မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၈ ရက် မြောက်နေ့ မြင်ကွင်း ...

During February CDM Protest, Railway Workers' Boycott

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၈ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) မတ် ၁၀၊ ၂၀၂၁မတ်လ ၁၀ ရက်နေ့အတွက် ခေါင်းစီးသတင်းကတော့ အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်၊ မလွှကုန်း မီးရထားဝန်ထမ်းအိမ်ယာကို ဝင်ရောက် ကျုးကျော်သိမ်းပိုက်ပြီး CDM သပိတ်မှောက် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၉၀၀ ကျော်ကို နေအိမ်တွေက မောင်းထုတ်လိုက်တာ ဖြစ်ပါတယ်။ စစ်တပ်က အတင်းအကြပ်အလုပ်ဆင်းခိုင်းတာကို ငြင်းဆန်ပြီး ဝန်ထမ်းအားလုံး နေအိမ်လိုင်းခန်းတွေ စွန့်ခွာလာကြတာ ဖြစ်ပါတယ်။ လူထုလာရောက် ကူညီလို့ မရအောင် ဖြတ်တောက်ထားပေမယ့် လူထုက ကားတတန် ခြေလျင်တတန် ရောက်အောင်သွားပြီး မီးရထားဝန်ထမ်းတွေကို ဝန်းရံခဲ့ကြတယ်။ အင်အားပြပြီး ထောက်ခံခဲ့ကြတယ်။ အကြမ်းဖက်စစ်အုပ်စုက လူထုကို လက်နက်အင်အား အကြောက်တရားနဲ့ အနီုင်ကျင့်ချိုးနှိမ်ဖို့ ကြိုးစားတာ မအောင်မြင်ဘဲ စစ်အုပ်စုအတွက် အကြီးအကျယ် ထပ်မံ ရှုံးနိမ့်ခြင်း ဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်က စမ်းချောင်းမြို့နယ်ကို အကြိမ်ကြိမ် ကျူးကျော် စော်ကားသိမ်းပိုက်ဖို့ ကြိုးစားပါတယ်။ တပ်တွေ ခွဲချပြီး သပိတ်တပ်တွေ ထွက်မလာအောင် အကြမ်းဖက်ပါတယ်။ နောက်ဆုံး ညနေခင်းမှာ လက်နက်ပျောက်လို့ဆိုပြီး တအိမ်တက်ဆင်း တက်ကျုးကျော်ပြပါတယ်။ လမ်းတိုင်းလမ်းတိုင်းက ထွက်ပြီး အင်အားပြကြ ကြွေးကြော်ကြတော့ တလမ်းတည်းနဲ့ နောက်ဆုတ်သွားတယ်။ ပျောက်တဲ့ လက်နက်လည်း ပြန်တွေ့ပြီလို့ ဆိုပါတယ်။ သူတို့တွေ မတ်လနေပူကျဲကျဲတောက်ကြီးထဲမှာ ပြည်သူကို ဖိနှိပ်ဖို့ ကြိုးစားနေချိန်မှာ လူထုကလည်း နေပူထဲမှာ တောင့်ခံပြီး တွန်းလှန်နေတာ ဖြစ်ပါတယ်။ မြောက်ဥက္ကလာ၊ တောင်ဒဂုန် စတဲ့မြို့နယ်တွေမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်တာ ပိတ်ဆို့တာ ဖမ်းဆီး ပစ်ခတ် နှိမ်နင်းတာတွေ ကျူးလွန်ခဲ့ပါတယ်။ လူထုက ပြန်လည်စုစည်းပြီး တွန်းလှန်မြဲ တွန်းလှန်ဆဲ ဖြစ်ပါတယ်။ နယ်မြို့တွေ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ မြိတ်၊ လားရှှိုး နေရာအနှံ့မှာ စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေပေမယ့် ပြည်သူတွေက နောက်မဆုတ်ပဲ ရှေ့တိုးပြီး ဆန္ဒပြ ဆန့်ကျင်နေဆဲဖြစိပါတယ်။ ဖမ်းဆီးခံ သတ်ဖြတ်ခံရတာတွေကို မှတ်တမ်းအဖြစ် ထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ အချိန်နဲ့ တပြေးညီရောက်နေတဲ့အတွက် စစ်ကောင်စီက မည်သို့ပင် လိမ်ညာလှည့်ဖြားပြောတာ ထုတ်ပြန်တာတွေကီု လူထုက လုံး၀လက်မခံတော့တာ တွေ့ရပါတယ်။
