Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၄ ရက် မြောက်နေ့ မြင်ကွင်း ...

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၄ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) မတ် ၆၊ ၂၀၂၁

မတ်လ ၆ ရက်နေ့မှာ နေ့ခင်းက မြန်မာပြည်သူတွေဟာ လမ်းပေါ်မှ စုဝေးပြီး စစ်အာဏာရှှုင်ကို ဖီဆန်ကြတယ်။ လာရောက် အကြမ်းဖက်တဲ့ စစ်တပ်နဲ့ ရဲတွေကို ခုခံတွန်းလှန်ကြတယ်။ ညဖက်ရောက်တော့လည်း စစ်တပ်နဲ့ရဲဟာ ရပ်ကွက်တွေထဲ ဝင်ပြီး ဖမ်းဆီးတာ ရန်စအကြမ်းဖက်တာတွေ ကျူးလွန်ပါတယ်။ ပြည်သူတွေက သံပုံးတွေတီးပြီး မောင်းထုတ်တာအပြင် အကြမ်းဖက်စစ်သားတွေ ရဲတွေ ပြန်ပစ်တဲ့ လက်နက်တွေ လောက်စာလုံးတွေကို အာခံပြီး အော်ဟစ် ဆဲဆိုမောင်းထုတ်ကြတယ်။ လမ်းထဲအထိ ကျူးကျော်လာရာကနေ အိမ်ထဲ တိုက်ထဲဝင်လာရင်တော့ ပြည်သူတွေက အကုန်လုံးဆင်းပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

ရပ်ကွက်တွေထဲက ဘာသာရေးအဆောက်အအုံတွေ ကျောင်းတွေ ရုံးတွေထဲကို စစ်တပ်နဲ့ ရဲက လာပြီး နေရာယူတယ်ဆိုတဲ့ သတင်းတွေလည်း တက်ပါတယ်။ သူတို့အင်အားနဲ့ တမြို့လုံးအင်အားနဲ့ဆို ဘာမှ ယှဉ်လို့မရအောင် အားနည်းပါတယ်။ သူတို့က တနေရာမှာ အထိုင်ချလိုက်ပြီ ဆိုတာနဲ့ သူတို့အတွက် ပြောင်းလွယ် ပြင်လွယ်မဟုတ်တော့ဘဲ လူထုရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုအောက် ရောက်သွားပြီဆိုတာ မသိတာလား တမင်ပဲ ဟန်ပြခြိမ်းခြောက်ချင်တာလားတော့ မသိပါ။ ပြည်သူတွေက သူတို့တွေစခန်းချတဲ့နေရာတွေ သူတို့အင်အားတွေ သွားနေလာတဲ့လမ်းကြောင်းတွေ ဆိုရှယ်မီဒီယာမှာ များများ တင်ထားလေ သူတို့ကို တွက်ချက်ပြီး တုန့်ပြန် တွန်းလှန်နိုင်ဖို့ ပြည်သူတွေဘက်က အားကောင်းလေ ဖြစ်ပါမယ်။ အချို့နေရာတွေမှာ ရဲတပ်သားတချို့က လမ်းမကြီးပေါ်ကနေ ဖြတ်သွားဖို့အတွက် လမ်းရှင်းတာဖြစ်တယ်၊ လမ်းသွယ်တွေအထိ မဝင်ဘူးလို့ ထုတ်ပြောတာကို တွေ့ရပါတယ်။ တချို့နေရာမှတော့ လမ်းမကြီးကို ရှင်းလင်းရင်းကနေ အင်အားသုံးပြီး ပစ်ခတ် အကြမ်းဖက်တာကို စစ်တပ်က ကျုးလွန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့နဲ့ မီဒီယာအကြား ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီဝင်တွေကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ပါတယ်။ တကယ်ကတော့ ဖေဖော်ဝါရီအစောပိုင်းကတည်းက စာနယ်ဇင်းမီဒီယာကောင်စီဝင်တွေက သူတို့သဘောနဲ့သူတို့ နှုတ်ထွက်ထားပြီး ဖြစ်ပါတယ်။ အခုသူတို့စိတ်တိုင်းကျ စာနယ်ဇင်းကောင်စီဖွဲ့ဖို့ ပြင်ဆင်နေပုံရပါတယ်။ CDM လုပ်ထားကြတော့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်လိုစာနယ်ဇင်းသမားက သွား ဒူးထောက်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ပြီးတော့ ပြန်ကြားရေး က သတင်းဌာနတွေကို သတိပေးစာတွေ ဆက်တိုက် ပို့နေတယ် ။ သတင်းဌာနတွေကလည်း စစ်ကောင်စီ၊ စစ်အာဏာသိမ်း ကောင်စီ စသဖြင့် ဆက် သုံးစွဲနေတာ ရှိတယ် ။ အများစုက ၊ တချို့တော့ စကားလုံးတွေ ရှောင်တိမ်းသုံးတာရှိတယ် ။ အများစုက သုံးနေဆဲပဲ ။ အရေးယူမယ်လို့ သတိပေးစာမှာ ပါတယ် ။ ဒီနေ့နေ့စွဲနဲ့ ပြန်ကြားရေးက သတိပေးစာတွေ ထပ်ပို့လာတာရှိတယ် ။ စနေနေ့ နေ့စွဲနဲ့ ။ သတင်းဌာနတွေ အနေနဲ့ ညီညွတ်စွာနဲ့ စုစည်းမှု အင်အားပြရမယ့် အနေအထားဖြစ်တယ်။

