ရဲ့ ပဋိပက္ခဟာ ဒီကနေ့မှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။
စစ်အာဏာရှင် လူတန်းစားရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံကို အရင်ဆုံး လေ့လာကြည့်ရအောင်ပါ။
⚫ အာဏာရယူပုံ
အာဏာရှင်တွေဟာ ၁၉၅၈ မှာ အာဏာကို အကြပ်ကိုင်တောင်းဆိုခဲ့ပါတယ်။
အိမ်စောင့်အစိုးရ ဆိုတဲ့ ကုလားထိုင်မှာ ခဏလေးထိုင်ဖူးလိုက်တဲ့ စစ်အာဏာရှင်တွေဟာ ၁၉၆၂ အရောက်မှာ (သူတို့ဘက်ကကြည့်ရင်) တဆင့် ထပ်ပြီး တိုးတက်ဖွံ့ဖြိုးသွားပါတယ်။ အာဏာကို အကြပ်ကိုင်တောင်းတဲ့အဆင့်ကနေ ဗြောင် သိမ်းယူတဲ့ အဆင့်ပါ။
အခုတော့ဖြင့် အတင်းအကြပ်အာဏာသိမ်းယူတာကိုပဲ "ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ" လို့ ဗြောင်လိမ်တဲ့ အဆင့်ရောက်လာပါပြီ။ ၂၀၂၁ အာဏာသိမ်းယုမှု အတွက် ပေးတဲ့ အကြောင်းပြချက်ဟာ ၁၉၆၂ အာဏာသိမ်းမှုလောက်တောင် ပိပိရိရိ မလိမ်ညာနိုင်ပါဘူး။ ဒါနဲ့တောင် ဥပဒေနဲ့ အညီ ဆိုတဲ့စကား ပြောနေတာက အာဏာရှင်လူတန်းစားရဲ့ မူသာဝါဒ အဆင့်မြင့်မားလာမှုကို ဖော်ပြနေတာပါ။
⚫ စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံတွေ
၁၉၇၄ မှာ တစ်ပါတီ စနစ်ကို ပြောင်းတယ်ဆိုတာ ရုတ်တရက်ကြည့်ရင် စစ်အစိုးရအဖြစ် ရပ်တည်ဖို့ ခက်ခဲလို့ အခြေခံဥပဒေအရ တရား၀င်အောင် အရပ်သားပုံစံပြောင်းတာလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အာဏာကို တရား၀င် ရေရှည် ဘယ်လိုချုပ်ကိုင်ရမလဲ ဆိုတဲ့ အဖြေကို စစ်အာဏာရှင်တွေ တွေ့သွားတာပါ။ တနည်းပြောရရင် အာဏာသက်ဆိုးရှည်ရေး ရည်မှန်းချက်ကို ထိုစဉ်က ကမ္ဘာ့အခြေအနေနဲ့ ဟန်ချက်ညီအောင် ထိန်းကစားပြသွားခဲ့တာပါ။ ဒါဟာ အာဏာရှင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုပါပဲ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀၊ ၂၀၁၅ အရပ်သားတစ်ပိုင်း၊ စစ်တစ်ပိုင်း အစိုးရတွေဟာ ၁၉၇၄ အခြေခံဥပဒေရဲ့ဘရည်ရွယ်ရင်းကို ပိုပြီးခိုင်မာအားကောင်းအောင် မွမ်းမံပြင်ဆင် အဆင့်မြှင့်တင်ထားခြင်းသာ ဖြစ်ပါတယ်။
⚫ အာဏာရှင်တွေရဲ့ ပြောစကားနဲ့ နောက်ကွယ်က အဘိဓမ္မာ ဖိနှိပ်မှု
၁၉၆၂ ဇူလိုင်လ ၇ ရက်၊ တက္ကသိုလ်သမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖျက်စီးပြီးတဲ့နောက် ဗိုလ်နေ၀င်းပြောတဲ့ စကားက "ဓား ဓားချင်း၊ လှံ လှံချင်း” အမြစ်ပြတ် ချေမှုန်းမယ် ဆိုတဲ့ စကားပါ။ ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ လက်နက်ကိုင်စစ်တပ်ကြီးရဲ့ အကြီးအကဲက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မကိုင်ထားတဲ့ ကျောင်းသားထုကို ရေဒီယိုကနေ နှုတ်သီးကောင်းလျှာပါး လုပ်ခဲ့တာပါ။ တကယ်တော့ ဗိုလ်နေ၀င်းနဲ့ စစ်အုပ်စုဟာ ကျောင်းသားတွေ ဆိုတဲ့ သက်ရှိတွေကို ခဏထားလို့၊ သမဂ္ဂ အဆောက်အအုံ ဆိုတဲ့ သက်မဲ့အရာကိုတောင် ကြောက်သွေးလန့်ပြီး ဗုံးခွဲခဲ့တဲ့ အကြမ်းဖက် အုပ်စု ဖြစ်ပါတယ်။
