မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၈ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၈ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၃၀၊ ၂၀၂၁ယနေ့ကျဆုံးသူပေါင်း - ၁၉ ဦး
မူဆယ် - ၁၊ မြင်းခြံ - ၁၊ ပဲခူး - ၁၊
ထားဝယ် - ၁၊ မြစ်ကြီးနား - ၁၊
တောင်ဒဂုံ - ၂၊
အောင်ပန်း - ၃၊ ကော့သောင်း - ၃၊
ရွှေကျင် (ထီဖာဒို) - ၆
ဖေဖော်ဝါရီ မှစ၍ ယနေ့အထိ ကျဆုံးသူ စုစုပေါင်း - ၅၅၂
တနေ့တနေ့ အမြို့မြို့အနယ်နယ်က တက်လာတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရတဲ့ သတင်း၊ နှိပ်စက်ခံရတဲ့ သတင်း၊ ရာဘာကျည်ထိတဲ့သတင်းဒဏ်ရာရ၊ သေဆုံးတဲ့ သတင်းတွေကို ဖတ်ရှုရ မြင်ရ ကြားနေရရာကနေ ခုရက်ပိုင်း ကလေးငယ်တွေကို နေအိမ်ထဲမှာ ၊ နေအိမ်ရှေ့မှာ အနီးကပ် ပစ်သတ်ခံရတဲ့သတင်း၊ ဆန္ဒပြသူမဟုတ်ပဲ ကင်းစောင့်သူကို ပစ်ပြီး မသေဆုံးမီမှာပဲ မီးရှို့လိုက်တဲ့ သတင်းတွေ တခုမက ကြားသိနေရပါပြီ။ ပစ္စည်း၊ ငွေ လုယူသွားတာ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေလည်း နေ့စဥ်ရက်ဆက်ကြားလာနေရပါပြီ။
ကြားသိရတဲ့ သတင်းက ပိုပြီးဆိုးရွားတဲ့ သတင်းတွေ ဖြစ်လာနေပြီး ရက်စက်မှု၊ ယုတ်မာမှု၊ အငြှိုးတကြီး ဖျက်ဆီးသတ်ဖြတ်မှုတွေက အဖြစ်အပျက်နဲ့ လိုက်ဖက်တဲ့ စကားလုံးတောင် ရှားပါးလာနေတဲ့ အနေအထားရောက်လာနေပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေတင်မကဘဲ အခြားသောမြို့တွေ ဖြစ်တဲ့ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကော့သောင်း၊ မြင်းခြံ၊ ပုသိမ်၊ မော်လမြိုင်၊ မူဆယ် စတဲ့ အနယ်နယ် အရပ်ရပ်မှာ သပိတ်မှောက် ဆန္ဒပြမှု၊ မခံမရပ်နိုင်ခြင်းကြောင့် ခုခံခြင်းတွေ ဖြစ်နေဆဲပါ။
ရုံးပိတ်ရက်၊ ရုံးဖွင့်ရက်၊ တပေါင်းလပြည့် ပိတ်ရက် စတာတွေကို ဘယ်သူမှသတိပြု တွေးတောတာတွေ မလုပ်နိုင်ပဲ ခုခံမှု ဆန္ဒပြမှု၊ တိုက်ပွဲ ၊ စီဒီအမ် စတာတွေနဲ့ နေ့နေ့ ညည စားလည်း သည်စိတ် အိပ်လည်း သည်စိတ်ဖြစ်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။
စျေးထဲက စျေးသည်တွေလည်း ဆန္ဒပြမှုအကြောင်း ရပ်ကွက်ထဲက သဲအိတ်အတားအဆီး နဲ့ ရက်စက်ကြမ်းတမ်း အညှာအတာကင်းမဲ့တဲ့ စစ်သားလုံထိန်းတွေ အကြောင်း ပြောဆိုနေကြတာ ကြားနေရပါတယ်။
ရန်ကုန်မြို့ထဲမှာတော့ ဖေဖေါ်ဝါရီလနှောင်းပိုင်း မတ်လ ဆန်းပိုင်းလို နံနက်ခင်းမှာ အုပ်စုလိုက် ကော်ခမောက်၊ ကျောပိုးအိတ်နဲ့ လွယ်ပြီးထွက်တဲ့ လူငယ်တွေ သိပ်ထင်ထင်ရှားရှားမတွေ့ရတော့ပဲ သူ့မြို့နယ်အလိုက် သူ့ရပ်ကွက်အလိုက် လမ်းသွယ်တွေကနေ ဆန္ဒပြကြ ခုခံကြ ရှောင်ပြေးကြ တာမျိုးတွေ လုပ်လာကြတဲ့ သဘောကို မြင်တွေ့ရပါတယ်။
လမ်းမကြီးတွေပေါ်မှာ ကားတာယာတွေ မီးပုံရှို့ထားတာတွေလည်း ညနေပိုင်း ညပိုင်းမှာ တွေ့နေရဆဲဖြစ်ပါတယ်။