နေ့သပိတ်တွေကနေ ညသပိတ်တိုက်ပွဲတွေအဖြစ် လူထုက ရှေ့တိုးပြီး ဆင်နွဲလိုက်ပါပြီ။ နေ့ခင်းမှာ လမ်းပေါ်သပိတ်ဆင်နွဲပြီး အိမ်ပြန်တော့လည်း ညဖက်ကို အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်တပ်က လူတွေကို ခွေးဆွဲသလို လာဆွဲနေတော့ မြန်မာပြည်သူတွေက ၂၄ နာရီ သပိတ်တိုက်ပွဲ သပိတ်စခန်းတွေ ဖွင့်လှစ်လိုက်တယ်လို့ ဆိုရမလိုပါပဲ။ ညဘက်မှာပါ လူထုက ကိုယ့်လုံခြုံရေးကိုယူပြီး အလစ်မပေးတော့ပါဘူး။ အလျော့ပေးရင် ဘယ်လောက်တောင် ရက်စက်မိုက်ရိုင်းသလဲဆိုတာကို ဖက်ဆစ်တွေနဲ့ ရင်ဆိုင်နေရသူတွေ က လက်တွေ့အသိနဲ့ သိသွားပြီ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကနေ မျက်ရည်ခံထိုးတဲ့ မျက်ရည်ချူတဲ့ ပို့စ်တွေထက် ခွန်အားဖြည့်တဲ့ ညာသံပေး အားတင်းတဲ့ ပို့စ်တွေ သဘောထားတွေကို ပိုပြီး တွေ့ရပါတယ်။ လက်တွေ့ကျတဲ့ ရင်ဆိုင်ပုံကိုလည်း မြင်ကြရပါတယ်။
မလွှကုန်းမီးရထားအိမ်ယာအကြမ်းဖက်မှု ဖြစ်ပွားနေချိန်မှာ စာရေးဆရာစည်သူအောင်မြင့် ပို့စ်တခုကလည်း အားရှိစရာ ဖြစ်ပါတယ်။ FM တွေမှာ အာဏာမသိမ်းခင်ကလို အစီအစဉ်တွေ မရှိတော့ပေမယ့် မြန်မာ၊ နိုင်ငံခြား သီချင်းတွေတော့ ပုံမှန်လွှင့်တယ်။ ဒီနေ့တော့ အင်္ဂလိပ်၊ ထိုင်း သီချင်းတွေချည်းပဲ လွှင့်နေတော့ ထူးဆန်းနေတယ်။ အကြောင်းကတော့ မြန်မာသီချင်းမူပိုင်ရှင်တွေက FM ရေဒီယိုတွေမှာ အခုလို မငြိမ်းချမ်းသောအချိန်ကာလ သူတို့သီချင်းတွေ ထုတ်လွှင့်ခွင့်မပေးကြောင်း ထုတ်ပြန်ထားလို့ပါတဲ့။ သတင်းသာ အမှန်ဆိုရင် အားဆေးတခွက် ဖြစ်ပါတယ်။
တချို့တင်ထားတာတွ ပြန်တင်ဆက်ရရင် - ကျနော်တို့ရဲ့ အားသာချက်က အနာဂတ်အတွက်၊ ဒင်းတို့ရဲ့ အားနည်းချက်က အနာဂတ်မဲ့၊ ကိုယ့်ဘက် အလေးသာအောင် လုပ်ကြ။ ရပ်ကွက်သူ ရပ်ကွက်သားများ စုစည်းညီညွတ်ကြ၊ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ယာ၊ ကိုယ့်ရပ်ကွက် နဲ့ ကိုယ့်ကျေးရွာ... ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြ၊ အာဏာနဲ့ သေနတ်ပြောင်းဝတွေသည် ငါတို့ ရွာထဲ၊ ရပ်ကွက်ထဲ၊ လမ်းထဲ၊ အိမ်ထဲ အထိ ရောက်နေပြီ၊ ငါတို့ရှင်သန်မှုအတွက် ငါတို့ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်ကြရမည်။ အာဏာရူးတစုရဲ့ ဖိနှိပ်မှုသည် ... နောင်မျိုးဆက်အတွက် မဖြစ်စေရ၊ မိမိကိုယ်ကို ကာကွယ်ကြရမည်...