ဒါက သတင်းလွတ်လပ်ခွင့် ၊ အယ်ဒီတာ မူဝါဒ လွတ်လပ်ခွင့်ပဲ၊ စစ်အာဏာသိမ်း အစိုးရအောက်မှာ သတင်းလွတ်လပ်ခွင့်တောင်းနေတာ သဘာဝမကျဘူး၊ မရနိုင်ဘူးလို့ ပြောကောင်းပြောနိုင်တယ်၊ သို့ပေမယ့် ဆယ်စုနှစ်တခုနီးပါး ကျင့်သုံးခဲ့တဲ့ သတင်းလွတ်လပ်ခွင့်ကို ညီညွတ်စွာ ခုခံရမယ့်၊ လိုင်စင်ပိတ်သိမ်းမယ်ဆို အားလုံး ပိတ်သိမ်းခံကြမယ် ဆိုတာမျိုးနဲ့ ခုခံရမယ် ထင်တယ်။

ပြည်တွင်းတိုက်ပွဲတွေထဲက လမ်းပေါ်သပိတ်တိုက်ပွဲတွေ ဆက်ပြိး ပြင်းထန်နေတဲ့အပြင် Civil Disobedience Movement, Social Punishment Movement, Boycott Myanmar Military Business Campaign တွေက အရှိန်ရနေပါတယ်။ လူတိုင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ အလုပ်တွေကိုး။ ပြီးတော့ တရုတ်သွင်းကုန်တွေကိုပါ သပိတ်မှောက်လှုပ်ရှားမှု ဆက်ဖြစ်နေတယ်။ ပြည်တွင်းကုန်ပစ္စည်းကို အားပေးဖို့လည်း ဆော်ဩကြတယ်။ အနောက်နိုင်ငံတွေကနေ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို ငွေကြေး ဘဏ် အကူအညီ ချေးငွေတွေ ပိတ်ဆို့ထားမှုတွေ တိုးပြီးလုပ်နေတာကလည်း ထိရောက်တယ်လို့ ဆိုရပါမယ်။

ဝမ်းနည်းစရာတခုကတော့ CRPH ရဲ့ တိုးချဲ့ကော်မတီဝင်တွေထဲက ဦးစိုးညွန့်လွင်နဲ့ ဦးရဲလှိုင်တို့ကို မနေ့ညက စစ်အုပ်စုက ဝင်ဖမ်းသွားတယ်လို့ BBC ကနေ အတည်ပြုသွားတာဖြစ်ပါတယ်။ ထို့အတူ NLD အဖွဲ့ဝင်တွေ ခေါင်းဆောင်တွေနဲ့ သပိတ်တိုက်ပွဲဝင်သူတွေ တက်ကြွလှုပ်ရှားသူတွေကို ညဘက်တွေမှာ အကြမ်းဖက် ကျုးကျော် ဖမ်းဆီးတာတွေ လုပ်တယ် ၊ ကြိုးစားတယ်ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူ ခေါင်းဆောင်တွေ အားလုံးကလည်း တဗိုလ်ကျ တဗိုလ်တက်၊ အင်အားတွေ အဆင့်ဆင့်ထုတ်သုံးပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိမ့်မယ် မျော်လင့်ပါတယ်။