ဒီနေ့ကတော့ အမှိုက်သပိတ်လို့ အမည်ပေးထားတဲ့ အစိုးရယန္တရား မလည်ပတ်နိုင်သေးဘူးဆိုတဲ့ ပြယုဂ် အဖြစ် အမှိုက်အိတ်တွေကို လမ်းမပေါ်ပစ်ကြဖို့ နှိုးဆော်လုပ်ဆောင်ကြတဲ့ နေ့လည်းဖြစ်ပါတယ်၊ တာမွေ၊ စမ်းချောင်းမြို့နယ်တွေမှာ လုပ်ဆောင်ကြတာကို သတင်းတွေအရ သိရှိကြရပါတယ်။ အချို့မြို့နယ်တွေမှာတော့ အမှိုက်တွေ လမ်းပေါ်ထုတ်ကြတာမျိုးမတွေ့ရပါဘူး။
ပြီးခဲ့တဲ့ ၂ ရက်တာ ကြမ်းတမ်းစွာ ရက်စက်စွာ နှိပ်ကွက်ခဲ့တဲ့ တောင်ဒဂုံမြို့နယ်ရဲ့ အချို့ရပ်ကွက်တွေ အခြေအနေက ပုံမှန်မရောက်သေးပါဘူး။ အပြင်ထွက်တိုင်း သေနတ်နဲ့ ပစ်ခတ်နေတာတွေ ရှိနေဆဲဖြစ်တယ်လို့ သတင်းတွေ ဆိုရှယ်မီဒီယာပို့စ်တွေမှာ တွေ့ရပါတယ်။ တောင်ဒဂုံကို ဒုတိယ လှိုင်သာယာသဖွယ် အညှိုးတကြီးနဲ့ ရက်ရက်စက်စက် ဖြိုခွဲမယ်၊ နှိပ်ကွပ်ဖို့ အမိန့်ပေးညွှန်ကြားထားတဲ့ သဘောလို့ ယူဆရပါတယ်။
လူထုတွေရဲ့ ဆန္ဒပြမှုကို သေနတ်တွေနဲ့ လက်ပစ်ဗုံး၊ လောင်ချာလိုမျိုးနဲ့ အထိသုံးပြီး ဖြိုခွဲတာ သမိုင်းမှာတွင်ကျန်ရစ်ခဲ့မယ့် အဖြစ်မျိုးလည်း ဖြစ်ပါတယ်။
ခုချိန်ထိ ပြည်သူလူထု အာခံ တောင့်ခံထားနိုင်တဲ့ အချက်က ရပ်/ကျေး အုပ်ချုပ်ရေးကို မတည်ဆောက်နိုင်သေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရပ်/ကျေးရုံးတွေ မီးတင်ရှို့ခံရတာတွေ အုပ်ချုပ်ရေးမှူး လုပ်ရဲတဲ့သူ နည်းပါးလွန်းတာတွေက စစ်အာဏာသိမ်းတပ်ကို အုပ်ချုပ်ရေး မထူထောင်နိုင်အောင် တင်းခံထားတဲ့ အချက်ဖြစ်ပါတယ်။
တဖက်မှာ ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်နေတဲ့ ကြားထဲက ရပ်ရွာ လူထုက အာခံနေတာကို စစ်အာဏာသိမ်းတပ်က မခံမရပ်နိုင်ဖြစ်နေတာလည်း ဖြစ်ပါတယ်။
လူတွေစိုးရိမ်ကြတာက ငွေကြေးစီးဆင်းမှု ပြတ်တောက် ရပ်ဆိုင်းသွားမှာကို ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တွေနဲ့ တင်းမာမှုမြင့်မားနေတဲ့ နယ်စပ်ဒေသတွေမှာလည်း ကုန်စည်စီးဆင်းမှု ရှိနေဆဲ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေကတော့ ပိတ်ဆို့မထားတဲ့ အင်တာနက်ဖွင့်ထားချိန်၊ ဗီပီအင်သုံးစရာမလိုချိန်တွေမှာ အလုပ်ဖြစ်အောင်လုပ်ကြပါတယ်။ မြေပြင်မှာ ငွေကြေးလက်ပြောင်းလုပ်နိုင်တဲ့ ဖုန်းကတဆင့် ကေပေး၊ ဝေ့ဗ်ပေးတွေကလည်း လုပ်နေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးဖြစ်နေတဲ့ကြားကာလအဖြစ် သဘောထားတဲ့ပြည်သူလူထု၏ သွေးအေးမှု တည်ငြိမ်မှုနဲ့ ယုံကြည်မှုခိုင်မြဲခြင်းတို့ကို စျေးကွက်ထဲမှာ တွေ့နေရပါတယ်။ ယခင်စစ်အစိုးရအဆက်ဆက်ကလို လက်ထဲငွေသားကိုင် အထုတ်လိုက်စုပြီး လုပ်ကိုင်ကြတာမျိုးကို ကုန်သည်၊ ဝန်ထမ်း၊ လုပ်ငန်းရှင်တွေက ရုပ်ပျက်ဆင်းပျက်မလုပ်ကြတာဟာ စစ်တပ်ကို ပြတ်ပြတ်သားသား အနိုင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြပါတယ်။ စစ်တပ်၏ အစိုးရယန္တယားထက် ပြည်သူလူထုအချင်းချင်း မှီခိုတဲ့ ယန္တယားရှိနေတယ်ဆိုတာကို ပြသရာ ရောက်ပါတယ်။