ကျနော်တို့ ဒီအချိန်မှာ ကြောက်နေရင် တစ်သက်လုံး ကြောက်ခေတ်ထဲမှာ နေရတော့မယ်။
ကျနော်တို့ ဒီအချိန်မှာ တွေဝေနေရင် တစ်သက်လုံး အမှောင်ခေတ်ထဲမှာ နေရတော့မယ်။
ကျနော်တို့ ဒီအချိန်မှာ တုံ့ဆိုင်းနေရင် တစ်သက်လုံး အပိတ်ခေတ်ထဲမှာ နေရတော့မယ်။
ကြောက်ခေတ်ကို မှောက်ပစ်ကြ။ လူထုတစ်ရပ်လုံး ညီညွတ်ကြလော့။ ဘုံပန်းတိုင်ကို ရှေးရှုကြလော့။ ဘုံရန်သူကို တိုက်ခိုက်ကြလော့။
ငုံ့မခံနဲ့ လက်တုန့်ပြန်ကြဆိုတဲ့ အရွေ့မှာ ပါဝင်ကြ။
အစကတော့ ဟိုအားကိုး သည်အားကိုးနဲ့ မြန်မာပြည်သူတွေက မျော်ကြပါတယ်။ နောက်တော့ အနာဂတ်အပျောက်မခံချင်တဲ့ မျိုးဆက်သစ်လူငယ်တွေနောက်ကို လိုက်ပြီး နွေဦးတော်လှန်ရေး ဆင်နွဲကြတယ်။ အဲသည်တိုက်ပွဲခေါ်သံနောက်မှာ လိုက်ပါလာပြီး ကိုယ့်နဲ့ ဆိုင်ရာ နိုင်ရာလုပ်ကြ ဖြည့်ဆည်းကြတဲ့အင်အားတွေကနေ CRPH လှုပ်ရှားမှုတွေ အားကောင်းလာပါတယ်။ အခုဆိုရင် NL:D - CRPH က လွှတ်တော်ပြင်ပအစုအဖွဲ့တွေထဲက ၈၈ ပွင့်လင်းအဖွဲ့တွေ တိုင်းရင်းသားတွေ CDM ဦးဆောင်သူတွေနဲ့ လက်တွဲ ချိတ်ဆက် အလုပ်တွေ ဆက်နေပြီ ဆိုရပါမယ်။ သူတို့ပြောတဲ့ ကြားကာလအုပ်ချုပ်ရေးအဖွဲ့တွေလည်း တပြည်လုံး အတော်ဖွဲ့ပြီးပြီ ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကို်အဖွဲ့တွေထဲက KNU, KNLA စတဲ့အဖွဲ့တွေက လူထုကို အကာအကွယ်ပေးမယ့်အကြောင်း ထုတ်ပြန်လာကြပါတယ်။
နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်၏ အုံကြွမှုကြီးအရှိန်မြင့်တက်လာတာကို ကြည့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်မှုတွေ လုပ်လာကြပါတယ်။ အိန္ဒိယမီဇိုရမ်ပြည်နယ်က စစ်ပြေးတိမ်းရှောင် မြန်မာပြည်သူတွေကို လက်ခံနို်င်ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကလည်း ကုလကို အကူတောင်းပြီး စစ်ကင်းမဲ့ဇုန်၊ ဒုက္ခသည်စခန်း စတဲ့ အကာအကွယ်တွေ ပေးနိုင်ဖို့ကို ထုတ်ပြန်ထားပါတယ်။ တရုတ်ပြည်နယ်စပ်တလျောက်က လက်နက်ကိုင်တိုင်းရင်းသားနယ်မြေတွေကိုလည်း တရုတ်အစိုးရက တစုံတရာတော့ ညွှန်ကြားချက်ပေးထားလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းပါတယ်။ အာဆီယံကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမရှိတဲ့အတွက် အာဆီယံအသင်းဝင်အဖြစ်က ဆိုင်းငံ့ရန် စဉ်းစားထားပါတယ်။ အနောက်အုပ်စုအတွက်ကတော့ ကိုယ့်တိုင်းပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီ၊ မိသားစုဝင်၊ အပေါင်းအပါများ၊ စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များကို ပိတ်ဆို့အရေးယူဖို့ အဆင့်တွေ တိုးမြှင့်ဖို့ ဆက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ရင်းနှီးမြုတ်နှံမှုတွေသာမက အကူအညီတွေ ချေးငွေတွေလည်း စစ်အုပ်စုနဲ့ စစ်ကောင်စီဆီကို ရောက်ဖို့ ခဲယဉ်းသွားပါတယ်။ CRPH က ကြားကာလ ယာယီအစိုးရ ဖွဲ့စည်းပြီး ငွေကြေး ဘဏ္ဍာရေး စီမံကိန်း စတာတွေ တာဝန်ခံနိုင်မယ်ဆိုရင် စစ်ကောင်စီအတွက် အကြပ်အတည်းတွေချည်းပါပဲ။