ဒေါက်တာဆာဆာကတော့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဆီက ဖိအားတွေအတွက် အာမခံချက်ရရှိပြီးတဲ့နောက်မှာ ပြည်တွင်းက တိုင်းရင်းသားအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ သဘောတူညီချက်တွေ တိုးချဲ့ရယူနေတာ တွေ့ရပါတယ်။ သည်နေ့မှာ သူထုတ်ပြန်တာက ချင်းခေါင်းဆောင်တွေ အစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဖယ်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံတော် ထူထောင်နိုင်ရမယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။ ပြီးတော့ ရှမ်းပြည်က ရှမ်းပြည်နယ် (RCSS) ပြန်လည်ထူထောင်ရေးကောင်စီနဲ့လည်း တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောထားပါတယ်။ အာဆီယံနိုင်ငံတွေက စိတ်ဝင်စားသူပုဂ္ဂိုလ်တွေနဲ့လည်း ဒေါက်တာဆာဆာတွေ့ဆုံပြီး ဖြစ်ပါတယ်။ အိမ်နီးချင်းတွေထဲက အဓိကအရေးပါသူ တရုတ်ပြည်က ခေါင်းဆောင်တွေကိုကော ဒေါက်တာဆာဆာက ဆက်သွယ်စကားပြောဆိုထားတာ ရှိမရှိကလည်း စိတ်ဝင်စားစရာပါ။

မြန်မာစစ်ကောင်စီကို တရုတ်အစိုးရက သူတို့၏ ဓာတ်ငွေ့ပိုက်လိုင်းတွေ လုံခြုံစိတ်ချမှုရှိစေဖို့ အရေးပေါ် အစည်းအဝေးခေါ်တဲ့ သတင်းပေါက်ကြားလာပါသေးတယ်။ ဖေဖော်ဝါရီ ၂၃ နေ့စွဲ ထွက်လာတဲ့စာမှာ တရုတ်စီးပွားရေးစီမံကိန်းများကို ကာကွယ်ပေးရန်၊စစ်တပ်က လက်နက်ကိုင်ပြီး စောင့်ရှောက်ပေးရန်၊ တရုတ်တို့နှင့် သတင်းဖလှယ်ရန်၊ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်များကို စောင့်ကြည့်ရန်၊ လိုအပ်ပါက တရုတ်ပညာရှင်များ ဝင်ရောက်စစ်ဆေးခွင့်ပေးရန်၊ တရုတ်အပေါ် ရန်လိုမှုများ ကျဆင်းအောင် သတင်းဌာနများကနေ ဆောင်ရွက်ရန် စသည်အချက်တွေ ပါဝင်ပါတယ်။ စဉ်းစားစရာပါ။

NLD - CRPH က အာဏာရှင်စနစ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို အတည်ပြုပြောကြားလိုက်တော့ မျိုးဆက်သစ်တွေက တခဲနက်ထောက်ခံကြပါတယ်။ သပိတ်တိုက်ပွဲကာလအတွင်းမှာ စုဖွဲ့ထားကြတဲ့ GSCC, GSCN, GSC ဆိုတဲ့ တပ်ပေါင်းစုအဖွဲ့တွေကလည်း သဘောတူကြပါတယ်။ အားလုံးစုဝေးပြီး မတ်လ ၇ ရက်နေ့ကို ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲဝင်စုဝေး ဆိုတဲ့ ကြွေးကြော်သံနဲ့ အင်အားပြချီတက်ကြဖို့ ထုတ်ဖော်ထားပါတယ်။

သဉ္ဇာရွှန်းလဲ့ရည်က ဒီလိုရေးထားပါတယ်- ကျမတို့ နိုင်ငံဟာ အာဏာရှင် စနစ်ကို အမြစ်ဖြတ်ဖို့ လမ်းတွေပေါ်မှာ အသက်နဲ့ ရင်းပြီး ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ အာဏာရှင်ဆိုတာ ဘာလဲ၊ အာဏာရှင်စနစ်ဆိုတာ ဘာလဲ ကျမတို့ အသေချာ နားလည်ကြရဲ့လား။
ဘာလို့ဆို အာဏာရှင်ဟာ ဒီဘက်ခေတ်မှာ မမြင်သာအောင် အယောင်ဆောင်တတ်တယ်။ ၂၀၀၈ ကို အရေခြုံလို့ ရုပ်ဖျက်တတ်တယ်။ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စကားတွေ တွင်တွင်ပြောလို့ ထောက်ခံမှု ရှာတတ်တယ်။ အာဏာရှင်ဟာ သူလိုကိုယ်လို အ၀တ်အစားနဲ့ ဘတ်စ်စကား စီးလို့လဲ ကျမတို့ရင်ထဲထိ ၀င်ထိုင်နေတတ်တယ်။ ကျမတို့နိုင်ငံမှာ အာဏာရှင်စနစ်ဟာ နှစ်ပေါင်းများစွာ ကြာခဲ့လို့ အာဏာရှင်အသေးစားလေးတွေ မြောက်မြားစွာ မွေးခဲ့ပြီးဖြစ်တယ်။ အာဏာရှင်ဆိုတာ ဘာလဲ၊ အာဏာရှင်စနစ်ဆိုတာ ဘာလဲ အတိအကျ သိထားပြီး တွေ့တာနဲ့ နှိမ်နှင်းရမယ်။ ကျမတို့ ကိုယ်စီမှာ ခိုး၀င် ကိန်းအောင်းနေနိုင်တဲ့ အာဏာရှင်အမူအကျင့်၊ အပြောအဆိုတွေ ဆွဲထုတ်ပြီး အမြစ်ဖြတ် မှသာလျှင် တကယ့်ကို အာဏာရှင်စနစ် ကို အားပေးနေတဲ့ အာဏာရှင်အသေးစားတွေ ပျောက်ကွယ်မှာ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။


