Breaking News

ခိုင်မျိုး- ခိုင်မျိုး ၏ မြန်မာ့နွေဦးတော်လှန်ရေးကဗျာစု

Art - Than Htay Maung

ခိုင်မျိုး ၏ မြန်မာ့နွေဦးတော်လှန်ရေးကဗျာစု
ခိုင်မျိုး
(မိုးမခ) မတ် ၁၀၊ ၂၀၂၁
-
ရွာထဲမှာ
(၉.၃.၂၀၂၁)

ပဒေသရာဇ်စနစ်နဲ့
ကျေးကျွန်ခေတ်တို့နိုးထလာတဲ့
လှိုင်းတံပိုးညဖြစ်ရဲ့
လွတ်လပ်ငှက်တွေပျံသန်းနေတဲ့
ညကောင်းကင်ထဲ
ကြယ်တချို့၊ မီးခိုးမြူတချို့
မာန်ဖီဟစ်ကြွေးသံတချို့
အထုတ်အပိုးတချို့
သွေးစုပ်မှုတချို့
ချမ်းမြေ့သောလူဘုံရဲ့အနက်အဓိပ္ပာယ်
ပျောက်ဆုံးခြင်းတချို့
ဝင်စားလျက်ရှိသောတည်ကြည်ခြင်းအချို့
ရွာထဲမှာ ။

...

ရွာထဲမှာ 
(၈.၃. ၂၀၂၁)

စက်ဆုပ်ရွံရှာဘွယ်ကောင်းတဲ့
သားသတ်သမားရဲ့ညဟာ
မေတ္တာပို့အမျှဝေနေတဲ့ကြေးစည်သံနဲ့
အပြစ်ကင်းစင်သော
ကလေးငယ်တို့ရဲ့ပျော်ရွှင်မှုကို
ရိုက်ခွဲလိုက်တယ်

...

ရွာထဲမှာ  
(၃. ၃. ၂၀၂၁)

မိုက်မဲသောညဏ်ပညာဟာ
အခိုင်းခံဘဝများရဲ့
ရွှင်လန်းတက်ကြွမှုကို
သတ်ဖြတ်တယ်
ပညာဆီမီးဆိုတာစာနာတတ်သော
ကိုယ်ချင်းညီခံစားမှုနဲ့ထွန်းညှိရတာမျိုးမဟုတ်လား
အဓမ္မနဲ့ဘယ်ညီမျှခြင်းမှ
ရေးမရကြောင်းသေချာခဲ့ပြီးပြီ
ကြောက်အောင်ဖိနင်းသမျှ
တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့
မကြောက်တရားတို့သာ
စဥ်ဆက်မပြတ်မွေးဖွားနေပေလိမ့်မယ်
တနည်းနည်း၊တနေရာရာ၊
တချိန်ချိန်၊တကြောင်းကြောင်းနဲ့
ပြန်လာပေလိမ့်ဦးမယ်
ရွာထဲမှာ
ရွာထဲမှာပေါ့။

...

ရွာထဲမှာ
(၂.၃.၂၀၂၁)

တချို့က..
အဝတ်မဲ့တဲ့အကျင့်ကို
ကျင့်ကြပြီး
တချို့က...
အရှက်မဲ့တဲ့အကျင့်ကိုကျင့်ကြတယ်
တချို့က...
အဝတ်မဲ့သူတွေကို
ကိုးကွယ်ဆည်းကပ်ကြပြီး
တချို့က...
အရှက်မဲ့သူတွေကို
ကိုးကွယ်ဆည်းကပ်ကြပြန်တယ်
သည်လိုနဲ့
လူ့သမိုင်းဟာ
ကောက်ကွေ့ခဲ့တော့တာပါပဲ။

...

ရွာထဲမှာ
(၂၇.၂.၂၀၂၁)

ရာသီညီမျှ၊အချိန်ကျရင်
တိမ်ကြားသက်တန့်၊ရောင်စဥ်တွေဆန့်လိုက်သလို
ငွါးငွါးစွင့်စွင့်၊ကြွားကြွားဝင့်ဝင့်
နွေဦးရဲ့နေခြည်သစ်နဲ့
လျှမ်းတင့်စွာပွင့်လာမယ့်ပန်း
ချစ်ခြင်းနဲ့နမ်းစို့။