Breaking News

ကိုအောင်မှိုင်း - နိုင်ငံသစ်မွေးဖွားခြင်း



ကိုအောင်မှိုင်း - နိုင်ငံသစ်မွေးဖွားခြင်း
(မိုးမခ) မတ် ၇၊ ၂၀၂၁

ဒါ အရေးတော်ပုံဘဲ
ကြီးမြတ်တဲ့အရေးတော်ပုံဘဲ။
စွန့်လွှတ်လိုက်ရရင်လဲ
ကြီးမြတ်တဲ့စွန့်လွှတ်မှုဘဲ။

အကြောက်တရားတွေမောင်းထုတ်
ညီညွတ်ရေးတေးကိုသီကျူးရင်း
အဆုံးစွန်ထိတိုက်ပွဲဝင်ကြစို့။

သွေးခင်းလမ်းမှာ အသက်တွေရင်း
ရဲတင်းလှတဲ့ မျိူးဆက်သစ်တွေ
နှစ်လုံးသားတွေကို  သံမဏိဝင်ရိုးအဖြစ်
ထုဆစ်လို့ခေတ်ကို  မှတ်ကျောက်တင်ခဲ့ကြတယ်။
မမြသွဲ့သွဲ့ခိုင်လို     သူရဲကောင်းတွေခေတ်
မကြယ်စင်လင်းလို   သူရဲကောင်းတွေခေတ်
မောင်စည်သူစိုးလို     သူရဲကောင်းတွေခေတ်
ကိုညီညီအောင်ထက်နိုင်လို သူရဲကောင်းတွေခေတ်
ကိုကေဇဝင်းလို        နိုင်ငံကျော်ကဗျာဆရာ
တပ်ဦးအလံကိုင်        သူရဲကောင်းတွေခေတ်
ကျဆုံးသွားခဲ့ကြတဲ့    အာဇာနည်တွေနဲ့အတူ
သူရဲကောင်းများစွာဟာ  အာဇာနည်တွေဖြစ်ဘို့
သူရဲကောင်းရာဇဝင်မှာ  တန်းစီလို့နေကြတယ်။

သူရဲဘောကြောင်တဲ့  ဖက်ဆစ်တစုကို
လက်နက်မဲ့ခုခံ   လူထုတော်လှန်ရေး
ခေတ်တေးကိုသီ  ခေတ်မြင်နဲ့ချီကြ
အနီတို့ဟာ  သစ္စာတရားဖြစ်တယ်
ပြည်သူတွေဟာ  သစ္စာတရားဖြစ်တယ်
တနိုင်ငံလုံးဟာ  ရှင်သန်ထမြောက်လာကြတယ်။

သစ္စာတရားအတွက်   ညီညွတ်ကြမယ်
သစ္စာတရားအတွက်   စုစည်းကြမယ်
သစ္စာတရားအတွက်  စည်းလုံးကြမယ်
သစ္စာတရားအတွက်   တိုက်ပွဲဝင်ကြမယ်
တိုက်ပွဲတခုလုံးတွက်  သူသေကိုယ်ရှင်
တိုက်ပွဲစဉ်ဖြစ်စေမယ့်   ငါတို့သံဓိဌာန်ဘဲ။

နက်ဖန်မှာ စုစည်းမယ်
နက်ဖန်မှာ စည်းလုံးမယ်
နက်ဖန်မှာ တိုက်ပွဲဝင်မယ်
နက်ဖန်ဟာ နေ့သစ်ဖြစ်တယ်
နက်ဖန်မှာ ငါတို့နိုင်ငံသစ်ကိုမွေးဖွါးကြမယ်။

ကိုအောင်မှိုင်း
မတ်လ ၆ ရက် ၂၀၂၁ခုနှစ်။

#MoeMaKaMedia #WhatsHappeningInMyanmar