ယနေ့ မြန်မာနောင်းသတင်းဌာနက CRPH အဖွဲ့ဝင် ဦးရည်မွန်နဲ့ အင်တာဗျူး ထုတ်ပြန်ပါတယ်။ အနှစ်ချုပ်ကတော့ - (မတ် ၃၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အစိုးရသစ်ကို စတင်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဘုံသဘောတူညီချက် ရယူဆောင်ရွက်နေပြီဟု သိရသည်။ ဧပြီ ၁ တွင် ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးအဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းသွားမည်ဖြစ်ပြီး ကြားကာလ ဖွဲ့စည်းပုံအခြေခံမူအဖြစ် Federal Democracy Charter တစ်ခုကို ကိုင်စွဲသွားမည်ဟု CRPH၏ ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခ) မောင်တင်သစ်က ပြောသည်။)
နောက်တပတ်အတွက် နိုင်ငံရေးခြေလှမ်းတွေကို ပြည်တွင်း ပြည်ပက ပြည်သူတွေက ဆက်လက်ထောက်ခံကြမှာ မလွဲပါဘူး။ ပြည်သူတွေက အာဏာဖီဆန်ရေးတိုက်ပွဲဝင်နေတယ်၊ ရင်စည်းပြီး ကြံ့ကြံ့ခံနေတယ်။ အဲသည်အချိန်မှာ CRPH ၏ တာဝန်ယူမှု တာဝန်ခံမှု ဦးဆောင်မှုတွေကို လူထုက လက်ခံမှု အားကောင်းနေဆဲပါပဲ။ လူထု၏ တိုက်ပွဲဝင်စိတ်ဓာတ်မြင့်မားပြီး ကြံ့ကြံ့ခံနေမှုတွေကြောင့် ဒီရက်ပိုင်းအတွင်း AA, TNLA, MNDAA ၃ဖွဲ့က ပြည်သူဘက်က ရပ်တည်ကာကွယ်မည် ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ မွန်ပြည်သူတွေ ၀ပြည်သူတွေ ကလည်း သူတို့၏ လက်နက်ကိုင်တပ်တွေကို မြန်မာပြည်သူတွေဘက်က ရပ်တည်ကြဖို့ တိုက်တွန်းကြပါတယ်။ ကရင်ပြည်နယ်ဒေသတွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ရတာဟာ ကရင်တပ်မတော်တွေက NCA ကို မလိုက်နာလို့ ဖြစ်တယ်လို့ မြန်မာစစ်တပ် တန်ပြန်စွပ်စွဲထားပါတယ်။ KNU ကတော့ စစ်ကောင်စီက အဖွဲ့အစည်းတွင်း သွေးခွဲဖို့ လုပ်ကြံတာပဲ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။
တိုင်းရင်းသားအဖွဲ့အချို့၊ သပိတ်အဖွဲ့အချို့ကတော့ ၂၀၀၈ အခြေခံဥပဒေကို အရင်ဆုံး ဖျက်သိမ်းကြောင်း CRPH က ကြေညာဖို့ တိုက်တွန်းကြပါတယ်။ CRPH ကတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၂၀ ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီကနေ အစိုးရတရပ်ဖွဲ့ပြီးနောက် အဲသည် လွှတ်တော်ကနေ ၂၀၀၈ ကို တရားဝင်ဖျက်သိမ်းမယ့် အစီအစဉ်ရှိပုံရတယ်လို့ ခန့်မှန်းကြသူတွေလည်း ရှိပါတယ်။ CRPH ကိုယ်စားလှယ် ဦးရည်မွန်က အခုလို မြန်မာနောင်းကို ပြောကြားခဲ့ပါတယ်။
(၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးဆိုတာကတော့ CRPH အနေနဲ့ တရားဝင်ပြောခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီးတဲ့အခါမှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ကိုင်စွဲမယ့် ၂၀၀၈နေရာမှာ အစားထိုးမယ့် ပဋိဉာဉ်တစ်ခုကို အခု ဆွေးနွေးပြီး၊ သဘောတူပြီး ဖြစ်ပါပြီ။ ဒီပဋိဉာဉ်ကိုလည်း ရက်ပိုင်းအတွင်းမှာပဲ တိုင်းပြည်ကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီပဋိဉာဉ်ကတော့ အဓိကအားဖြင့် ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေရှိမယ်၊ စံတန်ဖိုးတွေရှိမယ်။ ဆက်သွားမယ့် နိုင်ငံရေးလမ်းပြမြေပုံပါမယ်။ အဓိကအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ အခြေခံမူတွေ၊ လမ်းညွန်အခြေခံမူတွေ ပဋိဉာဉ်မှာ ပါပါလိမ့်မယ်။ Federal Democracy Charter လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ အဲ့ဒါကတော့ ဒီ Charter ရဲ့ အပိုင်း(၁)ပေါ့။ အပိုင်း(၂)မှာကတော့ ဒီကြားကာလ ညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးလမ်းပြမြေပုံကို ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမလဲဆိုတဲ့ အစီအစဉ်တွေ ပါပါလိမ့်မယ်။ ဒီပဋိဉာဉ်ကလည်း ဆွေးနွေးသဘောတူပြီး ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ နိုင်ငံကို ကြေညာသွားမှာပဲ ဖြစ်ပါတယ်။)
အဲသည်ကြားကာလ အခြေခံဥပဒေမူ သို့မဟုတ် Charter ဆိုတာက - (Federal Charter မှာ လွတ်မြောက်နယ်မြေတွင် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်ထိ ၁၈ နှစ်ကြာ ရွေးဆွဲခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားခြင်းဖြစ်သည်။) လို့ဆိုထားတော့ အဲသည်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အငြင်းပွားစရာ မရှိနိုင်ဘူးလို့ မျော်လင့်ပါတယ်။
တရားဝင်အစိုးရတရပ် ပေါ်ထွန်းလာရင် ပြည်သူတွေ၏ ထောက်ခံမှုအပြင် နိုင်ငံတကာ၏ ထောက်ခံမှုကိုပါ တပါတည်း ရရှိပြီး အားလုံး၏ အသိအမှတ်ပြုမှုနဲ့ တိုင်းပြည်ကို ကာကွယ်ပေးနိုင်တဲ့ ပြည်ထောင်စုတပ်မတော်တရပ်လည်း ဖော်ဆောင်နိုင်မယ်လို့ ဦးရည်မွန်က မှတ်ချက်ပေးထားပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ ချင်း၊ ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်း၊ ကယားပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အကာအကွယ်ပေးထားနိုင်တဲ့ နယ်မြေတွေမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြတာမို့ မြန်မာပြည်သူတွေကလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်လှမ်းမီသလောက် ဝိုင်းဝန်း ကူညီထောက်ခံအားပေးကြဖို့ အချိန်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ယမန်နေ့ (မတ် ၂၉) တောင်ဒဂုံမြို့နယ်အတွင်း ရပ်ကွက်တစ်ခုအတွင်းရှိ ပြည်သူ့ခံတပ်ကို စစ်ကောင်စီလက်နက်ကိုင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ပစ်ခတ်ဖြိုခွင်းခဲ့စဉ်။ (Myanmar NOW Photo)
#MoeMaKaMedia
#WhatsHappeningInMyanmar