မန္တလေးက ဆရာဝန် သပိတ်ခေါင်းဆောင် တေဇာစန်းကတော့ သည်လိုရေးပါတယ်။ မနက်ဖြန် (၇ ရက် မတ်လ ၂၀၂၁) မနက်၊ လမ်းမထက်မှာ ကျနော်တို့ တွေ့ကြမယ်။ ဒီခရီး၊ ပြောသလောက် မနီးမှန်းသိတယ်။ ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းတဲ့ ခေတ်ရဲ့ သမိုင်းပေးတာဝန်နဲ့ ဘုံပန်းတိုင်ကို လျှောက်ကြရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကျေပွန်ချင်တယ်။ လုံမလေးရေ၊ လုံမလေး အရွယ်ရောက်လာလို့ ၂၀၂၁ ခု မြန်မာ့နွေဦး တော်လှန်ရေးအကြောင်း အဖေ့ကို မေးလာရင် အဖေ လိပ်ပြာလုံချင်တယ်။
ဒီနိုင်ငံမှာ အာဏာရှင်ကို တော်လှန်ရတဲ့မျိုးဆက်အနေနဲ့ အဖေတို့မျိုးဆက်က နောက်ဆုံးပဲ ဖြစ်ပါရစေတော့။
စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်။ အရေးတော်ပုံ အောင်ရမည်။


သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ လူငယ်ခေါင်းဆောင် အိသဉ္ဇာမောင်ကတော့ သည်လို ဆိုထားပါတယ်။ "နိုင်ငံရေးမျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီ'' ။ တော်လှန်ရေး ကို မရှိန်မကျဖို့ဘဲလိုတယ်။ အိမ်တိုင်းမှာ စစ်သားမရှိဘူး။ အိမ်တိုင်းမှာ ကျောင်းသားရှိတယ်။ အိမ်တိုင်းမှာ စစ်သားမရှိဘူး။ အိမ်တိုင်းမှာ လူငယ်ရှိတယ်။ အိမ်တိုင်းမှာ စစ်သားမရှိဘူး။ အိမ်တိုင်းမှာ သပိတ်မှောက်တဲ့လူတွေရှိတယ်။ တိုက်ရဲသူအတွက် အောင်ပွဲရှိတယ်။ အောင်ပွဲဟာ ငါတို့နဲ့ထိုက်တန်နေပြီးသားပဲ။ ဒီနွေဦးတော်လှန်ရေးပြီးရင် (တပ်မတော်နေ့)ဆိုတာမရှိတော့ဘူး (နွေဦးတော်လှန်ရေးနေ့) ဆိုတာပဲ ရှိတော့မယ်။ ''ပြည့်သူအာဏာကို ပြန်လည်အရယူကြ''


မင်းကိုနိုင်ကတော့က - နွေဦးတော်လှန်ရေးကို သည်လိုအားပေးစကား ဆိုပါတယ်။
အောင်မြင် ချင်စိတ်ရှိရင်
အောင်ကို အောင်မြင်ရမယ်
ပြည်တွင်းက ရေချိန် မြင့်နေသမျှ၊ နိုင်ငံတကာကလည်း အားကောင်းနေမှာပဲ
ကွေ့၊ရှောင်၊ပြန်၊စု ဆိုတာ အခုအချိန် အထိ ခေတ်မှီနေတုန်းပါပဲ
CDM ကိုတော့ လုံးဝ မျက်ခြေပြတ်လို့ မရဘူး
တချိန်က သူတို့တွေ ပြည်သူတွေအပေါ် နည်းမျိုးစုံ နဲ့ ပြစ်ဒါဏ်တွေ ပေးခဲ့တယ်၊ အခု ပြည်သူတွေက လူမှူပြစ်ဒါဏ်တွေ (Social Punishment ) တွေ ပြန်ပေးရမယ်၊
လမ်းပေါ်က အင်အားရယ်၊ CDM ရယ်၊ CRPH ရယ် အားကောင်းနေသ၍ အောင်ကိုအောင်မြင်ရမယ်။


#MoeMaKaMedia #WhatsHappeningInMyanmar