၁၉၈၈ လူထုအရေးတော်ပုံကာလမှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တဖြစ်လဲ အာဏာရှင်ကြီး ဦးနေ၀င်း က "သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး" လို့ ဆိုပြန်ပါတယ်။ ဆန္ဒပြတဲ့သူတွေကို မှန်အောင်ပစ်မယ် လို့ ခြိမ်းခြောက်တဲ့ အဲဒီစကားဟာ စစ်အာဏာရှင်တွေရဲ့ ဂိတ်ဆုံး ရက်စက်ယုတ်မာမှုကို ပြတာပဲလို့ လူအများက ယူဆခဲ့ကြပါတယ်။ ဓားဓားချင်း၊ လှံလှံချင်း လို့ စိန်ခေါ်ခဲ့တာနဲ့ နှိုင်းစာရင် "မိုးပေါ်
ထောင်မပစ်ဘူး" ဆိုတာက အများကြီး ပိုပြီး သူရဲဘောကြောင်လာ၊ ရက်စက်ယုတ်မာလာတယ် မဟုတ်လား။ တနည်းစဉ်းစားကြည့်ရင်လည်း ဒီစကားဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုအရာမှာ နောက်ထပ်အဆင့်တစ်ဆင့် ထပ်မံ ဖွံ့ဖြိုးတိုးတက်လာတာကို ဖော်ပြလိုက်တာပါပဲ။
ပြည်သူလူထုကို "မိုးပေါ်ထောင်မပစ်ဘူး၊ မှန်အောင်ပစ်တယ်" ဆိုတဲ့ ခြိမ်းခြောက်စကားဟာ ရက်စက်ယုတ်မာမှု၊ အောက်တန်းကျမှု၊ သူရဲဘောကြောင်မှု အရာမှာ ဂိတ်ဆုံးနေပြီလို့ လူကောင်းသူကောင်းတွေက တွေးထားပေမယ့် စစ်အာဏာရှင် မျိုးဆက်တွေအတွက် ဒါဟာ ဂိတ်ဆုံးမဟုတ်ကြောင်း လက်ရှိ ဖြစ်စဉ်များက သက်သေပြနေပြန်ပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူလူထုကို "မှန်အောင်ပစ်" ရုံ မကသေးပါဘူး။ မသေမှာ စိုးလို့ "ခေါင်းကိုမှန်အောင်ပစ်" တဲ့ အဆင့် ကို ရောက်လာနေပါပြီ။ "ခေါင်းကိုပစ်မယ်" လို့ တည့်တည့်မပြောရုံ သတိပေးချက်ကို ရုပ်မြင်သံကြားမှာ ထည့်ကြေညာရလောက်အောင် အတင့်ရဲလာကြပါပြီ။ ဒါဟာ ဗိုလ်နေ၀င်းရဲ့ "မိုးပေါ် ထောင်မပစ်ဘူး" ဆိုတာထက် ပိုပြီး ရက်စက်ယုတ်မာလာတာကို ပြနေတာပါ။
⚫ အတိုက်အခံကို ချေမှုန်းပုံ
အာဏာရှင်မှန်သမျှကတော့ အတိုက်အခံတွေကို ချေမှုန်းကြတာချည်းပါပဲ။ ဓါပေမယ့် ကြာလာလေလေ အတိုက်အခံတွေအပေါ် ချေမှုန်းပုံက အဆင့်နိမ့်လာလေလေ ဆိုတာကို တွေ့ရမှာပါ။
ဗိုလ်နေ၀င်းက အာဏာတည်မြဲဖို့ ဆိုရှယ်လစ် တံဆိပ်ကပ်ပြီး တစ်ပါတီ စနစ်ကို တည်ထောင်ပါတယ်။ သူ့ကို ဆက်ခံတဲ့ န၀တ၊ နအဖ တွေကတော့ နိုင်ငံရေးပါတီဆိုက်းဘုတ်တွေ လိုက်ဖြုတ်တာ၊ နိုင်ငံရေးသမားပို ကိူရှင်ပြတဲ့အမှုနဲ့ ထောင်ထဲပို့တာ၊ စတဲ့ အောက်တန်းပိုကျတဲ့ ဖိနှိပ်မှုမျိုးကို သုံးပါတယ်။
ဗိုလ်နေ၀င်းက ၁၉၆၂ မှာ အာဏာသိမ်းပြီး ဦးနုရဲ့ ပထစ အစိုးရကို ချေမှုန်းပုံနဲ့ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက အန်အယ်လ်ဒီ ကို ချေမှုန်းပုံဟာ အကွာကြီး ကွာပါတယ်။ ဗိုလ်နေ၀င်းချေမှုန်းပုံက လက်ရှိအခြေအနေနဲ့ နှိုင်းစာရင် နိုင်ငံရေးဆန်ပါတယ်။ အဆင့်မြင့်ပါသေးတယ်။
⚫ စစ်အာဏာရှင်မှသည် စစ်အာဏာရှင်လူတန်းစားဆီသို့
စစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း တစ်ဦးချင်း အာဏာမက်မောမှုကနေ စစ်အာဏာရှင်လူတန်းစား အဖြစ် ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာတာကို သတိပြုသင့်ပါတယ်။