စစ်ကောင်စီက လူငယ်တွေက မူးယစ်ဆေးသုံးသူတွေလို့ စွပ်စွဲပါတယ်။ လိုက်လံဖမ်းဆီးခံရသူတွေ ညတွင်းချင်း စစ်ကောင်စီလက်ထဲမှာ သေဆုံးရတာတွေကို မတော်တဆမှုလိုလို ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှင်းပမ်း ရိုက်နှက်တဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေဟာ ရဲအဖွဲ့တွေ၏ မဆင်မခြင်နိုင်မှုလို့ ပြစ်တင်သံထုတ်ပါတယ်။ စစ်တပ်နဲ့ ရဲက လမ်းပေါ်ကဆန္ဒပြသူတွေကို သွေးအေးအေးနဲ့ ပစ်သတ်တာတွေကိုလည်း သူတိုကို ရန်ရှာလို့ ပြန်ခုခံရပါတယ် စသဖြင့် နည်းမျိုးစုံနဲ့ လိမ်လည်လှည့်ဖြားနေတာပါပဲ။
အင်န်အယ်ဒီပါတီက ဦးထွန်းထွန်းဟိန်အပါအဝင် ဖမ်းဆီးခံထားရတဲ့ CEC ၁၄ ဦးကို မတ်လ ၁၉ ရက်နေ့မှာ ဖမ်းထားတဲ့ အကျဉ်းထောငိ်အသီးသီးမှာပဲ ရုံးထုတ်မယ်လို့ သိရပါတယ်။ ဦးထွန်းထွန်းဟိန်ကတော့ လားရှိုးထောင်ကနေ ရုံးထုတ်ပါမယ်။ သမီး သတင်းစာဆရာမ ဒေါ်မေသင်္ကြန်ဟိန်ကတော့ ခုထိ သူ့ဖခင်ကို တွေ့ခွင့်မရသေးဘူးလို့ သူ့ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။
အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း၊ ကြားဖြတ်အစိုးရကို အမျိုးသားညီညွတ်ရေးအခြေခံပြီး ဖွဲ့စည်း၊ ဖယ်ဒရယ်ဒီမိုကရေစီအာမခံတဲ့ အခြေခံဥပဒေမူကြမ်းတခု အတည်ပြု၊ တိုင်းရင်းသားတွေ နဲ့ ပြည်သူတွေအကုန်အစင်က စစ်အာဏာရှင် အလုံးအစင် ဖယ်ရှားပစ်ဖို့ တိုက်ပွဲဝင်ကြ စတဲ့ မြင်ကွင်းကြီးကို မြန်မာပြည်သူတွေက တက်ကြွစွာ မြင်ယောင်ကြည့်နေကြပါတယ်။ ဘယ်လောက် အချိန်အတွင်း လက်တွေ့ဖြစ်လာမလဲဆိုတာ မေးခွန်းပါ။ အာဏာရှင်၏ ခြေရာလက်ရာတွေ သဘောထားတွေ အကြွင်းအကျန်တောင် မထားပဲ မြေလှန်ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်မှုလည်း လိုအပ်ပါတယ်။
သည်မြင်ကွင်းမှာ သတင်းလွတ်လပ်ခွင့် စာနယ်ဇင်းအခန်းကဏ္ဍက မျော်လင့်ချက်တခုကတော့ ပြည်ထောင်စုအသစ်မှာ ပြန်ကြားရေးဝန်ကြီးတို့ အစိုးရသတင်းစာတို့ စာအုပ်ထုတ်ဝေသူ မှတ်ပုံတင်စနစ်တို့ ရုပ်ရှင်ဆင်ဆာအဖွဲ့တို့ စတဲ့ စိစစ်တဲ့အဖွဲ့တွေ စစ်ဆေးတဲ့အဖွဲ့တွေစာနယ်ဇင်းသမားတွေ၏ ကံကြမ္မာကို ဝင်ပြီး စီမံနိုင်တဲ့ အစိုးရအဖွဲ့တွေ လွှတ်တော်အဖွဲ့တွေ အကုန်အစင် ဖျက်သိမ်းပြီး လုံး၀ ပပျောက်ရေး ဖြစ်ပါတယ်။ အခုလက်တွေ့မှာ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့သတင်းနဲ့ ပြန်ကြားရေး လက်ကိုင်တုတ်တွေနဲ့ မြန်မာပြည်သူတွေကိုကော စာနယ်ဇင်းသမားတွေကိုပါ ဖိနှိပ်တိုက်ခိုက် သတ်ဖြတ်နေတာ အထင်အရှား မဟုတ်ပါလား။
#MoeMaKaMedia #WhatsHappeningInMyanmar