ဗိုလ်နေ၀င်း နောက်ပိုင်း မျိုးဆက်တွေမှာ ပိုပြီး ထင်ထင်ရှားရှား တွေ့လာရပါတယ်။ တစ်ဦးချင်းက အာဏာရှင်အဖြစ် အုပ်စိုးတာထက် လူတန်းစားတစ်ရပ်အဖြစ် ဖွံ့ဖြိုးတိုးတက်လာခြင်းက အာဏာရှင်စနစ်ကို ပိုပြီးအခြေခိုင်စေပါတယ်။
ပထမတစ်ချက်ကတော့ အာဏာရှင်တွေရဲ့ အ၀န်းအဝိုင်းထဲက ပြည်သူဘက်ချိန်ရွယ်ထားတဲ့ သေနတ်ပြောင်းတွေ အာဏာရှင်တွေဘက် ပြန်လှည့်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်လို့ပါ။
ဒုတိယအချက်ကတော့ စစ်အာဏာရှင်လူတန်းစားဟာ ပိုပြီးမြင့်မြတ်တဲ့သူတွေဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို သုတို့လူတန်းစားအတွင်း တည်ဆောက်ပေးထားခြင်းအားဖြင့် ပြည်သူလူထုကို ပိုပြီး အားကောင်းမောင်းသန် ဖိနှိပ်နိုင်ပါတယ်။ လူတန်းစားအတွင်းမှာ အကျိုးစီးပွားတွေ ချိတ်ဆက် မျှဝေထားတာမို့ လူထုကို ဖိနှိပ်ဖို့ဆိုရင် အမိန့်ပေးစရာမလိုဘဲ မျက်စပစ်ပြလိုက်ရုံနဲ့ ကိစ္စပြီးပြတ်အောင် ရွတ်ရွတ်ချွံချွံ အကောင်အထည် ဝိုင်းဖော်ကြပါတယ်။
⚫ စစ်အာဏာရှင် လူတန်းစားရဲ့ အဘိဓမ္မာ
စစ်အုပ်စုခေါင်းဆောင်တွေရဲ့ "ဓား ဓားချင်း၊ လှံ လှံချင်း”၊ "မိုးပေါ် ထောင်မပစ်ဘူး"၊ "ခေါင်းကိုမှန်အောင်ပစ်" ဆိုတာတွေအားလုံးရဲ့ အခြေခံ အဘိဓမ္မာကတော့ "အာဏာကို ထိပါးလာသူမှန်သမျှ ချေမှုန်းပစ်မယ်" ဆိုတဲ့ စစ်အာဏာရှင်လူတန်းစား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးပဲ ဖြစ်ပါတယ်။
ထို့အတူပဲ စစ်အာဏာရှင်တွေ အာဏာရယူပုံ ပိုပြီး အဆင့်နိမ့်လာတာ၊ အတိုက်အခံနဲ့ ပြည်သူအပေါ် ဖိနှိပ်ပုံ ပိုပြီး ယုတ်မာရက်စက်လာတာ တွေရဲ့ အခြေခံအဘိဓမ္မာကလည်း ကိုယ်ကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးပါပဲ။
အဲဒီ အဘိဓမ္မာအပေါ်ကနေ ရက်စက်မှု၊ ယုတ်မာမှု၊ သူရဲဘောကြောင်မှုတွေကို အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်အောင် မွမ်းမံသစ်လွင်လာကြတာ ဖြစ်ပါတယ်။
⚫ သူတို့ချည်းပဲ မဟုတ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ဖိနှိပ်သူ အာဏာရှင်လူတန်းစားရဲ့ အခြမ်းကပဲ ဖွံ့ဖြိုးတိုးတက်လာတာ မဟုတ်ပါဘူး။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ အတွေးအမြင်၊ မျှော်မှန်းချက်ပန်းတိုင်နဲ့ ကျင့်သုံးပုံတွေဟာလည်း အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။
ပြည်သူလူထုဘက်က အဆင့်တစ်ဆင့်ကနေ တစ်ဆင့်ကို ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရာမှာ ဖြစ်ပေါ်တိုးတက်မှုတွေ၊ နိုင်ငံတကာ ောခြေအနေတွေနဲ့ အလွန့်ကို ဟန်ချက်ညီပါတယ်။ အလွန်လျင်မြန်စွာလည်း ပြောင်းလဲတိုးတက်နိုင်ပါတယ်။ လူထုဟာ လက်ရှိလူထုလှုပ်ရှားမှုကြီးထဲမှာတောင် ရက်ပိုင်းအတွင်း ကြွေးကြော်သံတွေ၊ တိုက်ပွဲနည်းနာတွေ၊ ရည်မှန်းချက်တွေကို အဆင့်မြှင့်တင်ပြောင်းလဲနိုင်တာကို တွေ့ခဲ့ရမှာပါ။
အဖိနှိပ်ခံလူတန်းစားဖြစ်တဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကို ရှေ့ဆက်သုံးသပ်တင်ပြသွားပါဦးမယ်။ ။
#MoeMaKaMedia
#WhatsHappeningInMyanmar
#WhatsHappeningInMyanmar